Photo

နေပြည်တော်၏ နိုင်ငံရေး အပြောင်းအလဲ ကာလနောက်ပိုင်း တရုတ်-မြန်မာ ဆက်ဆံရေး (၂)

By The Voice Weekly 11 December, 2017 - 00:04

ပြန်လည်သုံးသပ် ပြောဆိုမှုများတွင် ကွဲပြားခြားနားမှု တချို့ ရှိကြသော်လည်း တရုတ်အသိပညာရှင်များနှင့် အစိုးရအရာရှိများ အကြားတွင်မူ နေပြည်တော်၏ နိုင်ငံရေးအကူးအပြောင်းသည်

တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် ကြီးမားသော သက်ရောက်မှု ရှိခဲ့သည်ဆိုသည့် တူညီသော ယေဘုယျအမြင်တစ်ခု ရှိပါသည်။ အထူးသဖြင့် ၂၀၁၁ ခုနှစ်နောက်ပိုင်း နှစ်ဝက်အတွင်း နေပြည်တော်ရှိ ဖြစ်ပေါ်တိုးတက်မှုများက၊ ပီကင်းရှိ ပေါ်လစီမိတ်ကာများကို သတိပေးနှိုးဆော်လိုက်သည်။ ၂၀၁၁ ခုနှစ် ဩဂုတ်လတွင် အမေရိကန်-မြန်မာဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာပြီးနောက် တိုက်တိုက်ဆိုင်ဆိုင်ပင် နောက်တစ်လအကြာ စက်တင်ဘာလတွင် မြန်မာအစိုးရက မြစ်ဆုံဆည် ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ရေးစီမံကိန်းကို ရပ်ဆိုင်းပစ်ခဲ့သည်။ အကျိုးဆက်အားဖြင့် ပီကင်း၏ နေပြည်တော်အပေါ် အရင်းနှီးဆုံး မိတ်ဖက်များထဲမှ တစ်ဦးအဖြစ် အစဉ်အဆက် ရှုမြင်ထားချက်မှာ မှုန်ဝါးသွားခဲ့ရကာ တရုတ်ပြည်၏ မြန်မာဆိုင်ရာ ပေါ်လစီ အခြေခံအုတ်မြစ်ကို ကိုင်လှုပ်ပစ်လိုက်လေသည်။ မဟာဗျူဟာ ရှုထောင့်ကကြည့်လျှင် မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုနှင့် ပတ်သက်၍ တရုတ် ပေါ်လစီမိတ်ကာများအကြား မြန်မာဆိုင်ရာ မဟာဗျူဟာအခန်းကဏ္ဍကို မြှင့်တင်တိုးချဲ့ရန်ဆိုသည့်အမြင် ပေါ်ပေါက်လာပြီး၊ ၂၀၁၁ ခုနှစ်မှစ၍ ရှုပ်ရှုပ်ထွေးထွေး ဖြစ်လာခဲ့သည်။ တရုတ်ပြည်၏ တရားဝင် ထုတ်ဖော်ပြောဆိုချက်များတွင် နေပြည်တော်၏ နိုင်ငံရေးအပြောင်းအလဲသည် နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေးကို ကြီးမားစွာ အပြောင်းအလဲဖြစ်စေမည်မဟုတ်ဟု ပြောဆိုနေကြစဉ်မှာပင် တချို့သော ပေါ်လစီမိတ်ကာများအကြား တရုတ်-မြန်မာ ညီရင်းအစ်ကိုပမာ ချစ်ကြည်ရေးမှာ သမိုင်းအချိုးအကွေ့တစ်ခုသို့ ရောက်ရှိခဲ့ပြီဆိုသည့် တူညီသောအမြင် ရှိကြလေသည်။ အထူးသဖြင့် နေပြည်တော်က ဆက်လက်လျှောက်လှမ်းနေသော နိုင်ငံရေးပြုပြင်ပြောင်းလဲရေးက တရုတ်-မြန်မာဆက်ဆံရေးအပေါ် သက်ရောက်နိုင်ပုံအချို့ကို အောက်ပါအတိုင်း သုံးသပ်နိုင်သည်။

ပထမဦးစွာအားဖြင့် ၁၉၈၈ ခုနှစ်ကတည်းက တရုတ်ပြည်အပေါ် မကျေမနပ် ဖြစ်လာနေသော လူထု၏ခံစားချက်များမှာ တစ်စုံတစ်ရာ ယုတ်လျော့သွားသည့် လက္ခဏာမရှိဘဲ ပိုမိုပြင်းထန်လာသည်။ ၂၀၁၁ ခုနှစ် နောက်ပိုင်းကာလ မြန်မာ့မီဒီယာလောကအပေါ် ကန့်သတ်ထားမှုများ ရုပ်သိမ်းလိုက်ပြီးနောက်ပိုင်း၊ ပုဂ္ဂလိကပိုင် သတင်းမီဒီယာများက တရုတ်ဆန့်ကျင်ရေး သဘောထားများကို မျက်နှာစာတင်လာကြသည်။ ၎င်းတို့အထဲမှ အချို့သော စွပ်စွဲချက်များမှာ အခြေအမြစ်မရှိကြချေ။ အဓိကအားဖြင့်၊ ၁၉၈၈ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ စစ်အစိုးရကို အားပေးထောက်ပံ့ခဲ့သူအဖြစ် တရုတ်က ပေါင်းဖက်ခဲ့မှုအတွက် ယခင် စစ်အာဏာရှင်စနစ်ကို မုန်းတီးခဲ့မှုများက ယခုအခါ ပီကင်းအပေါ်သို့ ဦးတည်လာခဲ့ခြင်းဖြစ်ကြောင်းမှာ သိသာရှင်းလင်းပါသည်။ ထို့အတူ မြန်မာ့သယံဇာတ ထုတ်ယူရေးလုပ်ငန်းများတွင် တရုတ်အစိုးရပိုင် ကုမ္ပဏီကြီးများ၊ ထင်ထင်ရှားရှား ပါဝင်ပတ်သက်နေမှုက မြန်မာ့သယံဇာတများကို တရုတ်က အမြတ်ထုတ်နေသည်ဟု ပြည်သူလူထုက ထင်မြင်ယူဆခံလာရသည်။ ထို့ပြင် ပမာဏကြီးမားသော စီမံကိန်းများတွင် တရုတ်အလုပ်သမားများကို ခန့်ထားတာဝန်ပေးခြင်းက ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးစေသည်ဟု ရှုမြင်ခံရကာ တင်းမာမှုများ ပိုတိုးလာသည်။ တရုတ်ကုမ္ပဏီများသည် ဒေသဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းများကို လိုက်နာမှုအားနည်းကြသည့်ပြင်၊ တရုတ်ခရီးသွားများကလည်း ဒေသခံတို့၏ ဘာသာရေးနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများကို ရိုသေလေးစားမှု အားနည်းကြသည့်အတွက်လည်း အငြင်းပွား အချင်းများမှုများ ဖြစ်ပေါ်လာသည်။ အထက်ဖော်ပြပါ သုံးသပ်ချက်များအရ လူထု၏ တရုတ်ဆန့်ကျင်ရေး သဘောထားများမှာ အချိန်တိုအတွင်း ပျောက်ကွယ်သွားရန် မဖြစ်နိုင်သေးပေ။

ဒုတိယအချက်အားဖြင့် မြန်မာ့နိုင်ငံရေး အကူးအပြောင်းကာလနောက်ပိုင်း မြန်မာနိုင်ငံတွင်းရှိ တရုတ်၏ အနေအထား ဆုတ်ယုတ်လာနေစဉ်၊ မြန်မာအစိုးရနှင့် မြန်မာ့လူ့အဖွဲ့အစည်းသည် အနောက်တိုင်းသို့ သိသိသာသာ တိမ်းညွတ်သွားခြင်းဖြစ်သည်။ ဥရောပနိုင်ငံများတွင် ပညာသင်ကြားပြီး ပြန်လာကြသော ပညာတတ်များက မြန်မာ့ခေါင်းဆောင်များအတွက် အကြံပေးများအဖြစ် တာဝန်ထမ်းဆောင်ကြသည့်နောက်၊ အနောက်တိုင်း၏ နိုင်ငံရေးစနစ်များ၊ ဒီမိုကရက်တစ်တန်ဖိုးများနှင့် မီဒီယာများသည် မြန်မာ့လူ့အဖွဲ့အစည်းအပေါ် ဩဇာလွှမ်းမိုးလာသည်။ ဇာတ်ပေါင်းချုပ်သော် (ပီကင်း၏ အမြင်အရ) တရုတ်ပြည်နှင့် အပြန်အလှန် ကောင်းမွန်သောဆက်ဆံရေးကို ဦးစားပေးထိန်းသိမ်းရန်ဆိုသည့် မြန်မာအစိုးရ၏ တရားဝင်ထုတ်ဖော်ပြောကြားချက်သည် ရေတွင်စုံးစုံး မြုပ်သွားပြီဖြစ်သည်။ ဥပမာ ပုံမှန်အားဖြင့် တရုတ်ရင်းနှီးမြှပ်နှံမှုများနှင့် ပတ်သက်၍ နေပြည် တော်၏ တရားဝင် အလေးအနက်ထားဖော်ပြခဲ့ချက်များသည် ယခင်ကလိုမဟုတ်ဘဲ အေးတိအေးစက် ဖြစ်လာသည်။ တရုတ်စီးပွားရေး စီမံကိန်းများကို မြန်မာနိုင်ငံ၏ အရေးကြီးအစိတ်အပိုင်းအဖြစ် ယခင်က ဖော်ပြခဲ့ကြသော်လည်း ယခုအခါတွင်မူ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ကုမ္ပဏီများကိုသာ ကြိုဆိုကြောင်း ဖော်ပြကြတော့သည်။

တတိယအချက်အားဖြင့် ပြင်ပကမ္ဘာသို့ တံခါးဖွင့်လိုက်သည့် မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများသည် ယေဘုယျအားဖြင့် နိုင်ငံရေးလှိုင်းဂယက် ရိုက်ခတ်မှုကို ခံရလေသည်။ တချို့သော တရုတ်ဦးဆောင်ကုမ္ပဏီများသည် ပီကင်းနှင့် နေပြည်တော်အကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ဆောင်ရွက်ချက်များ ထိုင်းမှိုင်းလာမှုကြောင့် ကြီးကြီးမားမား ဆုံးရှုံးနစ်နာကြရသည်။ ဥပမာအားဖြင့် ရပ်ဆိုင်းထားခြင်းခံရသော မြစ်ဆုံ လျှပ်စစ်စက်ရုံ စီမံကိန်းဆိုကြပါစို့။ ထိုစီမံကိန်းနှင့် ပတ်သက်၍ ယခင်စစ်အစိုးရခေတ်က ချုပ်ဆိုခဲ့သောစာချုပ်ကို ပြန်လည်သုံးသပ်ညှိနှိုင်းရန် မြန်မာအရပ်ဘက် အဖွဲ့အစည်းအသီးသီးတို့က တောင်းဆိုသံများ ဆူညံလာခဲ့သည်။ တကောင်းတောင် နီကယ်သတ္တုတွင်းကဲ့သို့သော စီမံကိန်းများ၊ တရုတ်-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်းကဲ့သို့သော စီမံကိန်းများမှာ လုပ်ငန်းစတင် လည်ပတ်နေပြီဖြစ်သော်လည်း ဒုက္ခတွေ့လာနိုင်ပေသေးသည်။ မြန်မာနိုင်ငံရှိ  တရုတ်စီးပွားရေးလုပ်ငန်းများအတွက် စိုးရိမ်ထိတ်လန့်ဖွယ်ကောင်းသည့်  ယခုလိုချိန်ခါသည် မကြာမီကာလအတွင်း အဆုံးသတ်သွားလိမ့်မည် မဟုတ်သည်ကား သေချာသည်။ တရုတ်ပြည်အနေနှင့် မြန်မာပြည်၏ အကြီးဆုံး နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံသူ ဖြစ်နေသေးလင့်ကစား၊  ၂၀၁၁ ခုနှစ်မှစ၍ ကြီးမားသော စီမံကိန်းသစ်များ ထပ်မံရင်းနှီးမြှုပ်နှံမှုမရှိတော့သလို အခြားသော တရုတ်အရင်းအနှီးဖြင့် ဆောင်ရွက်သည့် ဖွံ့ဖြိုးရေးအစီအစဉ်များလည်း အလားတူ တုံ့ဆိုင်းသွားကြလေသည်။

စတုတ္ထအချက်အားဖြင့် မြန်မာနှင့်ဆက်ဆံလိုသည့် နိုင်ငံခြား တိုင်းပြည်၊ များပြားလာသည့်အလျောက် ပီကင်းအနေနှင့် နေပြည်တော်အပေါ် ဩဇာလွှမ်းမိုးရန် မဟာဗျူဟာပြိုင်ဆိုင်မှုတစ်ရပ်ကို ရင်ဆိုင်နေရပြီဖြစ်သည်။ အတိတ်ကာလများကကဲ့သို့ တရုတ်ပြည်အနေနှင့် မြန်မာစစ်အုပ်စုကိုသာ ဆက်သွယ်ဆက်ဆံခဲ့ရခြင်းမျိုး မဟုတ်တော့ဘဲ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် အခြားသော အတိုက်အခံပါတီငယ်ကလေးများနှင့်ပါ ယခုအခါ ဆက်ဆံရလေသည်။ တခြားတစ်ဖက်တွင် အစိုးရမဟုတ်သော (NGO)များ၊ ပုဂ္ဂလိကပိုင်မီဒီယာများ၊ ဖက်ဒရေးရှင်းများ၊ ကုန်သွယ်ရေးသမဂ္ဂများ၊ အခြားသော လူမှုအဖွဲ့အစည်းများနှင့် တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းများ စသည်တို့မှာ မြန်မာ့နိုင်ငံရေးလောကတွင် ပြောရေးဆိုခွင့်ရှိသည့် အသံများဖြစ်လာသည်။ ယခင်က ဝိုင်းကြဉ်ထားခဲ့ကြသည့် နိုင်ငံတစ်ခုအပေါ် ဆက်ဆံရေးသစ်များ စတင်ရန် အလုအယက်ဖြစ်နေကြသည့် အမေရိကန်ပြည်ထောင်စု၊ ဥပရောပသမဂ္ဂနှင့် ဂျပန်တို့ကဲ့သို့နိုင်ငံများနှင့် ယှဉ်ရမည့်ပြိုင်ပွဲကို တရုတ်က ရင်ဆိုင်နေရသည်။ တရုတ်က မြန်မာပြည်၏ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်နေသေးသော်လည်း၊ မြန်မာပြည်တွင်း ပီကင်း၏ ပင်လယ်ရပ်ခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုစကေးမှာ ၂၀၁၂ ခုနှစ်ကစ၍ သေးကျုံ့သွားခဲ့လေသည်။ ပြောင်းပြန်အားဖြင့် ဂျပန်အပါအဝင် အနောက်တိုင်း၏ စီးပွားရေးအကူ အညီပေးမှုသည် ကြီးထွားလာသည်။ အနောက်တိုင်းနိုင်ငံများ၊ အဖွဲ့အစည်းမျိုးစုံပါဝင်သည့် အင်စတီကျူးရှင်းများ၊ အပြည်ပြည်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများက မြန်မာကိုထောက်ပံ့ကူညီရန် စတင်ဆောင်ရွက်နေပြီဖြစ်သည်။ ဥပမာအားဖြင့် ကမ္ဘာ့ဘဏ် အကူအညီဖြင့် နေပြည်တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂ ဘီလီယံ ဒေါ်လာ ကူညီထောက်ပံ့ရေး ကတိကဝတ်ပေးခြင်းမျိုး ဖြစ်သည်။

ပဉ္စမအချက်အားဖြင့် ပီကင်းနှင့်နေပြည်တော်အကြား အပြန်အလှန် ပုံမှန်ဆက်သွယ်ရေး လမ်းကြောင်းသည် မရေမရာ ဖြစ်လာသည်။ ၂၀၁၅  အထွေထွေရွေးကောက်ပွဲသို့ ဦးတည်နေသည့်အချိန်ကာလတွင် တရုတ်-မြန်မာ ဆက်ဆံရေးသည် ပိုမိုခက်ခဲသည့် စိန်ခေါ်မှုများ ကြုံတွေ့လာနိုင်သည်ဟု မျှော်လင့်ရပေသည်။ သဘောထားပျော့ပျောင်းမှုနည်းပါးသည့်  နိုင်ငံရေးသမားများအချို့သည်  မြန်မာနိုင်ငံရေးနှင့် စီးပွားရေးနယ်ပယ်တွင် အတိတ်နှင့် ပစ္စုပ္ပန်ကာလ တရုတ်ပြည် ပါဝင်ပတ်သက်ခဲ့သည့် အခန်းကဏ္ဍအပေါ် နိုင်ငံရေးအရ အမြတ်ထုတ်ကာ၊ သူတို့ပါတီများနှင့် သူတို့ကိုယ်တိုင် တရုတ်နှင့်ခပ်ကင်းကင်းနေထိုင်ပြီး၊ အမျိုးသားရေးဖဲချပ်ကို ထုတ်သုံးကြလိမ့်မည်ဟု မှန်းဆရပေသည်။  ထောက်ခံမဲများရရှိရေးအတွက် မဲဆွယ်စည်းရုံးရေးကာလအတွင်း တရုတ်ကို ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်မှုများကိုပင် ခံရနိုင်သည်ဟု ပီကင်းအနေနှင့် မှန်းဆထားနိုင်ပေသည်။  ထို့ပြင် မြန်မာအတိုက်အခံနှင့် အရပ်ဘက်အဖွဲ့အစည်းသည် သူတို့နိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် အာဏာခွဲဝေမှုဖြစ်စဉ်နှင့် ပတ်သက်၍  ဦးသန်းစိန်အစိုးရနှင့် ယေဘုယျအားဖြင့် တူညီသည့် နားလည်ချက်ရှိပုံပေါ်သည်။ သမ္မတ၊ ဒုတိယသမ္မတလောင်းများအတွက် အရည်အချင်းသတ်မှတ်ချက်နှင့်သက်ဆိုင်သည့် အခြေခံဥပဒေပုဒ်မ ၅၉ နှင့်ပတ်သက်၍လည်းကောင်း၊ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်သည့် ပုဒ်မ ၄၃၆ နှင့် ပတ်သက်၍လည်းကောင်း၊ အာဏာရပါတီနှင့် အတိုက်အခံပါတီများအကြား အပြင်းအထန်ငြင်းခုံနေကြသော်လည်း ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော NLD သည် မြန်မာပြည်၏ နောက်အစိုးရသစ်ဖြစ်လာမည့် အခွင့်အရေးတစ်ရပ်ရှိနေသည်။ အတိုက်အခံ NLD ပါတီအနေနှင့် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)နှင့် အာဏာခွဲဝေယူရန် ဖြစ်နိုင်ခြေရှိသော်လည်း အာဏာရလာမည့် NLD က တရုတ်နှင့်ပတ်သက်၍ မည်သို့သော ပေါ်လစီများ ချမှတ်လိမ့်မည်ကိုကား မှန်းဆရုံသာ တတ်နိုင်ကြပါသေးသည်။

မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းထားလိုက်ခြင်း၏ နောက်ကွယ်က အကြောင်းရင်း အများအပြားနှင့် ၎င်း၏သက်ရောက်မှုသည် ၁၉၈၈ ခုနှစ်ကတည်းက ကောင်းမွန်ခဲ့သော တရုတ်-မြန်မာဆက်ဆံရေးတွင် အချိုးအကွေ့ တစ်ခုဖြစ်ပေါ်စေရန် လုံလောက်သော သက်ရောက်မှု ဖြစ်လာပါသည်။ မည်သို့ဆိုစေကာမူ နေပြည်တော်၏ တရုတ်အပေါ်ထားရှိသော ပေါ်လစီသည် တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာသည့် အရည်အချင်းပြောင်းလဲမှု ဖြစ်စဉ်တစ်ရပ်ဟု မဆိုနိုင်ပေ။

အခြေခံအားဖြင့် အရပ်သား အသွင်ပြောင်း မြန်မာအစိုးရနှင့် အနောက်တိုင်း (အထူးသဖြင့် ဝါရှင်တန်) တို့အကြား ဆက်ဆံရေး နွေးထွေးလာခြင်းကို လေ့လာသုံးသပ်ပါက ပီကင်း၏ ကြားဝင်စေ့စပ်ပေးမှု  လိုအပ်သည်ကို တွေ့မြင်နိုင်သည်။ အနောက်တိုင်းနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်စေရန် ဦးသိန်းစိန်အစိုးရက တွန်းတွန်းတိုက်တိုက်လှုပ်ဆောင်ရန် ထိုးဆွခဲ့သည့်အရာမှာ သူ၏ ပြုပြင်ပြောင်းလဲရေး တရားဝင်ဖြစ်မှုနှင့်ပတ်သက်၍ နိုင်ငံတကာအသိအမှတ်ပြုမှု ခံရစေလိုသည့် ဆန္ဒဖြစ်သည်။ သို့ဖြစ်သော်လည်း အမေရိကန်နှင့် တရုတ်အကြား တစ်ခုခု ရွေးချယ်ရမည့်ကိစ္စကို ဆန့်ကျင်လျက် ပီကင်းနှင့် ဝါရှင်တန် တစ်ခုခု၏ နယ်ရုပ်အဖြစ် ရှုမြင်ခံရမည်ကို နေပြည်တော်က မလိုလားဟုဆိုလျှင် ပိုမိုယုတ္တိတန်ပေလိမ့်မည်။

မြန်မာ၏ ဟန်ချက်ထိန်းလုပ်ဆောင်မှုသည် ၁၉၈၈ ခုနှစ်ကတည်းက အနောက်တိုင်းနှင့် ဆက်ဆံရေးဆိုးဝါးလာချိန်မှ လက်ရှိအချိန်တိုင်အောင် တည်ဆဲဖြစ်နေသည့် တရုတ်ဩဇာလွှမ်းမိုးမှုကို ပိုမိုကောင်းမွန်စေရန် ရည်ရွယ်သည့် မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းကြားက ထွက်လာသော ဘုံသဘောထားရလဒ် ဖြစ်ပုံရပေသည်။ အမေရိကန်၏ ကတိကဝတ်အပေါ် မေးခွန်း - အနာဂတ်ကာလ ပီကင်းနှင့် ထိပ်တိုက်ရင်ဆိုင်မှုများတွင် နေပြည်တော်အနေနှင့် အမြဲပါဝင်ပတ်သက်နေသင့်သလား - ဆိုသည့် အမေးပုစ္ဆာရှိနေစဉ်မှာပင်၊ (တရုတ်နှင့်ဆက်ဆံရေး အဆင်မပြေလည်းကိစ္စမရှိ၊ အမေရိကန်က အမြဲတမ်းကူညီနေမည်လားဆိုသည့် မေးခွန်း - ဘာသာပြန်သူ)  မြန်မာနှင့် တရုတ်တို့အကြား ရေရှည်တင်းမာမှုများက နိုင်ငံ၏ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးဖြစ်စဉ်ကို နှောင့်နှေးစေနိုင်ရုံမျှသာဖြစ်ကြောင်း မြန်မာအရာရှိများနှင့် အထက်လွှာက သိမြင်လာကြသည်။ မြန်မာအရာရှိများ ပီကင်းသို့ ပုံမှန်သွားရောက်လည်ပတ်ခြင်းနှင့် အပြန်အလှန်ဆက်ဆံရေးအပေါ် အတိုက်အခံပါတီ၏ ရပ်တည်ချက် - မြန်မာအနေနှင့် တရုတ်နှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားနိုင်သည်ဆိုသော မျှော်လင့်ချက် - စသည်တို့အပေါ်မှ ကောက်ချက်ချ သုံးသပ်နိုင်ပါသည်။ အမှန်စင်စစ်အားဖြင့် အိမ်နီးချင်းနှစ်နိုင်ငံအကြား ဆက်ဆံရေးလမ်းကြောင်းများနှင့် ရင်းနှီးသော သံတမန်ဆက်ဆံရေးမှာ တခြားသော နိုင်ငံများအကြားရှိ ဆက်ဆံရေးနှင့်နှိုင်းစာလျှင် ကောင်းမွန်ခိုင်မာလျက်ပင် ရှိပါသေးသည်။ နေပြည်တော်အနေနှင့် ဝါရှင်တန်နှင့် ဆက်ဆံရေးတိုးတက်ရန် ကြိုးပမ်းနေစဉ်တွင် ပီကင်းနှင့်ဆက်ဆံရေးကို ထိခိုက်ပျက်စီးမှုမဖြစ်စေရန် သတိထားလျှောက်လှမ်းပေလိမ့်မည်။

ဆက်လက်ဖော်ပြပါမည်

ရဲထွန်း (သီပေါ)

နေပြည်တော်၏ နိုင်ငံရေး အပြောင်းအလဲ ကာလနောက်ပိုင်း တရုတ်-မြန်မာ ဆက်ဆံရေး အပိုင်း (၁) အားဖတ်ရန်

 

http://thevoicemyanmar.com

Your rating: None Average: 5 (1 vote)