Photo

မြောက်ကိုရီးယား ခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးမှု မအောင်မြင်ပါက အစည်းအဝေးမှ ထထွက်သွားမည်ဟု ထရမ့်ပြောကြား

By The Voice Weekly 21 April, 2018 - 14:42

အကယ်၍သာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းနှင့်အတူ ကျင်းပပြုလုပ်ရန် စီစဉ်ထားသည့် ထိပ်သီးဆွေးနွေးပွဲ အထမြောက် အောင်မြင်မှုမရရှိခဲ့ပါက မိမိအနေနှင့် ယင်းဆွေးနွေးပွဲမှ ထထွက်သွားမည်သာ ဖြစ်သည်ဟု

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော် ပြောကြားလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့်အတူ ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သမ္မတဒေါ်နယ်ထရမ့်က ကင်ဂျုံအန်းနှင့် ပြုလုပ်မည့် တွေ့ဆုံဆွေးနွေးပွဲနှင့် ပတ်သက်၍ အထက်ပါအတိုင်း သုံးသပ်ပြောဆိုခြင်း ဖြစ်သည်။

အဆိုပါသတင်းစာ ရှင်းလင်းပွဲတွင် ထရမ့်နှင့် ရှင်ဇိုအာဘေးတို့က နျူကလီးယားလက်နက် ဖြုတ်သိမ်းရေးနှင့် ပတ်သက်၍ မြောက်ကိုရီးယားအပေါ် ဖိအားများ ဆက်လက်ပေးသွားမည်သာ ဖြစ်ကြောင်း ပြောကြားသည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် သမ္မတထရမ့်နှင့် ဆွေးနွေးမှုများပြုလုပ်ရန် ဖလော်ရီဒါပြည်နယ်ရှိ မာအာလာဂို အပန်းဖြေစခန်းသို့ ရောက်ရှိနေသည်။

သမ္မတထရမ့်က ယင်းသတင်းစာ ရှင်းလင်းပွဲမတိုင်မီ စီအိုင်အေဒါရိုက်တာ မိုက်ပွန်ပီယိုသည် ကင်ဂျုံအန်နှင့် တွေ့ဆုံနိုင်ရေးအတွက် မြောက်ကိုရီးယားသို့ လျှို့ဝှက်ခရီးစဉ် သွားရောက်ခဲ့သည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

စီအိုင်အေ ဒါရိုက်တာ မိုက်ပွန်ပီယိုသည် ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအန်းနှင့် ဆက်ဆံရေးကောင်း တစ်ရပ်ကို ထူထောင်ထားပြီး ဖြစ်ကြောင်း၊ ၎င်းတို့ တွေ့ဆုံမှုသည် အဆင်ပြေ ချောမွေ့စွာ ပြီးစီးခဲ့ကြောင်း ထရမ့်က ပြောကြားသည်။

မိုက်ပွန်ပီယို၏ ခရီးစဉ်သည် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း မြောက်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စုအကြား အဆင့်အမြင့်ဆုံး အရာရှိကြီးများ တွေ့ဆုံမှုဖြစ်သည်။

ဒေါ်နယ်ထရမ့်နှင့် ကင်ဂျုံအန်တို့သည် လာမည့်ဇွန်လတွင် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြသည်။ သို့သော် ယင်းဆွေးနွေးပွဲ ကျင်းပမည့် နေရာအပါအဝင် အသေးစိတ် အချက်အလက်ကို နှစ်ဖက်စလုံးက ထုတ်ပြန်ခြင်း မရှိသေးပေ။

အဆိုပါဆွေးနွေးပွဲ အောင်မြင်ဖြစ်ထွန်းမည် မဟုတ်ဟု ထင်မြင်မိပါက ဆွေးနွေးပွဲသို့ တက်ရောက်မည် မဟုတ်ကြောင်း၊ အကယ်၍ ဆွေးနွေးပွဲ ကျင်းပဖြစ်ခဲ့ပါသော်လည်း အကျိုးဖြစ်ထွန်းမှု မရှိခဲ့ပါက ယင်းဆွေးနွေးပွဲမှ ထထွက်သွားမည်သာ ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားသည်။

“ကျွန်တော်တို့ကတော့ မြောက်ကိုရီးယား နျူကလီးယား ဖြုတ်သိမ်းမှု မပြုလုပ်သေးသရွေ့ ဖိအားတွေ အများကြီး ဆက်ပေးနေဦးမှာပါပဲ”ဟု ဒေါ်နယ်ထရမ့်က ပြောကြားသွားသည်။

ဝါရှင်တန်၊ ဧပြီ ၁၈

 

http://thevoicemyanmar.com

Your rating: None Average: 5 (1 vote)