Photo

နှစ်သစ်ကူး ပိတ်ရက်အတွင်း ချင်းပြည်နယ်သို့ ခရီးသွား စံချိန်တင် ၀င်ရောက်ဟုဆို

By 7Day News 1 January, 2018 - 10:07

နှစ်သစ်ကူး ရုံးပိတ်ရက် အတွင်း ချင်းပြည်နယ် ကန်ပက်လက်နှင့် မင်းတပ်သို့ ပထမဦးဆုံးအဖြစ် ခရီးသွားဧည့်သည် စံချိန်တင် လာရောက်ခဲ့ကြောင်း ဟိုတယ်မင်းတပ် အုပ်ချုပ်မှု ဒါရိုက်တာ ဦးလိန်းငိုင်းက ပြော သည်။


ကန်ပက်လက်နှင့် မင်းတပ် ဒေသတွင် ဟိုတယ်နှင့် တည်းခို ခန်း ၁၅ ခုနှင့် အထက်ရှိပြီး အခန်း အရေအတွက်ကို အခြေခံ၍ တွက်ချက်ပါ က နေ့စဉ်ခရီးသွား ၄၀၀ ခန့် ၀င်ရောက်နေကြောင်း၊ တစ်နှစ်လျှင် ခရီးသွား ၁၀,၀၀၀ ခန့် ၀င်ရောက်မည်ဟု မျှော်မှန်းကာ တည်းခို နေထိုင်မှုများ စီစဉ်ခဲ့သော်လည်း ယခုနှစ်တွင် ခရီးသွား ၄၀,၀၀၀ ခန့် ၀င်ရောက်ခဲ့ကြောင်း ၎င်းက ပြောသည်။

‘‘မမျှော်လင့်ဘဲနဲ့ အလုံးအရင်းနဲ့ ၀င်လာတာဆိုတော့ နောက်နှစ်တွေမှာ ကြိုပြင်ဆင်ဖို့ လိုနေပြီ’’ ဟု ၎င်းကပြောသည်။

ကန်ပက်လက်မြို့ရှိ နတ်မတောင်သည် သဘာဝ အလှအပများကြောင့် ပြည်တွင်း၊ ပြည်ပခရီးသွားများ ကြားထင်ရှားပြီး မင်းတပ်နှင့် ကန်ပက်လက်ဒေသသို့ ဧည့်သည် ၁၀ ဦးလျှင် နိုင်ငံခြားသား တစ်ဦးနှုန်းဖြင့် ၀င်ရောက်နေကြောင်း၊ လက်ရှိအချိန်တွင် ဟိုတယ်နှင့် တည်းခိုခန်းအားလုံး ခရီးသည် အပြည့်ရှိကြောင်း ဦးလိန်းငိုင်းက ပြောသည်။

ကန်ပက်လက်နှင့် မင်းတပ်ဒေသသို့ ခရီးသွား ဧည့်သည် ၀င်ရောက်လာစေရန် ခရီးသွားများသည့် ပုဂံနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေး ချင်းပြည်နယ်အစိုးရက ဆောင်ရွက်ပေးခဲ့ကြောင်း ချင်းပြည်နယ် စည်ပင်၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က အောက်တိုဘာ ၂၈ ရက်တွင် ပြောသည်။

သို့ဖြစ်ရာ ပြည်တွင်း ခရီးသွားလုပ်ငန်းများသည် ချင်းပြည်နယ် ခရီးစဉ်ကို ပုဂံခရီးစဉ်နှင့် ချိတ်ဆက် ဆောင်ရွက်ပေးခြင်းများလည်း ရှိလာသည်။

‘‘ပုဂံမှာကတော့ သီတင်းကျွတ်လောက် လူအ၀င်မများဘူးလို့ ပြောနိုင်တယ်။ ဒါပေမဲ့ ဟိုတယ်တွေ၊ တည်းခိုခန်းတွေတော့ ပြည့်နေတာပဲ။ ဘုန်းကြီးကျောင်း တွေမှာလည်း လူတွေပြည့်နေတယ်’’ဟု ညောင်ဦးအခြေစိုက် ကားစင်းလုံးငှား ၀န်ဆောင်မှု လုပ်ကိုင်နေသူ ဦးနိုင်လင်းဦးက ဒီဇင်ဘာ ၃၀ ရက်တွင် ပြောသည်။

ပုဂံတွင် လိုင်စင်ရ ဟိုတယ် ၈၀ ခန့်ရှိကြောင်း၊ နှစ်သစ်ကူးရုံးပိတ်ရက်ဖြစ်သဖြင့် ပုဂံရှိဟိုတယ်နှင့် တည်းခိုခန်းများ ခရီးသည် အပြည့်ဖြစ်နေကြောင်း ပုဂံဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးဇော်ဝိတ်က ပြောကြားသည်။

၂၀၁၇ ကစ၍ သင်္ကြန်နှစ်သစ်ကူး ပိတ်ရက်ရှည်များကို အစိုးရက ပြင်ဆင်သတ်မှတ်ခဲ့ရာ သီတင်းကျွတ် ပိတ်ရက်တွင် လည်းကောင်း၊ တန်ဆောင်တိုင် ပိတ်ရက်များတွင် လည်းကောင်း ပြည်တွင်း ခရီးသွားလာမှုစံချိန်တင် များပြားခဲ့သည်။ အလားတူ နှစ်သစ်ကူး ပိတ်ရက်များတွင် ခရီးသွားလာမှု များပြားခဲ့သဖြင့် အဓိက ခရီးသွားဒေသများတွင် ဟိုတယ်နှင့် တည်းခိုခန်းများ အပြည့်ဖြစ်နေကြောင်း ခရီးသွားများက ပြောသည်။

မြင့်ကျော်လှိုင်
Location - ရန်ကုန်
No.1674 Monday, January 1, 2018
http://www.7daydaily.com

Your rating: None Average: 5 (1 vote)