Photo

Microsoft ၏ ပညာရေးအစီအစဉ်သစ် Minecraft

By The Voice Weekly 19 November, 2017 - 23:28

အမေရိကန်ပြည်ထောင်စု K-12 အတန်းများတွင် ကွန်ပျူတာဂိမ်းများ ကစားခြင်းကို သင်ကြားနေကြသည်။ ကျောင်းတွေမှာ ဂိမ်းကစားခိုင်းသောကြောင့် အထင် မလွဲစေချင်ပါ။

ကျောင်းများ၌ Microsoft က တီထွင်ပေးထားသည့် Microsoft ဆိုသည့် တစ်နာရီစာ ဂိမ်းလေ့ကျင့်ခန်းကို ကစားခိုင်းပြီး ကျောင်းသားများကို ကွန်ပျူတာ ပရိုဂရမ် Code ရေးနည်း လေ့ကျင့်ပေးနေခြင်းဖြစ်သည်။

Microsoft ကုမ္ပဏီက ယခုရက်သတ္တပတ်အတွင်း (Hero’s Journey) ဆိုသည့်ဂိမ်းကို ထုတ်ပြီး (How of Code) ဆိုသည့် လှုပ်ရှားမှုကို လုပ်ဆောင်နေကြခြင်းဖြစ်သည်။ လာမည့် ဒီဇင်ဘာလအတွင်း တစ်ကမ္ဘာလုံးရှိ ကျောင်းသားများထံ Hero’s Journey ဆိုသည့် ဂိမ်းကို အခမဲ့ ထုတ်လွှင့်ပေးပြီး Code ရေးနည်းကို လေ့ကျင့်သင်ကြားကြမည်ဖြစ်သည်။

Minecraft ဂိမ်းသည် ဂိမ်းကစားသူကို တစ်ခုခု တည်ဆောက်ခိုင်းသွားခြင်းဖြစ်သည်။ ပညာရေးအတွက် သီးသန့် ထုတ်ထားသော ထိုဂိမ်းကို ယခုအခါ နိုင်ငံပေါင်း ၁၁၅ နိုင်ငံတွင် ကျောင်းသား ၂ သန်းခန့် လိုင်စင်ယူပြီး ကစားကြည့်နေကြပြီဖြစ်သည်။ ကျောင်းများအနေနှင့် တစ်နှစ်ကစားခွင့် လိုင်စင်ကို တစ်ဦးလျှင် ၅ ဒေါ်လာဖြင့် ဝယ်ယူကြရသည်။ ဂိမ်းအတွဲပေါင်း များစွာရှိပြီး အတွဲလိုက် ဝယ်လျှင် တစ်မျိုးကို ၁ ဒေါ်လာအထိ လျှော့ချပေးထားသည်။

Microsoft ကလည်း Minecraft ဂိမ်းကို ဝယ်ယူခဲ့ရသည်။ ယင်းဂိမ်းကို တီထွင်သူမှာ ၂၀၁၄ ခုနှစ်က Mojang ဆိုသည့်ဂိမ်းကို တီထွင်သူဖြစ်သည်။ Microsoft အနေနှင့် ယမန်နှစ်ကလည်း MinecraftEdu ဆိုသည့် ပရိုဂရမ်တစ်ခုကို သူ့ထံမှ သီးခြား ဝယ်ယူခဲ့သေးသည်။

Microsoft ကုမ္ပဏီသည် Seattle အခြေစိုက် Code.org ဆိုသည့် အဖွဲ့အစည်းကိုလည်း အထောက်အပံ့ ပေးထားသည်။ ထိုအဖွဲ့က Hour of Code ကို အကောင်အထည် ဖော်နေပြီး ကျောင်းများတွင် ကွန်ပျူတာ Code ရေးနည်းများကို သင်ရိုးညွှန်းတမ်း၌ ထည့်သွင်း ရေးဆွဲပြီး သင်ကြားနိုင်ရေးကို ကြိုးပမ်းလုပ်ဆောင်လျက် ရှိသည်။

နောက်ဆုံးထုတ် Minecraft ဂိမ်းသင်ခန်းစာတွင် အဆင့်တိုင်း၌ စိန်တုံးများကို ဝှက်ထားသည်။ ထိုစိန်များကို ရရှိနိုင်ရေး ဆိုသည်မှာ ကျောင်းသားများအနေဖြင့် Code ကို ထည့်သွင်းရေးပေးနိုင်မှရသည်။ ကျောင်းသားများအား Code ရေးနည်းကို စိတ်ပါဝင်စားလာစေရန် လုပ်ဆောင်ပေးခြင်းဖြစ်သည်။

ကျောင်းသား အများစုတွင် အခြေခံရှိသူများအနေဖြင့် ထိုဂိမ်းကစားနည်းနှင့် Code ကို ထည့်သွင်း ရေးသားသည်မှာ အလွန် လွယ်ကူသော်လည်း အချို့မှာ ကြိုးစား ကစားရင်းက လွယ်ကူစွာ ရှာဖွေလာနိုင်ကြသည်။ မည်သို့ဆိုစေ ဂိမ်းတစ်ခုတွင် ကိုယ်တိုင် Code ကို ပါဝင်ထည့်သွင်း ရေးသားခြင်းမှသည် တည်ဆောက်ခြင်းအထိ ကျောင်းသားများ ပါဝင်လှုပ်ရှားနိုင်ခြင်းမှာ အကျိုးအမြတ်တစ်ခုကို ဖြစ်စေနိုင်သည်။

Microsoft အနေနှင့် Minecraft ဂိမ်းကို လွန်ခဲ့သည့် ၂ နှစ်ကတည်းက ကျောင်းများတွင် ထည့်သွင်းပြီး Hour of Code အနေနှင့် လှုပ်ရှားခဲ့ပါသည်။ ယနေ့အထိ ကျောင်းသား သန်း ၇၀ ခန့် စိတ်ပါဝင်စားစွာ ကစားပြီး Code များကို ရေးနေကြပြီဖြစ်သည်။

နည်းပညာနှင့် ပညာရေးကို ပေါင်းစပ်ရာတွင် ခက်ခဲသည့် ပညာရပ်တစ်ခုကို အတင်း ရိုက်သွင်းရမည့် ခေတ်မဟုတ်တော့ပါ။ ကျောင်းသင်ပညာရပ်အတွင်း ပေါ့ပေါ့ပါးပါးနှင့် စိတ်ဝင်စားစွာ လေ့လာရင်းက အဆင့်ဆင့် မြင့်တက်သွားစေရန် လုပ်ဆောင်စေခြင်းက ပိုပြီး ထိရောက်နိုင်ပါသည်။ Microsoft အနေဖြင့် ပညာရေးတွင် ဝင်ရောက်လာပြီး ကိုယ်တိုင်လည်း အမြတ်ထုတ်၊ ပညာရေးကိုလည်း မြင့်မားအောင် လုပ်နေသည့် အစီအစဉ် တစ်ရပ်ကို မျက်ခြည်မပြတ် လေ့လာစောင့်ကြည့်သင့်သည်။ အမေရိကသည် ပညာရေးတွင် ကွန်ပျူတာနှင့် Code ရေးနည်းတွေကို ထည့်သွင်းလာပြီ။ အလွတ်ကျက် ပညာရေးဖြင့် အဖြေရှာနေခြင်းက ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံကို တည်ဆောက်ရာ ရောက်၊ မရောက် ပြန်လည် သုံးသပ်စဉ်းစားသင့်သည်။

(Ref: The Seattle Times)
http://thevoicemyanmar.com

Your rating: None Average: 5 (1 vote)