Photo

မသန်စွမ်းသူများကို လှောင်ပြောင် ထိခိုက်စေမှုများ မပြုလုပ်ရန် သဘင်လောက သားများကို သဘင်အစည်းအရုံး မေတ္တာရပ်ခံ

By Yangon Times Journal 29 November, 2017 - 00:26

သဘင် လောကသားများအနေဖြင့် မသန်စွမ်းသူများကို လှောင်ပြောင် ထိခိုက်စေမှုများ မပြုလုပ်ရန်အတွက် မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံးက သဘင်လောကသားများကို မေတ္တာရပ်ခံသွားမည် ဖြစ်ကြောင်းသိရသည်။

နိုဝင်ဘာလ ၂၆ ရက်က တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သော မသန်စွမ်း အဖွဲ့အစည်းများနှင့် မြန် မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံးတို့ တွေ့ဆုံဆွေးနွေးပွဲတွင် မသန်စွမ်းသူများကို ထိခိုက်စေသော အရာများ မပြုလုပ်စေရန်အတွက် မေတ္တာရပ်ခံသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး ဥက္ကဋ္ဌ မင်းသားဖိုးချစ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

''မသန်စွမ်းတွေကို ထိခိုက်စေဖို့ မရည်ရွယ်ဘဲနဲ့ ဖြစ်သွားတာတွေရှိပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ဘက်ကနေပြီးတော့ ဒီလိုမျိုးတွေ မဖြစ်အောင် လျော့နည်းသွားအောင် လေးလေးနက်နက် ဆောင်ရွက်သွားမှာပါ။ သဘင်လောကက အနုပညာထဲမှာမှ ပိုပြီးတော့ လွတ်လပ်တာ ဖြစ်တဲ့အတွက် နည်းနည်းတော့ ထိန်းချုပ်ရတာ ခက်တယ်။ ဒါပေမဲ့ အားလုံးနဲ့ တွေ့ဆုံပြီးတော့ ကြိုးစားသွားပါမယ်''ဟု ၎င်းကပြောသည်။  အနုပညာရှင် တချို့သည် ပြည်သူလူထုအား ဖန်တီးတင်ဆက်သည့် အနုပညာဖန်တီးမှု တချို့တွင် မသန်စွမ်းသူ တစ်ဦးတစ်ယောက်၏ မတူကွဲပြားသော အမူအရာများ။ အပြောအဆို၊ ခန္ဓာကိုယ် ဖွဲ့စည်းပုံနှင့် စိတ်ခံစားမှုများကို ပုံဖော်ရာ၌ မသန်စွမ်းသူများ၏ လူ့ဂုဏ်သိက္ခာကို တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း၊ ညှိုးနွမ်း စေသည့် ဖျော်ဖြေတင်ဆက်မှုများ ရှိနေကြောင်း သိရသည်။

ယင်းကဲ့သို့ အနုပညာရှင် တချို့၏ လွဲမှားသည့် တင်ပြဖန်တီးမှုကြောင့် ပြည်သူလူထု၏ သဘောထားများသည် မသန်စွမ်းသူများ အပေါ် ဆိုးရွားသော သက်ရောက်မှုများ ဖြစ်စေသည့်အပြင် မသန်စွမ်းသူများကိုလည်း သိမ်ငယ်စိတ် ဝင်စေပြီး ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေကြောင်း သိရသည်။ ''ကျွန်တော်တို့ ဒီနေ့ သဘင် ပညာရှင်တွေနဲ့ တွေ့ဆုံတယ်ဆိုတာက ပြဿနာတက်လို့ မဟုတ်ပါဘူး။ မသန်စွမ်းတွေကို လှောင်ပြောင် ပြောဆိုနေကြတာတွေကို သဘင် လောကသားများ ဘက်ကနေပြီးတော့ ထိန်းသိမ်းပေးဖို့၊ စာနာပေးဖို့ တွေ့ဆုံတာပါ။ ဆွေးနွေးပွဲ ဖြစ်တဲ့အတွက် ဘယ်လိုမျိုးတွေ ညှိနှိုင်းလို့ရမလဲဆိုတာကို ဆွေးနွေးတာပါ။ ဒီ ဆွေးနွေးပွဲကနေပြီးတော့ ရလဒ်ကောင်းတွေ ရလာမယ်လို့လည်း မျှော်လင့်ပါတယ်။ ယုံလည်း ယုံကြည်ပါတယ်'' ဟု မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ် ဥက္ကဋ္ဌ ဦး အောင်ကိုမြင့် ပြောသည်။

#DemocracyToday
http://www.yangonmedia.com

Your rating: None Average: 5 (1 vote)