Photo

ကောလိပ်များကို လေးနှစ်သင်အဖြစ် သုံးနှစ်အတွင်း အပြီး ပြောင်းလဲမည်

By The Voice Weekly 10 December, 2017 - 22:13

မူလတန်းပြဆရာ၊ ဆရာမများကို မွေးထုတ်ပေးသည့် လက်ရှိ ၂ နှစ်သင် ပညာရေးကောလိပ်များကို လေးနှစ်သင် ပညာရေးဒီဂရီကောလိပ်များအဖြစ် လာမည့်သုံးနှစ်အတွင်း (၂၀၂၁ မတိုင်မီ)အပြီးပြောင်းလဲမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

ဒီဇင်ဘာလ ၈ ရက်မှစ၍ ၁၀ ရက်အထိ နေပြည်တော်တွင် ပြုလုပ်နေသည့် အခြေခံပညာကဏ္ဍ ပြုပြင်ပြောင်းလဲရေးဖိုရမ်တွင် ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

လာမည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ပညာရေး ကောလိပ် ၄ ကျောင်းကို လေးနှစ်သင် ပညာရေးဒီဂရီကောလိပ်အဖြစ် စတင် ပြောင်းလဲမည်ဖြစ်သည်။ သို့သော် မည်သည့်ကျောင်းများ ပြောင်းလဲမည်ကို ပညာရေးဝန်ကြီးက ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

ဒုတိယအဆင့်အနေနှင့် ၂၀၁၉ ခုနှစ် တွင် ပညာရေးကောလိပ် ၈ ကျောင်းကို ပြောင်းလဲမည်ဖြစ်သည်။ တတိယအဆင့် အနေနှင့် ၂၀၂၀ခုနှစ်တွင် ကျန်ရှိသည့် ကောလိပ် ၁၃ ကျောင်းကို လေးနှစ်သင် ပညာရေးဒီဂရီကောလိပ်အဖြစ် ပြောင်းလဲ မည်ဖြစ်သည်။

“ပညာရေးဒီဂရီကောလိပ်အဖြစ် အဆင့်မြှင့်တင်ပြီးရင် ဆရာ၊ ဆရာမသည် သူ့ရဲ့လုံလောက်တဲ့ ကျွမ်းကျင်မှုကို ရရှိသွားပြီဖြစ်တဲ့အတွက် ၄ နှစ်တစ်ခါ၊ ၅ နှစ်တစ်ခါပဲ လေ့ကျင့်ပေးဖို့လိုတယ်”ဟု ဝန်ကြီးက ပြောကြားသည်။

လက်ရှိတွင် တစ်နိုင်ငံလုံး၌ ပညာရေးကောလိပ် ၂၅ ကျောင်းရှိသည်။ ပညာရေးကောလိပ်သို့ ဆယ်တန်းအောင်ပြီးသူများ လျှောက်ထားပြီး ၂ နှစ် တက်ကြရသည်။ ပြီးလျှင် ဆရာအတတ်ပညာ ရေးဒီပလိုမာ (DTEd - Diploma in Teacher Education) အလယ်တန်းပြလက်မှတ်ရသည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့၊ တံခွန်တိုင် အထက်တန်းကျောင်းအုပ် ဦးမြင့်ထွန်းက ပညာရေးကောလိပ်မှ ဝိပ္ပံ၊ သိပ္ပံ အထူးပြုဆရာဖြစ် လက်မှတ်ရရှိပြီးလျှင် မူလတန်းပြရာထူး ရရှိသော်လည်း အလယ်တန်းပြရာထူး တိုးရာတွင် ဘွဲ့မရရှိသေးသဖြင့် အဝေးသင်တက္ကသိုလ်သို့ ဆက်လက် တက်ရောက်ရကြောင်း ပြောကြားသည်။

ဝိဇ္ဇာဘွဲ့ ရရှိသည့် ဆရာ၊ ဆရာမများသည် အထက်တန်းပြ ရာထူးတိုးရန် ခက်ခဲသဖြင့် အလယ်တန်းပြ ရာထူးနှင့်သာ ရပ်တန့်လိုက်ရကြောင်း ၎င်းက ပြောကြားသည်။

“ပညာရေးကောလိပ်ကို ပညာရေး ဒီဂရီကောလိပ်အဖြစ် အဆင့်မြှင့်ပြီးရင် ၄ နှစ်တက်၊ ပြီးရင် B.A, B.Sc ဘွဲ့ပေးလိုက်။ အရည်ချင်းရှိတဲ့သူက B.Ed ဆက်တက်။ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရင် ကောင်းတာပေါ့”ဟု ဦးမြင့်ထွန်းက မှတ်ချက်ပြုသည်။

၂ နှစ်သင် ပညာရေးကောလိပ်များကို လေးနှစ်သင် ပညာရေးဒီဂရီကောလိပ်များအဖြစ် ၂၀၂၁ မတိုင်မီ အပြီးဆောင်ရွက်နေကြောင်း ဝန်ကြီးကပြောကြားသော်လည်း သင်ရိုးညွှန်းတမ်း ပြောင်းလဲခြင်းကိစ္စ၊ လေးနှစ်သင် ဒီဂရီကောလိပ်တွင် သင်ရိုး မည်သို့ပြောင်းလဲမည်ကို  ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

ယင်းသို့ ပြောင်းလဲခြင်းသည် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ်က စတင်ပြုလုပ်သည့် ဘက်စုံလွှမ်းခြုံသော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း (CESR) အစီရင်ခံစာများအရ ၂၀၁၄ ခုနှစ်ကတည်းက ယူနက်စကိုနှင့် ပူးပေါင်းကာ မူဝါဒနှင့်သင်ရိုးညွန်းတမ်းဆိုင်ရာများကို ပြင်ဆင်ခဲ့သည်။

မြဇာခြည်သင်း

နေပြည်တော်၊ ဒီဇင်ဘာ ၉
http://thevoicemyanmar.com

Your rating: None Average: 5 (1 vote)