Photo

ဆေးတက္ကသိုလ်က အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ပုံဖော်ရိုက်ကူးမယ့် နေတိုး

By 7Day News 21 April, 2018 - 16:36

RV ရုပ်ရှင်ထုတ်လုပ်ရေး က စီစဉ်ပြီး ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင် ရိုက်ကူးမည့် ‘တိမ်ခို မိုး’ ဟုအမည်ရသော ရုပ်ရှင်ကန်တော့ပွဲ ပေးအခမ်းအနားကို ဧပြီ ၁၇ ရက် (နှစ်ဆန်း ၁ ရက်နေ့) နံနက်က ရွှေတိဂုံစေတီအောင်မြေ၌ ပြုလုပ်ခဲ့သည်။


‘‘မင်းခိုက်စိုးစန်တို့ ဆေးကျောင်းသားဘဝမှာ ဆေးတက္ကသိုလ်(၂)မှာ ဆေးကျောင်းတက်တုန်းက တကယ်ဖြစ်ခဲ့တဲ့ အကြောင်းအရာလေးကို အခြေခံ ထားတယ်။ သူတို့ ဆေးကျောင်း တက်တုန်းက ကောင်လေးနဲ့ ကောင်မလေးရဲ့ အဖြစ်အပျက်လေးက တစ်ကျောင်းလုံး စိတ်မကောင်းစရာ ဖြစ်ခဲ့ရတယ်တဲ့။ သူတို့ရဲ့ ဂျူနီယာဆေးကျောင်းသူ၊ ဆေးကျောင်းသား သမီးရည်း စားနှစ်ယောက်ရဲ့ ကြေကွဲစရာကောင်းတဲ့ အဖြစ်အပျက်လေးကို အခြေခံထားတာပါ’’ဟု ပုံဖော် ရိုက်ကူးမည့် ဒါရိုက်တာညွန့် မြန်မာ ညီညီအောင်က ပြောသည်။

တိမ်ခိုမိုး ဇာတ်ကားသည် အချစ်ဇာတ်လမ်းဖြစ်ပြီး နေတိုး၊ ရွှေမှုံရတီ၊ မင်းဦး၊ ထွန်းထွန်းဝင်း၊ သင်္ဂီထွန်းတို့ အဓိက ပါဝင်မည် ဖြစ်သည်။

‘‘သူငယ်ချင်းတွေနဲ့ ဆေးကျောင်းပြီးခါနီး အချိန်မှာ ဖြစ်ပျက်ခဲ့တဲ့ ကြေကွဲစရာအဖြစ် အပျက်လေးတစ်ခုမှာ ပါဝင် သရုပ်ဆောင်ရမှာပါ’’ဟု သရုပ်ဆောင် အကယ်ဒမီနေတိုးက ပြောသည်။

တိမ်ခိုမိုးသည် ရိုမန့်စ် ဇာတ်ကား ကြိုက်နှစ်သက်မည့် ပရိသတ်များအတွက် အဆင်ပြေမည်ဟု ဒါရိုက်တာညွန့်မြန်မာ ညီညီအောင်က ပြောသည်။ ယင်း ဇာတ်ကားကို ဆေးတက္ကသိုလ် (၂) တွင် အဓိကရိုက်ကူးမည်ဟု ဆိုသည်။

‘‘မနက်ဖြန် စရိုက်ပါမယ်။ ရန်ကုန်အပြင် ဆေးကျောင်းသားတွေ ခရီးထွက်တဲ့ ဆင်းန်ကို ချောင်းသာကနေ ခုနစ်မိုင်ကွာတဲ့ ရွှေသောင်ယံဘက်မှာ သွားရိုက်ဖို့ စိတ်ကူးထားတယ်’’ဟု ၎င်းက ပြောသည်။

ခင်ဆွေသက်
Location - ရန်ကုန်
Issue No. 1776 Saturday, April 21, 2018

 

http://www.7daydaily.com

Your rating: None Average: 5 (1 vote)