Photo

အသက်ကို အသက်ထက် ပို၍ချစ်သည်

By 7Day News 29 September, 2015 - 14:44

ဒီနေ့ရဲ့ ရုပ်ရှင် အညွှန်းကဏ္ဍ မှာတော့ အချစ်ကားလေး တစ်ကား အကြောင်းကို ညွှန်းပေးလိုက်ပါတယ်။


သီပေါမြို့က သုခရိပ်မြုံ မိသားစုနဲ့  တော်ဝင်နန်းထိုက် မိသားစုရဲ့ကြားမှာ အငြိုး အာဃာတတွေ ရှိနေပါတယ်။ တကယ်တော့ အဲဒီမိသားစု နှစ်ခုစလုံးဟာ တစ်ချိန်က သုခရိပ်မြုံဆိုတဲ့ အမည်အောက်မှာ စုစုစည်းစည်း နေတဲ့ မိသားစုတွေပါ။ မိသားစုလို နေခဲ့တဲ့သူတွေက အခုအချိန်မှာတော့ အာဃာတတွေနဲ့ မိသားစု တစ်စုနဲ့ တစ်စု ပြိုင်ဆိုင်နေကြ ပါတယ်။

မိုးမြင့်ဖြူက သုခရိပ်မြုံရဲ့ တစ်ဦးတည်းသော မျိုးဆက်ပါ။ သူက ကျောင်းတက်ဖို့ အတွက် သူ့ဦးလေး တင်မောင်လေးနဲ့ အတူတူ နေပါတယ်။ မိုးမြင့်ဖြူ ကျောင်းတက်ရင်း ကောင်မလေးတစ် ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ ကောင်မလေးရဲ့ နာမည်က မေ သက်မောင်ပါ။ မိုးမြင့်ဖြူက မေသက်မောင်ကို တွေ့တွေ့ချင်းစွဲ လမ်းသွားခဲ့တာပါ။ အဲဒီလိုနဲ့ ရင်းနှီးသွားရာက တစ်ဆင့် မိုးမြင့်ဖြူနဲ့ မေသက်မောင်တို့ ချစ်သူတွေ ဖြစ်သွားခဲ့ကြပါတယ်။

တကယ်တော့ မေသက်မောင်က သုခရိပ်မြုံရဲ့ ပြိုင်ဘက် တော်ဝင်နန်းထိုက်ရဲ့ မျိုးဆက် တစ်ယောက်ပါ။ မေသက်မောင် တို့က မောင်နှမ နှစ်ယောက် ရှိပါ တယ်။ တစ်ရက်မှာတော့ မေသက်မောင်ကို အိမ်လိုက်ပို့ရင်း မေသက်မောင်ရဲ့ အစ်ကို ဝေသက် မောင်က မိုးမြင့်ဖြူကိုတွေ့ကာ သုခရိပ်မြုံက လူဆိုတာ သိတာကြောင့် ထိုးကြိတ်ခဲ့ပြီး သူ့ညီမနဲ့ ဝေးဝေးနေဖို့ ပြောခဲ့ပါတယ်။ မိုးမြင့်ဖြူက တော်ဝင်နန်းထိုက်နဲ့ သုခရိပ်မြုံတို့ကြားမှာ ဘာကြောင့် အငြိုးတွေ ရှိနေတယ်ဆိုတာကို မသိခဲ့ပါဘူး။ အဲဒီအကြောင်း သူ့ဦးလေးကို ပြောပြတဲ့အချိန်မှာတော့ သူ့ဦးလေးက သူ့လို အသည်းကွဲနေတဲ့ အရက်သမားမဖြစ်အောင် မေသက်မောင်ကို မေ့လိုက်ဖို့ပြောခဲ့ပါတယ်။ နောက်ပြီး သူတို့မိသားစုနှစ်စုကြားက ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ တွေကိုလည်း ရှင်းပြခဲ့ပါတယ်။ ဒါပေမယ့် မိုးမြင့်ဖြူကတော့ နောက်မဆုတ်ခဲ့ပါဘူး။

တော်ဝင် နန်းထိုက် မိသားစု ကတော့ မိုးမြင့်ဖြူနဲ့ ခွဲဖို့အတွက် မေသက်မောင်ကို သီပေါကို ပြန်ခေါ်ခဲ့ပါတယ်။ မိုးမြင့်ဖြူက မေသက်မောင်နဲ့ မခွဲနိုင်တဲ့အတွက် သီပေါကို လိုက်လာခဲ့ပါတယ်။ ဒါပေမဲ့ သူက သုခရိပ်မြုံကို မပြန်ဘဲ တခြားနေရာမှာ နေပြီး မေသက်မောင်နဲ့ တွေ့ဖို့ကြိုးစားခဲ့ပါတယ်။ အဘိုး၊ အဘွားတွေ လက်ထက်ကတည်းက အမုန်းတွေကို မိုးမြင့်ဖြူနဲ့ မေသက်မောင်တို့ ချေဖျက်နိုင်မှာလား၊ သူတို့ဇာတ်လမ်း ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကိုတော့ ရန်ကုန်နဲ့ မန္တလေးက ရုပ်ရှင်ရုံတွေ မှာ ရုံတင်ပြသနေပြီ ဖြစ်တဲ့ ‘အသက်ကို အသက်ထက်ပို၍ ချစ်သည်’ ဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက် ရှုစားပေးပါ။

ဒီဇာတ်ကားမှာ မိုးမြင့်ဖြူ အဖြစ် အောင်ရဲလင်းနဲ့ မေသက်မောင်အဖြစ် ဖွေးဖွေးတို့က ပါဝင် သရုပ်ဆောင်ထားပြီး တခြား ဇာတ်ပို့ အင်အား ကောင်းကောင်းလည်း ပါဝင်ထားကြပါတယ်။ ဆွေဆွေအောင်ရဲ့ ၀တ္ထု ကို နေစိုးသော် ဇာတ်ညွှန်း ရေးပေးထားပြီး ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က ရိုက်ကူး ပုံဖော်ထားပါတယ်။

 

http://www.7daydaily.com

Your rating: None Average: 5 (1 vote)