Photo

စုပ်ခွက်ငါးကို ဆက်လက် တင်သွင်း ရောင်းချခြင်း မပြုရန် သတိပေးမည်

By 7Day News 1 January, 2018 - 10:21

ငါးမွေးကန်များ ပျက်စီးပြီး ဂေဟစနစ် ထိခိုက်စေသော စုပ်ခွက်ငါးကို ပြည်တွင်းသို့ ဆက်လက် တင်သွင်း ရောင်းချမှု မပြုရန် မြန်မာနိုင်ငံ အလှမွေး ငါးအသင်းနှင့် အလှမွေးငါး အရောင်းဆိုင်များကို သတိပေးစာ ပေးပို့မည်ဟု ရန်ကုန်တိုင်း ငါးလုပ်ငန်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးလှဌေးက ပြောကြားသည်။

 

စုပ်ခွက်ငါးများကို တွေ့ရစဉ် (ဓာတ်ပုံ − BANCA ဖေ့စ်ဘွတ်ခ်)

တွံတေးမြို့နယ်ရှိ ငါးမွေးမြူရေးကန်များတွင် စုပ်ခွက်ငါးများကြောင့် ငါးမွေးမြူရေး ထိခိုက်ဆုံးရှုံးကာ ဂေဟစနစ် ထိခိုက်မှုများ ဖြစ်ပေါ်နေကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး အသင်း (BANCA) က သတင်းထုတ်ပြန်ထားသည်။ စုပ်ခွက်ငါးများသည် ငါးကြင်း၊ ငါးခေါင်းပွတို့၏ အစာတောင့်များကို လုယက်စားသောက်သဖြင့် မွေးထားသည့် ငါးများ အစားဝလင်စွာ မစားရခြင်း၊ ယင်းငါးများ၏ ဆူးတောင်များနှင့် ထိခိုက်ကာ ဒဏ်ရာရ သေဆုံးမှု ဖြစ်ပေါ်ခြင်း၊ ငါးမွေးကန်၏ ကန်ပေါင်နံရံကို တူးဆွခြင်းကြောင့် ကန်ပေါင် ပျက်စီးပြီး ငါးထွက်နှုန်း လျော့ကျခြင်းများ ဖြစ်နေကြောင်း BANCA  က  ထုတ်ပြန်ထားသည်။

‘‘ကျွန်တော်တို့ဆီက ဂေဟစနစ်တွေ ထိခိုက်မယ်ဆိုတာ သူတို့နားမလည်ဘဲ တင်သွင်းလာကြတာပါ။ သူတို့ကို မေတ္တာရပ်ခံမှုနဲ့ပဲ ဆက်လက် မတင်သွင်းပါနဲ့၊ မရောင်းပါနဲ့လို့ စာပို့မှာပါ’’ ဟု ဦးလှဌေးက ဆိုသည်။ ယင်းသတိပေးစာကို ယခုရက်ပိုင်းအတွင်း အမြန်ဆုံး ပေးပို့မည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ကြီးထွားလာသည့် စုပ်ခွက် ငါးများကို ထိန်းသိမ်း စောင့်ရှောက်ရန် အခက်အခဲဖြစ်လာပါက မြစ်ချောင်း၊ အင်းအိုင်များအတွင်း မစွန့်ပစ်ဘဲ မြန်မာနိုင်ငံ ငါးလုပ်ငန်း ဦးစီးဌာနများသို့ ဆက်သွယ်ကာ အကြံဉာဏ် တောင်းခံပါဟု ဦးလှဌေးက ဆိုသည်။

ဒေသမျိုးရင်း မဟုတ်သည့် ငါးအမျိုးအစားများ အကြောင်းအမျိုးမျိုးကြောင့် ပြည်တွင်းသို့ တင်သွင်းလာမည် ဆိုပါက မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာနသို့ တရားဝင် ခွင့်ပြုချက်ယူရမည် ဖြစ်ပြီး ငါးမျိုးများကို သေချာလေ့လာပြီးမှသာ တင်သွင်းသင့်ကြောင်း ဦးလှဌေးက ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံသို့ ၀င်ရောက်လာသည့် စုပ်ခွက်ငါးအမျိုးအစားများသည် တရားဝင် တင်သွင်းလာခြင်း မဟုတ်ဘဲ မှောင်ခို ဈေးကွက်မှ ၀င်ရောက်လာခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘မြန်မာနိုင်ငံက မျိုးရင်းမဟုတ်ဘဲ ၀င်ရောက်လာတဲ့ ငါးတွေက ဒီကရေမြေအနေအထားနဲ့ အဆင်ပြေပြီး အကျိုးပြုနေတဲ့ ငါးတွေလည်းရှိပါတယ်။ တီလားဗီးယားတို့၊ ငါးခုံးမတို့ပါ။ သူတို့ဆို ဈေးကွက်လည်း ရှိတယ်၊ အဆင်ပြေတယ်။ စုပ်ခွက်ငါးကတော့ လူလည်း မစားတော့ လုပ်ငန်းရှင်တွေ အဆင်မပြေ ဖြစ်ကြရတယ်’’ဟု ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။ အဆိုပါငါးများသည် မြန်မာ့ ငါးမျိုးရင်း မဟုတ်ဘဲ မူရင်းဒေသ သည် တောင်အမေရိကတိုက်မှ ဖြစ်ကြောင်း၊ ယင်းငါးကို မွေးမြူသူများက ကြီးပြင်းလာသောအခါ ဆက်လက် ထိန်းသိမ်းနိုင်ခြင်း မရှိတော့ဘဲ နီးစပ်ရာ မြစ်ချောင်းများသို့ စွန့်ပစ်ခြင်း၊ ငါးလွှတ်ခြင်းများကြောင့် ပြန့်ပွားနေကြောင်း BANCA Program Officer ဦးသော်ဖြိုးရွှေက ပြောသည်။

‘‘၂၀၀၈ နာဂစ်အပြီးမှာ ရောက်ရှိလာတာ ပြောတယ်။ မျိုးရင်းမဟုတ်တဲ့ အပင်နဲ့ သတ္တ၀ါမျိုး စိတ်တွေက ဒီမှာ အကြောင်းအမျိုး မျိုးနဲ့ အဆင်မပြေဖြစ်တာ များနေပါပြီ’’ဟု ၎င်းက ပြောသည်။

ငါးကန်ပိုင်ရှင်များသည် ငါးဖော်ရာတွင် ငါးကန်တွင်းရှိ ရေကို ကုန်အောင်မထုတ်သဖြင့် ငါးကန် အောက်ခြေရှိ ရွှံ့၊ နွံများတွင် စုပ်ခွက်ငါးများ ကျန်ရှိနေရာက တဖြည်းဖြည်း ပွားများလာကြောင်း ၎င်းက ဆိုသည်။

စုပ်ခွက်ငါးများကြောင့် အရှုံးပေါ်နေသည့် ငါးလုပ်ငန်းရှင်များ အနေဖြင့် ယင်းငါးများကို အခြောက်လှမ်းကာ အမှုန့်ကြိတ်၍ တိရစ္ဆာန် အစာအဖြစ် ပြန်လည် အသုံးပြုသင့်သည်ဟု ငါးလုပ်ငန်း အဖွဲ့ချုပ်က အကြံပြုထားသည်။

ယုဝေ
Location - ရန်ကုန်
No.1670 Thursday, December 28, 2017
http://www.7daydaily.com

Your rating: None Average: 5 (1 vote)