Photo

နိုင်ငံခြားသားများ မြို့ပတ် ရထားစီးနင်းမှု ယခင်နှစ်ထက် နှစ်ဆပိုများလာ

By 7Day News 1 January, 2018 - 10:01

၂၀၁၇ တွင် နိုင်ငံခြား သားများ မြို့ပတ်ရထားစီးနင်းမှု ယခင်နှစ်ထက် နှစ်ဆ ပိုမို များပြားလာကြောင်း မြန်မာ့မီးရထား၊ တိုင်းအမှတ် (၇)သွားလာရေးဌာန အထွေထွေ မန်နေဂျာ ဦးဇော်လွင်က ပြောကြားသည်။


‘‘ပြီးခဲ့တဲ့နှစ် (၂၀၁၆)တုန်း က တစ်လကို နိုင်ငံခြားသား သုံးထောင်ကျော်၊ တစ်ရက်ကို ပျမ်း မျှ ၁၅၀ ဝန်းကျင်လောက်ရှိတယ်။ အခုက ပြီးခဲ့တဲ့လမှာ နိုင်ငံခြားသားက တစ်လ ရှစ်ထောင်ကျော် လောက်စီးတယ်။ တစ်ရက်ပျမ်း မျှ ၃၀၀ နီးပါးလောက်ရှိတယ်။ နှစ်ဆလောက် တိုးလာတာပေါ့’’ ဟု ဦးဇော်လွင်က ပြောသည်။

မြို့ပတ်ရထားများကို အထူးတန်း အဲကွန်းရထားနှင့် ရိုးရိုးတန်းဟူ၍ အမျိုးအစားမခွဲတော့ဘဲ တစ်မျိုးတည်း သတ်မှတ်ခြင်း၊ ရထားလက်မှတ် ဈေးနှုန်းများ ပုံသေ သတ်မှတ်ခြင်းတို့ကြောင့် မြို့ပတ် ရထားစီးနင်းသူများ ပိုမို အဆင်ပြေလာကြောင်း မြန်မာ့မီးရထားဌာန စီးပွားရေး အထွေထွေမန်နေဂျာ ဦးအောင်မြင့်လှိုင် က ပြောသည်။

‘‘ကားလမ်းပိတ်လို့ ကားပေါ် မှာ အချိန်ကုန်တာ စိတ်ပျက်ဖို့ အကောင်းဆုံးပဲ။ ကားစီးလို့ လမ်းပိတ်တာထက်စာရင် မြို့ပတ် ရထားက ပိုမြန်သေးတယ်’’ဟု ကုမ္ပဏီဝန်ထမ်း မထက်ထက်အောင်က ပြောသည်။

ရန်ကုန်မြို့တွင် ယာဉ်ကြော ပိတ်ဆို့မှု များပြားလာသဖြင့် ကုန်ကျစရိတ်နည်းပြီး အချိန်ကုန် သက်သာသည့် မြို့ပတ်ရထား စီးနင်းမှုများလာကြောင်း နေ့စဉ်မြို့ပတ်ရထားစီးသည့် ၎င်းက ပြောသည်။

နိုင်ငံခြားသား ခရီးသည်များအား ဝန်ဆောင်မှုပေးရာတွင် အဆင်ပြေစေရန် မီးရထားဌာန ဝန်ထမ်းများကို အင်္ဂလိပ်ဘာသာ စကား သင်တန်းများ ပို့ချပေးနေကြောင်း ဦးဇော်လွင်က ပြော ကြားသည်။

‘‘လွန်ခဲ့တဲ့ သုံး၊ လေးလလောက်က အခြေခံအင်္ဂလိပ်စာကို ခရစ်ယာန် ဘာသာရေးအဖွဲ့က သင်ပေးတာရှိတယ်။ လက်မှတ် အရောင်းစာရေး၊ ရုံပိုင်၊ လက်မှတ်သိမ်းအဖွဲ့တွေ  အချိန်ရသလို တက်ကြတယ်’’ဟု ဦးဇော်လွင်က ပြောသည်။

အောင်ကျော်ဇင်
Location - ရန်ကုန်
No.1674 Monday, January 1, 2018

http://www.7daydaily.com

Your rating: None Average: 5 (1 vote)