Photo

ရွှေအလေးချိန် တွက်ချက်ရာတွင် တစ်နိုင်ငံလုံး တစ်ပြေးညီ ဖြစ်စေရန် ဇူလိုင်ကစ၍ ရွှေတစ်ပဲလျှင် ရှစ်ရွေးသတ်မှတ်မည်

By 7Day News 21 April, 2018 - 13:14

အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်တို့တွင် ရွှေအလေးချိန် တွက်ချက်သည့် ပုံစံများ ကွာဟနေသဖြင့် လာမည့် ဇူလိုင်ကစ၍ တစ်နိုင်ငံလုံး တစ်ပြေးညီ ဖြစ်စေရန် ရွှေနှင့်ပတ်သက်သည့် လုပ်ငန်းများအားလုံး ၌ တစ်ပဲလျှင် ရှစ်ရွေးသတ်မှတ်မည်

ဟု မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်ထွန်းက ပြောသည်။

လက်ရှိတွင် ရွှေအလေးချိန် တွက်ချက်မှုများကို မန္တလေး၊ မိတ္ထီလာ၊ ပျဉ်းမနား၊ စဥ့်ကူး၊ ဗန်း မောက်၊ ၀န်းသိုအစရှိသည့် အထက်မြန်မာပြည်ရှိ မြို့များတွင် တစ်ပဲလျှင် ၇ဒသမ၅ ရွေးနှုန်းဖြင့် တွက်ချက်နေပြီး ရန်ကုန်အပါအ ၀င် အောက်မြန်မာပြည်ရှိ မြို့အားလုံးနီးပါးတွင် တစ်ပဲလျှင် ရှစ်ရွေးနှုန်းဖြင့် တွက်ချက်နေသည်။

‘‘ရွှေနဲ့ပတ်သက်တဲ့ လုပ်ငန်း အားလုံးကို ဖိတ်မယ်။ ပြောင်းမယ့်အကြောင်းကို ပြောမယ်။ ညှိ နှိုင်းမယ်။ လုပ်ငန်းရှင်တွေ ပြောတာတွေ နားထောင်မယ်။ သဘောတူတယ်ဆိုရင် အတည်ပြုပြီး တိုင်းဒေသကြီးကို တင်ပြမယ်။ တိုင်းအစိုးရက အသိအမှတ် ပြုပါတယ်ဆိုပြီး သတ်မှတ်လိုက်ပြီဆိုတာနဲ့ ဘယ်နေ့ စပြောင်းမယ်ဆိုတာကို ထုတ်ပြန်မှာ ဖြစ်ပါတယ်’’ ဟု ဦးတင်ထွန်းက ပြောသည်။

မြန်မာနိုင်ငံတွင် ဗဟိုရွှေဈေးကွက်တစ်ခု အကောင်အထည်ဖော်ရန် ဆောင်ရွက်နေပြီး ရွှေအလေးချိန် တွက်ချက်မှုများနှင့် ပတ်သက်၍ တစ်နိုင်ငံလုံး တစ်ပြေးညီဖြစ်စေရေး ယခုကဲ့သို့ သတ်မှတ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

‘‘၇ဒသမ၅ ရွေးက မန္တလေးတိုင်းနဲ့ ကချင်ပြည်နယ်တို့က မြို့တွေလောက်ပဲ သုံးတော့တာ။ ကျန်တဲ့နေရာ အကုန်လုံးနီးပါးက ရှစ်ရွေးတွေပဲ သုံးနေကြတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ဘက်က ပြောင်းပေးလိုက်ရင် အကုန်လုံးက တစ်ပြေးညီဖြစ်သွားမှာပါ’’ဟု ဦးတင်ထွန်းက ပြောသည်။

မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များ အသင်းအနေဖြင့် ယခုနှစ် ဇူလိုင်အတွင်း၌ အထက်မြန်မာပြည်ရှိ ရွှေဆိုင်များ၊ ရွှေပန်းထိမ် လုပ်ငန်းများ၊ ရွှေသန့်စင်ဖိုများ၊ ရွှေအပေါင်ဆိုင်များ၊ ရွှေဆိုင်လုပ်ငန်းများအစရှိသည့် ရွှေနှင့် ပတ်သက်သည့် လုပ်ငန်းများအားလုံးကို ဖိတ်ခေါ်ကာ အသိပေးမည်ဖြစ်ပြီး ၎င်းတို့၏ သဘောထား မှတ်ချက်များ ရယူမည်ဟု ဆိုသည်။

ဗဟိုရွှေဈေးကွက် ဖော်ဆောင်ရာတွင် ရွှေအလေးချိန် တွက်ချက်ခြင်းများ အပါအ၀င် ရွှေအရောင်း အ၀ယ် ပြုလုပ်သည့် စနစ်များ၊ ၀န်ဆောင်ခများကိုပါ နိုင်ငံတစ် ၀န်းရှိ ရွှေနှင့်ပတ်သက်သည့် လုပ်ငန်းအားလုံး၌ တစ်ပြေးညီဖြစ်စေရေး ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်းနှင့် မန္တလေးတိုင်း လုပ်ငန်းရှင်အသင်းတို့ ပူးပေါင်း ဆောင်ရွက်ရန် ဧပြီ ၁၈ ရက်က မန္တလေးမြို့တွင် ဆွေးနွေးခဲ့ပြီးနောက် ယခုကဲ့သို့ သတ်မှတ်ရန် စီစဉ်ခြင်း ဖြစ်သည်။

နိုင်လင်းအောင်
Location - မန္တလေး
Issue No. 1776 Saturday, April 21, 2018

 

http://www.7daydaily.com

Your rating: None Average: 5 (1 vote)