Photo

မြန်မာ့ ပထမဦးဆုံး ဖြစ်လာမည့် ကျောက်စိမ်း လိုဏ်ဂူ ၂၀၁၈ ခုနှစ် ဖွင့်လှစ်မည်

By The Voice Weekly 1 January, 2018 - 10:51

ရန်ကုန်-မန္တလေး အမြန်လမ်းဘေးတွင် တည်ရှိသော ကျောက်စိမ်းစေတီတွင် ကျောက်စိမ်း တန်ချိန် ၃၀၀ အသုံးပြု၍ တည်ဆောက်နေသော မြန်မာ့ပထမဦးဆုံး ကျောက်စိမ်း လိုဏ်ဂူ ၂၀၁၈ ခုနှစ် မတ်လအတွင်း ဖွင့်လှစ်သွားမည်

ဖြစ်ကြောင်း အလှူရှင် ဦးစိုးနိုင်က ပြောကြားသည်။

ယင်းကျောက်စိမ်း လိုဏ်ဂူကို ဝေရောစန ကျောက်စိမ်း စေတီတော်ကြီး၏ ပရိဝုဏ်အတွင်း ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ စတင် တည်ဆောက်လျက်ရှိရာ လက်ရှိ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း၊ ကျောက်စိမ်း စေတီတော်ကြီး တည်ဆောက်စဉ်က ပိုထွက်လာသည့် ကျောက်စိမ်း အကာသားများဖြင့် တည်ဆောက်နေခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ကျောက်စိမ်း စေတီတော်ကြီးကို ကပ်လှူထားတဲ့ ကျောက်စိမ်းတွေဟာ  အဆင့်မီ ကျောက်တွေ ဖြစ်ပါတယ်။ အဆင်ရှိတဲ့ ကျောက်တွေကို ဖြတ်တောက်တဲ့အခါမှာ ကျောက်စိမ်း အကာသားတွေ ရရှိတယ်။ ဒါတွေကို ဒီအတိုင်းထားရင် နောင်လာ နောင်သားတွေက အသုံးပြုမှာ စိုးရိမ်တယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာလည်း မရှိဘူးသေးတဲ့ ကျောက်စိမ်း လှိုဏ်ဂူ တည်ဆောက်ရခြင်း ဖြစ်ပါတယ်။ နောက်တစ်ခုက အများပြည်သူ ကျောက်စိမ်းကို လေ့လာနိုင်စေဖို့အတွက်လည်း ပါပါတယ်။ လက်ရှိ တန်ကြေးအရဆိုရင် ဒီကျောက်စိမ်း လှိုဏ်ဂူ တန်ကြေး သိန်းပေါင်း ကိုးသောင်းလောက် တန်ကြေးရှိပါ တယ်” ဟု ၎င်းက ပြောကြားသည်။

ကျောက်စိမ်း လှိုဏ်ဂူမှာ  အလျား ၂၃၀ ပေ၊ အမြင့် ၁၃ပေ၊ အနံ ၉ ပေခန့်ရှိပြီး အားလုံးကို ကျောက်စိမ်းများဖြင့် ပြုလုပ်ထားခြင်း ဖြစ်ကြောင်း၊ လှိုဏ်ဂူအတွင်း ကျောက်စိမ်း ရရှိသည့် နေရာများ၊ ကျောက်စိမ်း အမျိုးအစားများ၊ မြတ်စွာဘုရားပွင့်တော်မှုရာ နေရာများကို သရုပ်ဖော်ထားကြောင်း၊ ကျောက်စိမ်း ဆင်းတုတော်ပေါင်း ၃၀၀၀၀ ကျော်၊ တန် ၅၀ကျော် အလေးချိန်ရှိသည့် ကျွန်းသစ်လုံးများ၊ ရေတံခွန်များ၊ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပတ္တမြားအစစ်များ၊ ခေတ်လေးခေတ် ဘုရားပုံစံငယ်များ၊ ကျောက်စိမ်း လက်ကောက်များကို ပြသထားကြောင်း မှတ်တမ်းများအရ သိရသည်။

ဝေရောစန ကျောက်စိမ်းစေတီနှင့် ကျောက်စိမ်း လှိုင်ဂူသည် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဆင်ရွာမြင်းမှူး ကျေးရွာအုပ်စုကွင်းအမှတ် (၆၂၈) တွင် တည်ရှိသည်။ အကျယ်အဝန်း ၅ ဧကပေါ် တွင် တည်ထားခြင်း ဖြစ်သည်။

မန္တလေး၊ ဒီဇင်ဘာ ၂၃
http://thevoicemyanmar.com

Your rating: None Average: 5 (1 vote)