Photo

ရန်ကုန်စတော့ အိတ်ချိန်း ရှယ်ယာ အရောင်းအဝယ် ယခင်နှစ်ထက် သုံးဆကျော် လျော့နည်း

By 7Day News 1 January, 2018 - 10:13

ရန်ကုန်စတော့ အိတ်ချိန်း တွင် ၂၀၁၇ အတွင်း စတော့ရှယ် ယာ ကျပ် ၂၂ ဘီလီယံကျော်ဖိုး ရောင်းဝယ်ခဲ့ပြီး ၂၀၁၆ နှင့် နှိုင်း ယှဉ်လျှင် သုံးဆကျော် လျော့နည်းကြောင်း ရန်ကုန်စတော့အိတ် ချိန်းက ထုတ်ပြန်သည်။

 

ရန်ကုန်စတော့ အိတ်ချိန်းတွင် ယခုနှစ်အတွင်း စတော့ ရှယ်ယာကျပ် ၂၂ ဘီလီယံကျော်ဖိုးသာ အရောင်းအ၀ယ် ဖြစ်ခဲ့သည်။ (ဓာတ်ပုံ − နစ်ကီ)

၂၀၁၆ တွင် စတော့ရှယ်ယာ နှစ်သန်းခွဲကျော် အရောင်းအဝယ် ဖြစ်ပြီး စုစုပေါင်း ကျပ် ဘီလီယံ ၇၀ ကျော်ဖိုး ရှိခဲ့သည်။ ၂၀၁၇ တွင် စတော့ရှယ်ယာ ၂ ဒသမ ၆ သန်းခန့် အရောင်းအဝယ်ဖြစ်သော်လည်း တန်ဖိုးကျပ် ၂၂ ဘီလီယံ ကျော်ဖိုးသာ ရှိကြောင်း ရန်ကုန် စတော့အိတ်ချိန်း ထုတ်ပြန်သော အချက်အလက်များတွင် ဖော်ပြထားသည်။

၂၀၁၇ အတွင်း အများဆုံး ရှယ်ယာ အရောင်းအဝယ်ဖြစ်ခဲ့သည့် လသည် မတ်လဖြစ်ပြီး ကျပ် ၃ ဒသမ ၄ ဘီလီယံခန့်နှင့် အနည်းဆုံးကာလသည် ဒီဇင်ဘာဖြစ်ပြီး ကျပ်သန်း ၈၅၀ ခန့်ဖြစ်သည်။ ၂၀၁၇ ဒီဇင်ဘာသည် ရန်ကုန် စတော့အိတ်ချိန်း သမိုင်းတစ်လျှောက် ရှယ်ယာအနည်းဆုံး အရောင်းအဝယ် ဖြစ်ခဲ့သည့်ကာလ ဖြစ်သည်။

‘‘ရှယ်ယာဈေးတွေကျလို့ အခုလို ပမာဏ နည်းသွားတာပါ။ ရှယ်ယာ အရောင်းအဝယ် အရေအတွက်က သိပ်မကွာပါဘူး။ ရှယ်ယာရှင်တွေအတွက် အများဝယ်တာ လိုက်ဝယ်တာမျိုး မလုပ်ရင် စတော့က ရေရှည်မှာ ရှင်သန်လာမှာပါ’’ဟု ရှယ်ယာရှင် ဦးအာကာအောင်က ပြောသည်။

၂၀၁၆ မတ်လတွင် ရှယ်ယာ ဝယ်ရောင်း စတင်ခဲ့ပြီး အများပိုင် ကုမ္ပဏီသုံးခုထိသာ စာရင်းဝင်နိုင်ကာ ၂၀၁၇ တွင် အများပိုင် ကုမ္ပဏီတစ်ခု ထပ်မံဝင်ရောက် လာနိုင်သော်လည်း ရှယ်ယာဈေး ဆက်တိုက် ကျဆင်းခဲ့သည်။

ရန်ကုန်စတော့ အိတ်ချိန်းတွင် ရှယ်ယာဝယ်ရောင်း ပမာဏ တက်လာစေရန် အများစိတ်ဝင်စားသည့် ကုမ္ပဏီများ စာရင်းဝင်လာနိုင်ရေး စည်းရုံး လုပ်ဆောင်မည်ဟု ချေးငွေသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးဌေးချွန်က ပြောကြားသည်။

၂၀၁၇ ဇန်နဝါရီ ၂ ရက်တွင် FMI ကုမ္ပဏီ၏ အစုရှယ်ယာတစ်စုသည် ကျပ် ၁၄,၀၀၀ ထိရှိသော် လည်း ၂၀၁၇ နောက်ဆုံး အရောင်းအဝယ် ဖြစ်ခဲ့သည်။ ဒီဇင် ဘာ ၂၉ ရက်တွင် ကျပ် ၁၂,၀၀၀ အထိ ကျဆင်းခဲ့သည်။ MTSH (သီလဝါအထူး စီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ)သည် ဇန်နဝါရီ ၂ ရက်တွင် ရှယ်ယာတစ်စု ကျပ် ၄,၅၀၀ ဖြစ်သော်လည်း ဒီဇင်ဘာ ၂၉ ရက်တွင် ကျပ် ၃,၀၀၀ အထိ ကျဆင်းခဲ့သည်။ မြန်မာနိုင်ငံသားများ ဘဏ်သည် ကျပ် ၉,၆၀၀ မှ ကျပ် ၈,၂၀၀ အထိ ကျဆင်းခဲ့သည်။ ပထမပုဂ္ဂလိကဘဏ်သည် ဇန်နဝါရီ ၂၁ ရက်တွင် ကျပ် ၂၇,၀၀၀ အထိ ကျဆင်းခဲ့သည်။

ထွန်းထွန်းမင်း
Location - ရန်ကုန်
No.1673 Sunday, December 31, 2017
http://www.7daydaily.com

Your rating: None Average: 5 (1 vote)