Photo

ထောပတ်သီး တရားဝင် တင်သွင်းခွင့်ပေးရန် မြန်မာက တင်ပြလျှင် အမြန်ဆုံး ဆောင်ရွက်ပေးမည်ဟု တရုတ် တာဝန်ရှိသူဆို

By 7Day News 1 January, 2018 - 11:03

မြန်မာအစိုးရက တင်ပြလာလျှင် ထောပတ်သီး တရားဝင် တင်သွင်းခွင့်ပေးရန် အမြန်ဆုံး ဆောင်ရွက်ပေးမည်ဟု တရုတ် စိုက်ပျိုးရေး ၀န်ကြီးဌာန တာဝန်ရှိသူက ပြောကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း (MFVP) အတွင်းရေးမှူး ဦးကျော်သူက ပြောကြားသည်။

တရုတ်စိုက်ပျိုးရေး ၀န်ကြီးဌာန သီးနှံ ကာကွယ်ရေး ဌာနညွှန်ကြားရေးမှူးချုပ်နှင့် MFVP အ သင်းတာဝန်ရှိသူများ ဒီဇင်ဘာ ၂၅ ရက်က တရုတ်နိုင်ငံတွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ထောပတ်သီး တရားဝင် တင်ပို့နိုင်ရေး တရုတ်နိုင်ငံ၏ အရည်အသွေး ကြီးကြပ်စစ်ဆေးရေးနှင့် ရောဂါ ထိန်းချုပ်ရေးဌာန (AQSI Q)၏ ခွင့်ပြုချက် ရရှိရန် လိုအပ်သည်။ ယင်းခွင့်ပြုချက်ကို မြန်မာအစိုးရက တင်ပြလာပါက အမြန်ဆုံးရရှိအောင် ဆောင်ရွက်ပေးမည်ဟု တရုတ်သီးနှံ ကာကွယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောကြောင်း ဦးကျော်သူက ပြောသည်။

ထောပတ်သီးကို တရုတ်သို့ တင်ပို့ခွင့်ရရေး လျှောက်ထားရန် အစိုးရကို တင်ပြထားသည်မှာ တစ်နှစ်ခန့် ကြာပြီဖြစ်သော်လည်း အကောင်အထည် မပေါ်သေးကြောင်း ဦးကျော်သူက ပြောသည်။

‘‘ကိုယ်တို့က G to G (အစိုးရ အချင်းချင်း) ညှိပေးပါလို့ ပြောတာကို သူတို့က(အစိုးရ) ဈေးကွက်ရှာခိုင်းတယ် ထင်နေတာ။ အမှန်တကယ်က ဈေးကွက် ရှာစရာမလိုဘူး။ ဈေးကွက်က ရှိပြီးသား၊ ကိုယ့်ဘာသာကိုယ် ရောင်းလို့ရတယ်။ ဒါပေမဲ့ အဲဒီ AQSIQ ရဲ့တင်သွင်းခွင့် စာရင်းထဲမပါရင် တရားဝင် ပို့လို့မရဘူး။ အခုပို့သလိုပဲ နယ်စပ်က အောက်လမ်းက ပို့နေရသလို ဖြစ်တာပေါ့’’ ဟု ၎င်းကပြောသည်။

လက်ရှိတွင် တရားမ၀င် တင်ပို့နေရသဖြင့် ထောပတ်သီး ဈေးကောင်း မရခြင်း၊ ဈေးနှိမ်ခံရခြင်း စသည်တို့ ကြုံတွေ့နေကြောင်း ဦးကျော်သူက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ထောပတ်သီး စိုက်ပျိုးမှု မြင့်တက်လာနေပြီး လာမည့် ၂ နှစ်ခန့်၌ အများအပြား ထွက်ရှိလာနိုင်ကြောင်း MFVP က ခန့်မှန်းထားသည်။ ထို့ကြောင့် ယခုကတည်းက တရုတ်သို့ တရားဝင် တင်ပို့နိုင်ရန် ကြိုးစားနေခြင်း ဖြစ်ကြောင်း ဦးကျော်သူက ဆိုသည်။ တရုတ် AQSIQ ၏ တင်သွင်းခွင့်ရ သီးနှံများ စာရင်းတွင် ပါဝင်ရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်လည်း ၂ နှစ်၊ သုံးနှစ်ခန့်ကြာမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘မြန်မာဘက်က တင်ပြပြီးပြီဆိုရင် AQSIQ က ထောပတ်သီး ခြံတွေကို လာစစ်ဆေးတာမျိုးတွေ လုပ်မယ်။ ပိုးတွေ၊ ရောဂါတွေ တွေ့ရင် ဘယ်လို ပြုပြင်ကုသပြီး ပို့ရမယ်ဆိုတာမျိုးတွေ ရှိတယ်။ ပီရူးကတောင် တရုတ်ကို ထောပတ်သီး တရားဝင်ပို့ခွင့်ရဖို့ လုပ်တာ သုံးနှစ်ကြာတယ်’’ ဟု ၎င်းက ပြောသည်။

ထောပတ်သီး စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများ အစုအဖွဲ့ကို မြန်မာနိုင်ငံအဆင့် ဖွဲ့စည်းပြီး စိုက်ပျိုးမှု တိုးမြှင့်ကာ ပြည်ပတင်ပို့၍ ဈေးကွက်ရရှိရန် ဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ပြောကြားထားသည်။

ထက်မြက်
Location - ရန်ကုန်
No.1674 Monday, January 1, 2018

http://www.7daydaily.com

Your rating: None Average: 5 (2 votes)