Photo

တက္ကဆက်စ်ရှိ ခရစ်ယာန် ဘုရားကျောင်း တစ်ခုတွင် ပစ်ခတ်မှု ဖြစ်ပွားပြီး ၂၆ ဦးထက်မနည်း သေဆုံး

By 7Day News 6 November, 2017 - 22:24

အမေရိကန်နိုင်ငံ၊ တက္ကဆက်စ် ပြည်နယ်ရှိ ခရစ်ယာန် ဘုရားကျောင်း တစ်ခုတွင် သေနတ်သမား တစ်ဦးက ဝင်ရောက် ပစ်ခတ်ရာ အနည်းဆုံး လူ ၂၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။


ဆူသာလန်းစပရင်းစ်ရှိ First Baptist ဘုရားကျောင်းတွင် နိုဝင်ဘာ ၅ ရက်က တနင်္ဂနွေနေ့ ဝတ်ပြုသူများ ရှိနေစဉ် အတောအတွင်း သေနတ်သမား တစ်ဦးက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ မွန်းတည့်ချိန် မတိုင်မီတွင် သေနတ်သမားသည် ဘုရားကျောင်းထဲ ဝင်လာက စတင် ပစ်ခတ်ခဲ့ခြင်းဟု သတင်းများက ဆိုသည်။

ယင်းသေနတ်သမားကိုလည်း အခင်းဖြစ်ရာ နေရာအနီးတွင် အသေဖမ်းမိခဲ့သည်။ တက္ကဆက်စ် ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက်ဂ်အက်ဘော့တ်က သေဆုံးသူ အရေအတွက် ၂၆ ဦးရှိကြောင်း အတည်ပြုခဲ့ပြီး တက္ကဆက်စ်ပြည်နယ် သမိုင်းတွင် အဆိုးဆုံး အုံလိုက်ကျင်းလိုက် ပစ်ခတ်သတ်ဖြတ်မှု တစ်ခုဟု ပြောကြားခဲ့သည်။

“ဒီဖြစ်ရပ်ဆိုးကြောင့် ကျွန်တော်တို့ ကာလရှည်ကြာ နာကျင် ဝမ်းနည်းနေရတော့မှာ ဖြစ်ပါတယ်”ဟု ၎င်းက အခင်းဖြစ်ပွားရာ ညနေပိုင်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်၌ မှတ်ချက်ပေးခဲ့သည်။

တက္ကဆက်စ် ပြည်သူ့လုံခြုံရေးဌာန ညွှန်ကြားရေးမှူး ဖရီးမန်း မာတင်က သေဆုံးသူများသည် အသက် ၅ နှစ်မှ ၇၂ နှစ်အတွင်းဖြစ်ကြောင်း ဆိုသည်။ ထို့အပြင် လူပေါင်း ၂၀ ထက်မနည်းလည်း ထိခိုက်ဒဏ်ရာများ ရရှိပြီး ဆေးရုံတွင် ကုသမှု ခံယူနေရကြောင်း မာတင်က ပြောကြားခဲ့သည်။

ပစ်သတ်ခံရသည့် သေနတ်သမားမှာ အသက် ၂၆ နှစ်အရွယ် ဒီဗင်ပီကယ်လီ ဆိုသူဖြစ်ပြီး တစ်ကိုယ်လုံး အနက်ရောင် ဝတ်ဆင်လာပြီး ရင်ဘတ်တွင် ကျည်ကာဆန်ဆန် Tatical Vestတစ်ခု ပါရှိကြောင်း၊ ချေမှုန်းရေး ရိုင်ဖယ်တစ်လက်ကို အသုံးပြုပြီး ပစ်ခတ်ခဲ့ကြောင်း အစိုးရ ရှေ့နေများက ဆိုသည်။

ထို့နောက် ဒေသခံ တစ်ဦးက ၎င်း၏ ရိုင်ဖယ်ကိုယူကာ တရားခံကို ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ သေနတ်သမားက ကားတစ်စီးဖြင့် ထွက်ပြေးသည့်အခါ ယင်းဒေသခံကလည်း ကားဖြင့်လိုက်ပြီး တိုက်ခဲ့ကြောင်း၊ ထို့နောက်တွင်မူ သေနတ်သမား၏ကား လမ်းချော်ရပ်တန့်သွားခဲ့ကြောင်း သိရသည်။

ရဲများ ရောက်ရှိလာပြီး စစ်ဆေးသည့်အခါ ကားထဲတွင် သေဆုံးနေသည့် သေနတ်သမားကို တွေ့ရှိခဲ့ရသည်။ ၎င်း၏ ကိုယ်ပေါ်တွင် သေနတ်ဒဏ်ရာ တွေ့သော်လည်း ဒေသခံ၏ ပစ်ခတ်မှုကြောင့်လား၊ မိမိကိုယ်ကို အဆုံးစီရင်မှုလား ဆိုသည်ကို မခွဲခြားနိုင်သေးဟု ရဲများက ဆိုသည်။

ဘုရားကျောင်း၏ တရားဟောဆရာ ဖရန့်ခ် ပိုမီရွိုင်က ၎င်း၏ အသက် ၁၄ နှစ်အရွယ် သမီးငယ်မှာလည်း ပစ်ခတ်မှုအတွင်း အသက်ဆုံးရှုံးခဲ့ရကြောင်း ဖွင့်ဟ ပြောကြားခဲ့သည်။ ထိုအချိန်က ပိုမီရွိုင်သည် ကိစ္စတစ်ခုကြောင့် အိုကလာဟိုးမားသို့ ရောက်ရှိနေခဲ့သည်။

ရဲများ ရောက်လာချိန်တွင် ဘုရားကျောင်းထဲ၌ အလောင်း ၂၃ လောင်း ရှိနေပြီး ကျန် ၂ ဦးမှာ ဘုရားကျောင်း အပြင်ဘက်၌ ရှိနေကြောင်း တွေ့ရှိခဲ့သည်။ နောက်တစ်ဦးမှာမူ ဆေးရုံအရောက်တွင် အသက်ဆုံးရှုံးခဲ့သည်။

ယခုပစ်ခတ်မှု၏ အခြေခံ လှုံ့ဆော်မှုကို စုံစမ်းနေဆဲဖြစ်ပြီး အကြမ်းဖက် လှုပ်ရှားမှု တစ်ခု ဖြစ်နိုင်ခြေကိုလည်း အာဏာပိုင်များက ထည့်သွင်း တွက်ဆထားသည်။

အာရှတိုက်သို့ အလည်အပတ် ခရီးစဉ် ရောက်ရှိနေသည့် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အဆိုပါ လုပ်ရပ်သည် မကောင်းဆိုးရွား ဆန်လွန်းကြောင်း ရှုတ်ချခဲ့ပြီး အမေရိကန် အနေဖြင့် ယင်းဖြစ်ရပ်ဆိုးကို အတူတကွ ရင်ဆိုင် ကျော်လွှားရမည်ဖြစ်ကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်သော အစီရင်ခံမှုများကို ဂျပန်ရောက်နေသည့်တိုင် ၎င်းကိုယ်တိုင် စောင့်ကြည့်နေကြောင်း Twitterပေါ်တွင် ရေးသားခဲ့သည်။

အက်ဖ်ဘီအိုင် ထောက်လှမ်းရေး ဌာနက သေနတ်သမား တစ်ဦးသာ တွေ့ရှိကြောင်း ထောက်လှမ်း သိရှိထားသည့်တိုင် အခြားဖြစ်နိုင်ခြေတိုင်း အတွက်လည်း စဉ်းစားထားကြောင်း အတည်ပြုခဲ့သည်။

ပြီးခဲ့သည့် တစ်လခန့်ကလည်း အမေရိကန်နိုင်ငံ၊ လက်စ်ဗီးဂက်စ်ရှိ ကာစီနို ဟိုတယ်တစ်ခုတွင် ဂီတဖျော်ဖြေပွဲ ကျင်းပနေချိန် ပစ်ခတ်မှု ဖြစ်ပွားရာ လူ ၅၈ ဦး သေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည့် ဖြစ်ရပ်ဆိုးတစ်ခု ပေါ်ပေါက်ခဲ့သေးသည်။

Ref: CNN
No.1618 Monday, November 6, 2017
http://www.7daydaily.com

Your rating: None Average: 5 (1 vote)