Photo

ရုပ်ရှင်ဇာတ်ဝင် သီချင်းတို့၏ အနုပညာရသ မြစ်ဖျား

By 7 March, 2013 - 15:37

မြန်မာ့ ရုပ်ရှင်သမိုင်းနှင့်အတူ တစ်ခေတ်တစ်ခါကို ပြန်ပြောင်းပြော ဆိုသည့်အခါ ရုပ်ရှင်ဇာတ်ဝင် သီချင်းများ၏ အခန်းကဏ္ဍကလည်း အရေးပါလှပေသည်။  ရုပ်ရှင်ဇာတ်ကား တစ်ကားတွင် ဇာတ်ရုပ်ဇာတ်ကောင်များ၏ အမူအရာသွင်ပြင် လက္ခဏာ စရိုက်သဘာဝကို ပီပြင်စွာ ရုပ်လုံးကြွ ဖော်ညွှန်းစေဖို့ အနုပညာရပ် ပံ့ပိုးမှုတစ်ခုအဖြစ် တည်ရှိနေသည်က ရုပ်ရှင်ဇာတ်ဝင်ခန်း တေးသီချင်းပင် ဖြစ်၏။ ထို့အတူ ရုပ်ရှင်ဇာတ်ကားတစ်ကားတွင် ပါဝင်သရုပ်ဆောင်သည့် ဘယ်မင်းသားနှင့် ဘယ်အဆိုတော်၏ သီဆိုမှုဖြင့်သာ လိုက်ဖက်ညီစွာ အနုပညာအသက် စစ်သည်ဟုပင် ပြောစမှတ်ဖြစ် လောက်အောင် ဖြစ်ခဲ့တာတွေ့ရှိရ၏။ ထို့ကြောင့် ရုပ်ရှင်သမိုင်းနှင့် အတူ ခေတ်အဆက်ဆက်တွင် အနုပညာ မှတ်တိုင် စိုက်ထူခဲ့ကြသည့် ရုပ်ရှင်ဇာတ်ဝင်ခန်း တေးသီချင်းများကို သီဆိုခဲ့ကြသော ဂန္တဝင် မြန်မာသံ အဆိုတော်ကြီးများ၏ ဖြတ်သန်းမှုအတွေ့အကြုံများ၊ ရုပ်ရှင် ဇာတ်ဝင်ခန်း သီချင်းများအကြောင်း ကိုယ်ကိုယ်တိုင် တွေ့ကြုံ ထင်မြင်သုံးသပ်ချက်များကို စုစည်းဖော်ပြ လိုက်ပါသည်။

မင်းနောင်က ရုပ်ရှင်တေးဆိုတဲ့အခါ မင်းနောင်ဆိုတာ မဟုတ်တော့ဘူး…....ဦးမင်းနောင်

ရုပ်ရှင်တေးတွေ စဆိုခဲ့တာဟာ ဆရာရွှေပြည်အေး ရေးထားတဲ့ ကြောင်နက်ဆိုတဲ့ အသံတိတ်ကားမှာ သီချင်းနှစ်ပုဒ် ဆိုခဲ့ရတယ်။ အဲဒီကနေစလိုက်တာ အခုအချိန်ထိ အားလုံး ၃၀၀ နီးပါး ရှိခဲ့တယ်။ အဲဒီအချိန်တုန်းက ရေးတဲ့ပုဂ္ဂိုလ်တွေ ဆရာရွှေပြည်အေးတို့၊ ဗိုလ်ကလေး တင့်အောင်တို့ သူတို့တွေက ရုပ်ရှင်သီချင်းတွေ ရေးကြတာ။ ရုပ်ရှင်သီချင်းတွေကို ပထမဆုံးစဆိုခဲ့တာက ဘဘရယ်၊ မာမာအေးရယ်။ မာမာအေးကလည်း ငယ်ငယ်လေးကတည်းက ဆိုလာတာ။ ဘာ့ကြောင့် ဆိုခဲ့ရသလဲဆိုတော့ ပြောပြချင်တယ်။ သိချင်ကြမှာပဲလေ။ မင်းနောင်ကို ဘာကြောင့်သုံးလဲ၊ မင်းနောင်က ရုပ်ရှင်တေးဆိုတဲ့အခါ မင်းနောင်ဆိုတာ မဟုတ်တော့ဘူး။ အဲဒီအချိန်မှာ ဇော်လွင်ဆိုလို့ရှိရင် ဇော်လွင်ပါတဲ့ကား ဇော်လွင်ခိုင်းတာ ဆိုလို့ရှိရင် ဇော်လွင်ဟန်နဲ့၊ ဇော်လွင့်အသံနဲ့ ဇော်လွင် Nature ပေါ့။ ကျော်ဟိန်းဆို ကျော်ဟိန်း၊ ညွန့်ဝင်းဆို ညွန့်ဝင်းပေါ့။ သူတို့ဟန်တွေကို ဘဘက လိုက်ဖြည့်ပေးတာ။ အဲဒီလို ဖြည့်ပေးတဲ့အတွက် သူတို့ကြိုက်တယ်။ သူတို့ကားရိုက်လို့ သီချင်းပါလာလို့ရှိရင် ဦးမင်းနောင် ဆိုမှဖြစ်မယ်။

ကိုဇော်လွင်ကြီးက ဆိုရင် သီချင်းအဆိုပါလား၊ ပါလို့ရှိရင် ဦးမင်းနောင် အသံမဟုတ်ရင် ကျွန်တော် ပါးစပ်မလှုပ်ဘူးဆိုပြီး ဒီလို အမြဲတမ်း ပြောလေ့ရှိတယ်။ အမှတ်တရတွေကတော့ အများကြီးပဲ။ ရေးတဲ့သူတွေကလည်း လူတော်တွေချည်းပဲ။ တစ်ခုတော့ရှိတယ်။ ရုပ်ရှင်တွေမှာပါတဲ့ သီချင်းတွေက အပြင်မှာ နားထောင်လို့ ကောင်းတာရှိတယ်။ ဇာတ်လမ်းသရုပ်ကို ပေါ်လွင်အောင် ဆိုရတာရှိတယ်။ အဲဒီလိုဆိုရတဲ့ သီချင်းတွေပါတယ်လေ။ ဆိုရတဲ့အပိုင်းမှာလည်း ပဏာမဆိုရတာရှိတယ်။ မင်းသား၊ မင်းသမီး ကိုယ်စား ဆိုရတာရှိတယ်။ Background ပေါ့။ သူတို့လွမ်းနေ၊ ဆွေးနေတဲ့အခါမျိုးမှာ ဆိုရတာတွေ ရှိတယ်။ ဇာတ်လမ်းမပြီးခင် အကြိုဆိုရတာ ရှိတယ်။ နောက်ဆုံး ဇာတ်သိမ်းဆိုရတာ ရှိတယ်။ အခု ခေတ်ဇာတ်ကားတွေက ဘယ်လိုဖြစ်လာလဲဆိုတော့ ဘဘတို့ခေတ်တုန်း ကတော့ ရုပ်ရှင်ပဲ။ ဗီဒီယိုလည်း မပေါ်သေးဘူး။ ရုပ်ရှင်ပဲ ရိုက်ရတယ်။ လူတိုင်းကလည်း ရုပ်ရှင်ပဲ ရိုက်ရတယ်။ ရုပ်ရှင်တွေမှာ ဆိုရတဲ့အခါလည်း မင်းသား၊ မင်းသမီးတွေ ဆိုသလို ဆိုပေးရတာ။ ပရိသတ်က ကြည့်ပြီးတော့ ဟာ ဒီမင်းသားကတော့ အသံကောင်းတယ်၊ ဘာညာ ပြောတာကြားရတော့ စိတ်ထဲမှာလည်း ပီတိဖြစ်တယ်။ အခု နောက်ပိုင်းမှာပေါ့ ရုပ်ရှင်ထဲမှာ အောင်မြင်တဲ့ သီချင်းတွေကလည်း ပျောက်ပျောက်သွားတယ်။ ဗီဒီယိုတွေဆိုရင်လည်း ဆူလွယ် နက်လွယ် ဆိုသလို မြန်မြန်လည်းပြီးတယ်။ ရိုက်လိုက်လို့ရှိ ရင်လည်း ၇ ရက်လောက်နဲ့ တစ်ကားပြီးတယ်။ ရုပ်ရှင်ကျတော့ မရဘူး။ အများကြီးလည်း ကုန်ကျတယ်။ လူတွေလည်း အများကြီးစုရတယ်။

နောက်ပြီးတော့ များသောအားဖြင့်လည်း စတူဒီယိုသီချင်းကို ခေါင်းစဉ်ယူသုံးပြီးတော့ အဲဒီထဲကစတူဒီယို သီချင်းကို ကောက်ထည့် လိုက်တယ်။ အရင်တုန်းကဆိုရင် ဒီဇာတ်လမ်းအတွက် ဘယ်လို ကောင်းအောင်ဆိုရမယ်၊ စကားလုံးအသံတွေဆိုရင်လည်း ပီပီသသကြားရဖို့နဲ့ အဓိပ္ပာယ် ပေါ်အောင်လည်း ဆိုရတယ်။ ရုပ်ရှင်မှာ ဆိုရတဲ့ခံစားချက်နဲ့ ရေဒီယိုတို့ တခြားတွေမှာ ဆိုရတာတွေက ခံစားချက်က တစ်မျိုးစီပဲ။ ရေဒီယိုပရိသတ်တွေကျ တစ်မျိုး၊ ရုပ်ရှင်ကျတော့ ရုပ်ရှင်သီ ချင်းတွေကို ပီသအောင်၊ ကောင်းအောင်၊ ဇာတ်ကိုပို့ပေးရတာ ဇာတ်ပို့ အနေနဲ့ဆိုရတာ။ စတိတ်ရှိုးတွေမှာ ဆိုရတဲ့အခါကတော့ လာကြည့်တဲ့ ပရိသတ်ကြိုက်အောင်ဆို ပေးလိုက်ရတာ သက်သာတယ်။ ရုပ်ရှင်တွေမှာ ဆိုရတာပင်ပန်းတယ်။ တစ်ခါတလေကျတော့ သီချင်းတွေ ကျက်ပြီးသားကို ဒါချက်ချင်းဆို ဒါမျိုးတွေမရှိဘူး။ ဒီနေ့ အသံသွင်းရှိတယ်ဆိုပြီး သွားတယ်။ ဟိုရောက်တော့သီချင်းက မရေးရသေးဘူး။ သူတို့တွေက ကားကိုအရင် ကြည့်လိုက်သေးတယ်။ ကားကိုကြည့် ပြီးတော့ ဒါရိုက်တာက ဒီနေရာမှာ မင်သားနဲ့ မင်းသမီးနဲ့ ဒီလိုတွေ့တဲ့ အချိန်မှာ ဒီနေရာလေးကို ရေးပေးပါ။ အဲဒီတော့မှ အဲဒါကို အချိန်နဲ့ လိုက်မှတ်ပြီးတော့မှ ရေးတယ်။ ပြီးမှ ဆိုရတာ။ အချိန် ၃ မိနစ်ပဲဆိုရင် ၃ မိနစ်ထက်ပိုလို့ မရဘူး။ အတိအကျ ဆိုရတာ။ အဲဒီတုန်းက ချက်ချင်းဆိုရ တယ်။ အဆိုနဲ့တီးဝိုင်းလည်း တစ်ခါတည်း အချိန်သတ်မှတ်ပြီး ဆိုရတာ။ အခုအချိန်မှာက ပြောင်းလဲသွားပြီ Multi System ဆိုတာက လိုင်းတွေ အများကြီးပဲ။ ဒီနေ့ စန္ဒရားနဲ့ယူထား လိုက်ပြီးရင် သူတို့ဟာနဲ့သူတို့ ဆက်ပြီးတော့ တယောတွေထည့်၊ ဗုံတွေထည့် အဲဒီလိုတွေရှိကြတယ်။ စိတ်ထဲမှာတော့အားမရဘူး။

ဇာတ်လမ်းတွေနဲ့ လိုက်ဖက်တဲ့ အသစ်အသစ် ဖန်တီး တီထွင်တဲ့….... မြန်မာပြည်သိန်းတန်

ကျွန်တော်တို့ အရင်တုန်းကဆိုရင် ရုပ်ရှင်ဇာတ်ဝင်တေးတွေလည်း အများကြီး ဆိုခဲ့ဖူးတယ်။ ရုပ်ရှင်တစ်ကားမှာ ဇာတ်ဝင်တေးလေးတွေ အများကြီးပါတယ်။ ဥပမာ ကျွန်တော်တို့ခေတ်က ဒါရိုက်တာ ကိုတင်အေးက “ချစ်သောဇာဇာ”  ရိုက်တယ်။ ညွန့်ဝင်းနဲ့ ဆွေဇင်ထိုက်။ ရုပ်ရှင်ကားစတာနဲ့ အဲဒီကားအတွက် Main သီချင်း Theme Song  ကို ကျွန်တော်က ဆိုရတယ်။ အဲဒီသီချင်းလည်း တော်တော် အောင်မြင်ပါတယ်။ အဲဒီလိုပေါ့။ အခု ဒီဘက် ခေတ်မှာတော့ အဲဒီလိုသီးသန့်မျိုး သိပ်မရှိဘူးဆိုရင်တော့ သိပ်မကောင်းဘူး။ ဇာတ်ကားတွေ ရိုက်တယ်ဆိုတာ ဇာတ်လမ်းအသစ်တွေ ရိုက်ကြတာဆိုတော့ အသစ်အသစ် ဇာတ်လမ်းတွေနဲ့ လိုက်ဖက်တဲ့ အသစ်အသစ် ဖန်တီးတီထွင်တဲ့ သီချင်းလေးတွေ ရှိနေသင့်ပါတယ်။ အဲဒါဆိုရင်တော့ ဆက်ပြီး တိုးတက်ပွားများတာပေါ့။ ဆိုပြီးသား သီချင်းလေးတွေကို ထည့်သုံးတယ်ဆိုတာက လိုက်ဖက်လို့ ထည့်တာဖြစ်မှာပါ။ အသံလွှင့် ဇာတ်လမ်းလေးတွေ တီထွင်ကြတာလည်း ရှိတယ်။ အဲဒီတုန်းက ရွှေမြိုင်မှာပဲ နေတော့မယ်ဆိုတဲ့ ကျွန်တော့် သီချင်းလေးကို ထည့်သွင်းတာမျိုးလည်း ရှိတယ်။ လိုက်ဖက်လို့ ထည့်တာမျိုးပေါ့။ သို့ပေမယ့်လည်း ဇာတ်လမ်းဆိုတာ အသစ်တွေပဲ ရိုက်ကြတာဆိုတော့ ဇာတ်ဝင်တေးတွေလည်း အသစ်တွေ လုပ်တာ ကောင်းပါတယ်။

ရုပ်ရှင်သီချင်းတွေ ၈၀ ရာခိုင်နှုန်းလောက်ဟာ မာမာအေးသီချင်း တွေချည်းပါပဲ…....မာမာအေး

၁၉၈၀ ပြည့်လောက်ကတည်းက ရုပ်ရှင်သီချင်းတွေ ၈၀ ရာခိုင်နှုန်းလောက်ဟာ မာမာအေး သီချင်းတွေ ချည်းပါပဲ။ တော်တော်များများ ဆိုခဲ့ဖူးတယ်။ ရုပ်ရှင်တေးတွေမှာ သီဆိုရတဲ့အခါ အမှတ်တရတွေကတော့ အများကြီးပါပဲ။ ပြောလို့ကုန်မှာတောင် မဟုတ်ဘူး။ အခု ဒီဘက်ခေတ် နောက်ပိုင်းတွေမှာဆိုရင် ဘာတွေတွေ့ရလဲဆိုတော့ နောက်ပိုင်း အဆိုတော်တွေ ပေါ်လာပြီ။ ပေါ်လာတဲ့အပြင်ကို ငွေကြေးရှားပါးမှုကို အကြောင်းပြပြီးတော့ ဒီရုပ်ရှင်မှာ သုံးလာတာကို တွေ့ရတယ်။ အဲဒီလို သုံးတာတွေကတော့ ရုပ်ရှင်နဲ့ဆိုင် ဆိုင်မဆိုင်ဆိုင် သူတို့တွေက သီချင်း နာမည်ကြီးတာလေးနဲ့ နည်းနည်းပါးပါး ညှိသွားအောင်ပဲ လုပ်လို့ရမယ်။ တကယ်ရုပ်ရှင်နဲ့ ဆိုင်တာကို ရေးခိုင်းတာ မဟုတ်တဲ့အတွက်တော့ ဘယ်အံဝင်ခွင်ကျရှိမလဲ။

ဒါကို သူတို့တွေက နားလည်လိုက်သားနဲ့ လုပ်သလား၊ နားမလည်လို့ လုပ်လားတော့ မပြောတတ်ဘူး။ ထုတ်လုပ်တဲ့ စရိတ်နည်းအောင် လုပ်ရင်တော့ ဒါဇာတ်ကားတွေဟာ ကွာလတီ (အရည်အသွေး) ကျမှာပဲ။ ဒါက ရှင်းရှင်းလေးပဲလေ။ ဒီရုပ်ရှင်ဇာတ်ကားအတွက် သီးသန့် ရည်ရွယ်ပြီး ရေးတာမဟုတ်တဲ့ အတွက် လုံးဝ မတိုက်ဆိုင်နိုင်ဘူး။ နောက်ပြီးတော့ အလွမ်းသီချင်းဆိုရင် ဗမာမှာက နှဲလေးဖြစ်ဖြစ်၊ တယောဖြစ်ဖြစ်ချွဲမှ မျက်ရည်ကျချင်တာ။ ဒုန်းဒုန်းဒိုင်းဒိုင်းနဲ့ ဘယ်သူက မျက်ရည်ကျမှာလဲ။ ဒီလို ရုပ်ရှင်အတွက် သီးသန့်ဖန်တီး မရေးသားနိုင်ခဲ့တာ တော်တော်ကြာပြီ။ အရင်တုန်းကထိတော့ ဗီဒီယိုတွေမှာ ပထမပိုင်းတော့ လုပ်သေးတယ်။ ကြောင်ကမ္ဘာတို့မှာဆိုရင် အန်တီ အများဆုံး သွားသွားဆိုပေးရသေးတာ။ ကိုယ်လည်း နောက်ပိုင်းမဆိုတာ ၁၅ နှစ်လောက်ရှိပြီဆိုတော့ ဘယ်လိုတွေဖြစ်ကုန်လဲ မသိတော့ဘူး။

ဇာတ်ဝင်တေးသီချင်း သုံးတာကတော့ လိုချင်တဲ့ အကြောင်းအရာ ကွက်တိရတယ်..... တေးရေးစိုးလင်း

အခြားပေါက်သီချင်းတွေ သုံးတာကတော့ ဇာတ်ကားတစ်ကားအတွက် အနီးစပ်ဆုံးပဲ တူနိုင်တယ်လို့ပဲ ထင်တယ်။ ဇာတ်ဝင်သီးသန့် သီချင်းသုံးတာကတော့ လိုချင်တဲ့ အကြောင်းအရာ ကွက်တိရတယ်။ အခုထိ ဇာတ်ဝင်သီချင်းတွေ ရေးနေရတုန်းဆိုတော့ အခက်အခဲမရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့လိုချင်တဲ့ Target  လေးကိုပဲ ရေးပေးရတာပါ။ ရုပ်ရှင်မှာဆိုရင် ဒါရိုက်တာ ညီညီထွန်းလွင် ဒါရိုက်တာသိန်းဟန် (ဖီးနစ်) ရိုက်တဲ့ ဇာတ်ကားအားလုံးနီးပါး ဦးစိုးလင်းကို လာအပ်တယ်။ ဗီဒီယိုမှာဆိုရင်တော့ ဇာတ်ဝင်သီချင်း သီးသန့်ရေးတာမျိုး သိပ်မရှိတော့ဘူး။ အပ်တာ နည်းသွားတယ်။ ဒါက ဇာတ်လမ်းပေါ်မှာ မူတည်ပါတယ်။ music နဲ့ ပံ့ပိုးရမယ့် ဇာတ်လမ်းမျိုးဆိုရင်တော့ သီးသန့်သုံးသင့်တယ်လို့။

Your rating: None Average: 4 (1 vote)

Top Rated News

အာဆင်နယ် မြန်မာ ဝက်ဘ်ဆိုက်က ရလဒ်ခန့်မှန်းပြိုင်ပွဲ ကျင်းပမည် Arsenal Myammar.com ဘောလုံးဝက်ဘ်ဆိုက်မှ ကြီးမှူးကျင်းပသည့် အာဆင်နယ်ဘောလုံးအသင်း ဝါသနာရှင်များတွက် ၂၀၁၀-၂၀၁၁ ဘောလုံးရာသီ၏ ဘောလုံးခန့်မှန်း ပြိုင်ပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံအတွင်းရှိ အာဆင်နယ်ဘောလုံးအသင်း ဝါသနာရှင်များ တစ်စုတစ်စည်းတည်းဖြစ်စေရန် နှင့် အာဆင်နယ်ပရိတ်သတ်အချင်းချင်း ပိုမိုရင်းနှီးမှုရပြီး တက်ကြွစွာ အားပေးနိုင်ရန် ရည်ရွယ်ထားကြောင်း အာဆင်နယ်မြန်မာ ဘောလုံးအသင်း ဝက်ဘ်ဆိုက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။အဆိုပါ ပြိုင်ပွဲကို ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ကျင်းပမည့် အာဆင်နယ်နှင့် ချယ်ဆီးအသင်း ကန်မည့်ပွဲမှ စတင် ယှဉ်ပြိုင်နိုင်ပြီ
ဟဲလို ကစ်တီစပီကာ
PSP အတွက် 6.35 Pro A3 ထွက်ရှိ
အင်တာနက်ဂျာနယ် ကျပ်တစ်သန်းတန် ပဟေဠိ အစီအစဉ် ဆုချီးမြှင့်ပွဲ ကျင်းပ
ပရိသတ်ကို မျက်လှည့်ပြမယ့် ဝိုင်းစုခိုင်သိန်း