Photo

အာဆင်နယ်ကို ၂၂ နှစ်ကြာ ကိုင်တွယ်ခဲ့သော အာစင်ဝင်းဂါး ရာသီကုန် ထွက်ခွာမည်

By 7Day News 21 April, 2018 - 16:15

အာစင်ဝင်းဂါးသည် ရာသီကုန်ချိန်တွင် အာဆင်နယ်မှ ထွက်ခွာပြီး (၂၂) နှစ်ကြာ ကိုင်တွယ်မှုကို အဆုံးသတ်တော့မည် ဖြစ်သည်။


ပြင်သစ်နိုင်ငံသားကြီးသည် ၎င်း၏နောက်ဆုံး စာချုပ်သက်တမ်း မကုန်ဆုံးမီ တစ်နှစ်အတွင်း အင်္ဂလိပ် ဘောလုံးလောက၏ သက်တမ်းအရှည်ဆုံး နည်းပြအဖြစ်မှ နုတ်ထွက်ခြင်း ဖြစ်သည်။

အမြောက်တပ်သားများသည် အမှတ်ပေးဇယား နံပါတ် (၆) နေရာတွင် ရပ်တည်နေပြီး လာမည့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့် ထိပ်သီးလေးသင်းနေရာကို လွဲချော်ရန် သေချာသလောက်ရှိနေကာ  ယူရိုပါလိဂ်၌ ဗိုလ်စွဲမှသာလျှင် ချန်ပီယံလိဂ် ဝင်နိုင်မည် ဖြစ်သည်။

အာဆင်နယ်အသင်းကို အမှတ်ရ အောက်မေ့ဖွယ်ရာ နှစ်ပေါင်းများစွာ ကိုင်တွယ်ခွင့် ရရှိခဲ့သဖြင့် ကျေးဇူးတင်ကြောင်း ဝင်းဂါးက ပြောကြားပြီး မိမိအနေဖြင့် အသင်းကို စိတ်ပိုင်းဖြတ်မှု အပြည့်ဖြင့် ကိုင်တွယ်ခဲ့သည်ဟု ပြောကြားသည်။ အာဆင်နယ် ပရိသတ်များအားလုံး ကလပ်၏ တန်ဖိုးများကို စောင့်ရှောက်ရန် ဝင်းဂါးက ပြောကြားသည်။

အာစင်ဝင်းဂါး (၆၈) နှစ် သည် ပရီးမီးယားလိဂ် ဖလားသုံးကြိမ်၊ အက်ဖ်အေဖလား ခုနစ်ကြိမ် ရရှိခဲ့သည်။

ဝင်းဂါးနေရာ ဆက်ခံမည့်သူကို အမြန်ဆုံး ရှာဖွေမည်ဟု အာဆင်နယ်အသင်းက ပြောကြား သည်။

ဝင်းဂါး၏ ကြေညာချက်နှင့် ပတ်သက်၍ မိမိတို့နှစ်ပေါင်းများစွာ အားကစားနှင့် ပတ်သက်ခဲ့သမျှ အခက်ခဲဆုံးနေ့ရက်များ ဖြစ်သည်ဟု အာဆင်နယ်တွင် ရှယ်ယာအများစုပိုင်ဆိုင်သော စတန်းကရွန်ကီက ပြောကြားသည်။ ဝင်းဂါးသည် အာဆင်နယ် နှင့် အင်္ဂလိပ် ဘောလုံးလောကကို ပြောင်းလဲစေခဲ့သည်ဟု အမေရိကန်နိုင်ငံသား ကရွန်ကီက ဆက်လက်ပြောကြားသည်။

အာစင်ဝင်းဂါးသည် ၁၉၉၆  က အာဆင်နယ်အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး ကစားသမားများ အစားအသောက်ပုံစံကို ပြောင်းလဲခဲ့ကာ အရက်သောက်သော ယဉ်ကျေးမှုကို အဆုံးသတ် ခဲ့သည်။ ၎င်း၏အကြီးကျယ်ဆုံး အခိုက်အတန့်သည် ရှုံးပွဲလုံးဝမရှိ ခဲ့သည့် ၂၀၀၄ တွင် ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဝင်းဂါးလက်ထက်တွင် အာဆင်နယ်အသင်း နှစ် ၂၀ ဆက်တိုက် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့သော်လည်း ၂၀၀၆ က ဗိုလ်လုပွဲတက်ပြီး ဘာစီလိုနာကို ရှုံးနိမ့်ခြင်းသည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခြင်းဖြစ်ကာ တစ်ကြိမ်မျှ ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်ခွင့် မရခဲ့ပေ။

—Ref:AFP

Location - လန်ဒန်
Issue No. 1776 Saturday, April 21, 2018

 

http://www.7daydaily.com

Your rating: None Average: 5 (1 vote)