Photo

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူးတို့ နှစ်နိုင်ငံ ထိတွေ့ဆက်ဆံမှု ပိုမိုတိုးမြှင့်ရေး တွေ့ဆုံဆွေးနွေး

By 7Day News 21 April, 2018 - 13:25

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး မစ္စတာငုယင် ဖူထရောင်တို့ တွေ့ဆုံစဉ် (LUONG THAI LINH/EPA)


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့တွင် ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး မစ္စတာ ငုယင်ဖူထရောင်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ ထိတွေ့ဆက်ဆံမှု ပိုမို တိုးမြှင့်ရေး ဆွေးနွေးခဲ့သည်ဟု အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အထက်ပါ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံစဉ် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအစိုးရ၊ လွှတ်တော်၊ ပါတီနှင့် ပြည်သူများအကြား ထိတွေ့ ဆက်ဆံမှု ပိုမိုတိုးမြှင့်ရေး၊ အထူးသဖြင့် လူငယ်ကိုယ်စားလှယ် အဖွဲ့များ အပြန်အလှန် စေလွှတ်ရေးအပါအဝင် အာဆီယံဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဗီယက်နမ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ နှစ်နိုင်ငံ လွှတ်တော် နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူများအကြား လေ့လာရေးခရီးစဉ်များ အပြန်အလှန် စေလွှတ်ရေးနှင့် ဥပဒေပြု လုပ်ငန်းစဉ်များ ဆိုင်ရာတို့ ထည့်သွင်း ဆွေးနွေးသည်ဟု ဆိုသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အား ဗီယက်နမ်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌက လာရောက်တွေ့ဆုံပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး၊ ယဉ်ကျေးမှုနှင့် နှစ်နိုင်ငံပြည်သူများအကြား ထိတွေ့ ဆက်ဆံမှု တိုးမြှင့်ရေး ဆိုင်ရာများ ဆွေးနွေးခဲ့ကြောင်း အတိုင်ပင်ခံရုံး ထုတ်ပြန်ချက်၌ ပါရှိသည်။

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဗီယက်တဲလ်အုပ်စု ဥက္ကဋ္ဌ ဗိုလ်ချုပ်ငုယင် မန်ဟုန်နှင့် တွေ့ဆုံသည်ဟု သတင်းထုတ်ပြန်သည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး ဘဏ် (BIDV) အမှုဆောင် အရာရှိချုပ် မစ္စတာ ဖန်ဒက်တူဦးဆောင်သည့် ဗီယက်နမ်စီးပွားရေး လုပ်ငန်းရှင်များအား လက်ခံတွေ့ဆုံ၍ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ဧပြီ ၁၉ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ်တို့ တွေ့ဆုံစဉ်က နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုနက်ရှိုင်းစွာ တိုးမြှင့်ရန်နှင့် မကြာမီအချိန်အတွင်း နှစ်နိုင်ငံ ကုန်သွယ်ရေး ရည်မှန်းချက် အမေရိကန်ဒေါ်လာ တစ်ဘီလီယံရရှိရန် ကတိကဝတ် ပြုခဲ့ကြောင်း ဗီယက်နမ်အစိုးရက သတင်းထုတ်ပြန်သည်။

၂၀၁၇ တွင် မြန်မာ-ဗီယက် နမ်နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၈၂၈ ဒသမ ၃ သန်းရှိပြီး ၂၀၁၆ ကထက် ၅၁ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ထို့အပြင် ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံ၌ လာရောက် ရင်းနှီးမြှုပ်နှံသည့် ပြည်ပနိုင်ငံများထဲတွင် အဆင့် (၇) နေရာ၌ ရှိနေသည်။ မြန်မာနိုင်ငံ၌ ဗီယက်နမ် စီမံကိန်း ၇၀ ခန့်က ကန်ဒေါ်လာ နှစ်ဘီလီယံခန့် လာရောက် ရင်းနှီးမြှုပ်နှံထားသည်။

နှစ်ဖက်ခေါင်းဆောင်များ သည် ပြည်သူအချင်းချင်းအပါအ ဝင် ကဏ္ဍပေါင်းစုံတွင် ဆက်ဆံရေး အရှိန်တိုးမြှင့်ခြင်းမှ တစ်ဆင့် နိုင်ငံရေးနှင့် သံတမန်ရေးရာ ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ရန် သဘောတူခဲ့ကြောင်း ဗီယက်နမ်အစိုးရ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဗီယက်နမ်နိုင်ငံသို့ နှစ်ရက်ကြာ တရားဝင်ခရီးစဉ်သွားရောက်သော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ခရီးစဉ် ဒုတိယနေ့ (ယမန်နေ့ ဧပြီ ၂၀ ရက်)တွင် ဗီယက်နမ် အမျိုးသား ခေါင်းဆောင်ကြီး ဟိုချီမင်း နေထိုင်ခဲ့ သည့် နေအိမ်သို့ သွားရောက် လေ့လာသည်။

ယမန်နေ့ ညနေတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်သို့ ပြန်လည် ရောက်ရှိခဲ့သည်။

သတင်းအဖွဲ့
Location - ရန်ကုန်
Issue No. 1776 Saturday, April 21, 2018

 

http://www.7daydaily.com

Your rating: None Average: 5 (1 vote)