Photo

ရန်ကုန်မြို့၏ ပထမဆုံး ရေကြောင်းဘတ်စ်

By The Voice Weekly 10 October, 2017 - 11:29

ရန်ကုန်မြို့တော်တွင် မိုးဦးကာလ မတိုင်ခင်က စီစဉ်ခဲ့သော ခရီးစဉ်တစ်ခုမှာ အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရပြီးနောက် သီတင်းကျွတ်ပွဲတော်ကာလ၌ ပေါ်ထွန်းလာခဲ့ပြီ ဖြစ်သည်။


ရုံးဆင်း ရုံးတက်ချိန်များအတွက် ၁၀  မိုင်ခန့် ခရီးကို ၂ နာရီနီးပါးကြာ သွားလာနေရသော ရန်ကုန်မြို့တော်တွင် ယာဉ်ကြောပိတ်ဆို့မှု ကုစားနိုင်ရန် Water  Bus ခရီးကို ၂၀၁၇  နှစ်ဆန်းပိုင်းမှ စတင်စီစဉ်ခဲ့သော်လည်း နှစ်ဝက်ကျော်ရောက်မှသာ စတင်နိုင်ခဲ့ခြင်း ဖြစ်သည်။

သီတင်းကျွတ်ပွဲတော် ရုံးပိတ်ရက်များကြောင့် ရန်ကုန်မြို့တော်၏ လမ်းမများတွင် ယာဉ်အသွားအလာ ရှင်းနေသည့်တိုင် အောက်တိုဘာ ၇ ရက် စနေနေ့  နံနက်ခင်းတွင်  ဗိုလ်တထောင်ဆိပ်ကမ်း၌ Water  Bus ဖြင့် လိုက်ပါစီးနင်းလိုသူများကြောင့် စည်ကားလျက်ရှိသည်။

“ဒီနေ့က အခမဲ့ ပြေးဆွဲပေးတယ်။ Anypay ကတ်ထဲကိုလည်း ငွေကျပ်တစ်ထောင်နဲ့ လျှော့ရောင်းပေးတယ်။ စီးဖို့ လက်မှတ်ခကိုတော့ ၅၀၀ ကနေ စဖြည့်လို့ ရပါတယ်” ဟု Integrated Smart Solutions ကုမ္ပဏီ အရောင်းဝန်ထမ်း အမျိုးသမီးက ဆိုသည်။

အမှန်တကယ် Anypay ငွေပေးချေကတ်သည် ကျပ် ၁၅၀၀ ဖြင့် ဝယ်ယူရမည်ဖြစ်ပြီး လက်မှတ်ခအနေနှင့် ကျပ် ၅၀၀ မှ စိတ်ကြိုက်ထည့်ဝင်နိုင်ကာ ကတ်ဝယ်ယူသူသည် မှတ်တမ်းတင် ဖောင်ဖြည့်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ဖောင်ဖြည့်ခိုင်းတဲ့ ရည်ရွယ်ချက်က ကတ်ပျောက်သွားရင် ကုမ္ပဏီက တာဝန်ယူမှာဖြစ်လို့ ခရီးသည်အတွက် အကျိုးရှိအောင် ဖြည့်ခိုင်းတာပါ။ မဖြည့်လည်း ရပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ငွေဖြည့်ကတ်ထဲတွင် ငွေသားစိတ်ကြိုက် ဖြည့်တင်းထားသူသည် အရေးပေါ်လိုအပ်လျှင် ငွေသားကို ပြန်လည်ထုတ်ယူခွင့် ရှိသည်။

ငွေဖြည့်ကတ် အရာင်းဝန်ထမ်းများမှာ ကတ်၏အသုံးပြုပုံ၊ ငွေဖြည့်တင်းပုံနှင့် သင်္ဘောစီးရန် လက်မှတ်ခ ဖြတ်တောက်ပုံတို့ကို သုံးလမှ ခြောက်လအထိ ရှင်းလင်းဆောင်ရွက်ပေးမည် ဖြစ်သည်။

နောက်ရက်များတွင် ဆက်လက်စီးနင်းမည့် ခရီးသည်များက အဆိုပါကတ်ကို ဝယ်ယူခဲ့ကြပြီး အချို့မှာ သင်္ဘောကိုသာ တစ်ရက်တာ လိုက်စီးရန် ပြင်ဆင်နေသည်။



ဆိပ်ကမ်းကပ်ထားသည့် ပြည်တွင်းသင်္ဘောကို စီးနင်းရန် ခရီးသည် သုံးရာကျော်က တန်းစီရပ်စောင့်နေသည့် အတွက် အင်းစိန်ဆိပ်ကမ်းမှ ပြန်လာသည့် ပြည်ပသင်္ဘောတစ်စင်းပါ တစ်ပြိုင်တည်း ပြန်ထွက်ရန် Yangon Water Bus ဝန်ထမ်းများက စီစဉ်လိုက်သည်။

ထိုအချိန်တွင် ပြည်တွင်းသင်္ဘောနှင့် ပြည်ပသင်္ဘော ကွာခြားမှုများ ရှိနေပြီး ပြည်တွင်းသင်္ဘော၌ ခရီးသည်များ အတက်အဆင်း လုံခြုံရေးအပိုင်း အားနည်းချက် ရှိသည်ကို တွေ့မြင်ခဲ့သည်။

“ပြည်တွင်းသင်္ဘောက ဗောတံတားထက် နိမ့်နေတယ်။ အသက်ကြီးတဲ့ ခရီးသည်တွေ၊ ကလေးတွေအတွက် အဆင်မပြေဘူး။ တစ်ညီတည်းကိုမှ တံတားလေး ထိုးပေးထားရင် ပိုအဆင်ပြေမယ်” ဟု မိသားစုလိုက် စီးနင်းမည့် ဗိုလ်တထောင်မြို့နယ်မှ ခရီးသည်တစ်ဦးက ဆိုသည်။

Yangon Water Bus ဝန်ထမ်းများက ပြည်တွင်းသင်္ဘောပေါ်သို့ ခရီးသည်များ အတက်အဆင်းကို တွဲကူပေးပြီး ကလေးငယ်များကို မချီပေးနေသည်။ အတက်အဆင်းသည် ဝန်ထမ်းများ မကူညီလျှင် ချော်ကျနိုင်သည့် အခြေအနေတွင် ရှိသည်။

နောက်တည်ဆောက်မည့် သင်္ဘောကိုမြှင့်၍သော် လည်းကောင်း၊ ဗောတံတားကို မြှင့်၍သော် လည်းကောင်း ဆောင်ရွက်သင့်ပြီး မည်သည့်ခရီးသည်မဆို အတက်အဆင်း အဆင်ပြေရန် စီမံသင့်ကြောင်း ခရီးသည်များက ပြောကြားသည်။

ပြည်ပသင်္ဘောသည် ဗောတံတားနှင့် တစ်ပြေးညီဖြစ်ပြီး ခရီးသည်များ အတက်အဆင်းအတွက် လှေကားပါရှိသည်။ ခရီးသည်များ အလွယ်တကူ အတက်အဆင်း ဆောင်ရွက်နိုင်သည်။

“သင်္ဘောကအစပိုင်း ဆိုတော့ လုံခြုံရေးအပိုင်း အားနည်းတာတွေ တွေ့ရတယ်။ အခုမှ စလုပ်တော့ အပြစ်မပြောချင်ပါဘူး။ ပြီးတော့ အဝင်လမ်းကြောင်းနဲ့ အထွက်လမ်းကြောင်းကို ခွဲထားစေချင်တယ်။ ခရီးသည်တွေ စည်းကမ်းရှိအောင် တစ်ခါတည်း လုပ်သင့်တယ်။ ပြုံပြီးမတက်စေချင်ဘူး” ဟု ပုဇွန်တောင်မြို့နယ်မှ ဦးသန်းထွန်းဝင်းက ဆိုသည်။

သင်္ဘောတိုင်းနှင့် ဆိပ်ကမ်းတိုင်းတွင် အသက်ကယ်ဘော ထားရှိသင့်ပြီး အသက်ကယ်အင်္ကျီမှာ သင်္ဘော၏ အရေးပေါ်အခြေနေမှသာ အသုံးပြုရခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ခရီးသည်ပြုတ်ကျမယ်ဆိုရင် အသက်ကယ် ဗောကို ပစ်ပေးလိုက်ရမှာပေါ့။ အဲဗောက ၂၄ နာရီ ခံတယ်။ အသက်ကယ်ဗောမှာ ကြိုးပါပြီးသားဆိုတော့ ဆွဲတင်လိုက်ရုံပဲပေါ့” ဟု ၎င်းက အသက်ကယ်ဗော၏ အသုံးဝင်ပုံကို ရှင်းပြသည်။

လုံခြုံရေးပိုင်းအတွက် အသက်ကယ်အင်္ကျီ အနေနှင့် ရေထဲတွင် နှစ်နာရီ၊ သုံးနာရီကြာအောင် နေနိုင်ပြီး တင်ဆောင်မည့် လူဦးေ ရအပြင် အပို ၅၀ ခု ဆောင်ထားကြောင်း၊ ကလေးအတွက်ပါ အသက်ကယ်အင်္ကျီ စီမံထားကြောင်း တင့်တင့်မြန်မာကုမ္ပဏီ ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က ပြောကြားသည်။

“အသက်ကယ်အင်္ကျီတွေကို ရှာရလွယ်အောင် မြင်သာတဲ့နေရာမှာ ထားပါတယ်။ ဗောကွင်းတွေလည်း ထားရှိတယ်။ ဒါအပြင်ကို အရေးပေါ်ကမ်းကပ်လို့ရတဲ့ လှေမျိုးပါ စီမံထားတယ်။ အရေးပေါ်အခြေအနေ လုံးဝမကြုံအောင် ဂရုစိုက် ဆောင်ရွက်ထားပါတယ်” ဟု ၎င်းက ဆိုသည်။

အသက်ကယ်အင်္ကျီများကို ပြည်ပသင်္ဘော၌ ထိုင်ခုံအောက်တွင် ထားရှိပြီး ပြည်တွင်းသင်္ဘော၌ ခရီးသည် မြင်သာသည့် နေရာတွင် ထားရှိထားသည်။

သင်္ဘောများကို အလွယ်တကူ မနစ်မြုပ်နိုင်အောင် ဆောင်ရွက်ထားပြီး ခရီးသည်တစ်ဦးချင်း၏ လုံခြုံရေးအပိုင်းကို ဆောင်ရွက်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိသင်္ဘောများကို မိမိလိုရာ ခရီးအတွက် နေ့စဉ် ရုံးတက်၊ ရုံးဆင်း စီးနင်းမည်ဖြစ်ပြီး အပျော်စီးသင်္ဘောအဖြစ် စီးနင်းမည့် ခရီးသည်များလည်း ရှိနေသည်။

“ဒီနေ့က အပျော်လာစီးတာ။ နောက်ရက်မှာ မိသားစုလိုက်ခေါ်ပြီး ထပ်စီးဦးမှာပါ။ ရုံးတက်ဖို့ကတော့ ကိုယ့်အလုပ်ရှိတဲ့လမ်းကြောင်း မဟုတ်ဘူး။ ပြေးဆွဲပေးရင်တော့ စီးမှာပေါ့” ဟု မြောက်ဒဂုံမြို့နယ်မှ ခရီးသည်တစ်ဦးက ဆိုသည်။

နံနက် ၆ နာရီခွဲမှ ည ၆ နာရီခွဲအထိ ပြေးဆွဲပေးမည်ဖြစ်ပြီး တစ်ရက်လျှင် ၁၂ နာရီခန့် ပြေးဆွဲမည် ဖြစ်ကြောင်း၊ ဝန်ထမ်းများအပြင် အပျော်စီးနိုင်ရန် ရည်ရွယ်ကြောင်း ဒေါ်တင့်တင့်လွင်က ပြောကြားသည်။

ပြေးဆွဲမည့် သင်္ဘောများမှာ ခရီးသည် ၂၃၀ ဆံ့ သင်္ဘောသုံးစင်း၊ ခရီးသည် ၁၈၀ ဆံ့ သင်္ဘောသုံးစင်း၊ ခရီးသည် ၆၀ ဆံ့သင်္ဘောသုံးစင်းနှင့် ခရီးသည် ၁၂၀ ဆံ့ သင်္ဘောခုနစ်စင်းဖြင့် ဗိုလ်တထောင်၊ နန်းသီတာ၊ မော်တင်၊ ကြည့်မြင်တိုင်၊ ရွှေပိတောက်၊ အင်းစိန် ဆိပ်ကမ်းတို့ကို ပြေးဆွဲမည် ဖြစ်သည်။

သင်္ဘောစထွက်ချိန်တွင် Yangon Water Bus ဝန်ထမ်းတစ်ဦးက ခရီးသည်များအနေနှင့် နိုင်ငံကြီးသား ပီသစွာ စီးနင်းရန် ကွမ်းစားခြင်း၊ ကွမ်းတံတွေးထွေးခြင်း၊ ဆေးလိပ်သောက်ခြင်း ရှောင်ရှားရန်၊ အမှိုက်များကို ရေထဲသို့ ပစ်မချဘဲ အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်ရန် သတိပေး ကြေညာသည်။

ဗိုလ်တထောင်ဆိပ်ကမ်းမှ ၁၀ မိနစ်ခန့် အကြာတွင် နန်းသီတာဆိပ်ကမ်းသို့ ရောက်ရှိပြီးနောက် ၁၅ မိနစ်တွင် မော်တင်ဆိပ်ကမ်းကို ရောက်ရှိသည်။

ဆိပ်ကမ်းတစ်ခုတိုင်းတွင် ဆင်းသွားသည့် ခရီးသည် အရေအတွက်အတိုင်းသာ ထပ်မံတင်ဆောင်ကာ အင်းစိန်ဆိပ်ကမ်းသို့ အချိန်တစ်နာရီနှင့် ၁၅ မိနစ်ခန့်သာ ကြာမြင့်သည်။

ရန်ကုန်ခရီးသွားပြည်သူများ နေ့စဉ် ယာဉ်ကြောကျပ်တည်းစွာ စီးနင်းနေရခြင်းကို အမှန်တကယ် ဖြေလျှော့နိုင်ပြီး ခရီးသည်များ၏ လုံခြုံရေးအပိုင်းကို တာဝန်ယူနိုင်ပါက Yangon Water Bus သည် စီးနင်းရန် အဆင်ပြေကြောင်း ခရီးသည်များက ပြောကြားသည်။

ခရီးစဉ်လမ်းကြောင်းကို လေ့လာစီးနင်းထားသဖြင့် နောက်ရက်တွင် နေ့စဉ် စီးနင်းမည်ဖြစ်ကာ အဓိက အချိန်ကြန့်ကြာမှု မရှိဘဲ အချိန်တိုအတွင်း စီးနင်းနိုင်မည် ဖြစ်ကြောင်း ဗိုလ်တထောင်မြို့နယ်မှ မဒါဒါက ပြောကြားသည်။



YBS ယာဉ်လိုင်းစီးနင်းသည့် ခရီးသွားပြည်သူများ အနေနှင့် နေ့စဉ် ယာဉ်ကြောကျပ်တည်းမှုကို ခံစားနေရပြီး အဆိုပါ Yangon Water Bus သည် အချိန်ကြာမြင့်အောင် စီးနင်းခြင်း၊ ခရီးသည်ကျပ်ကျပ်ဖြင့် စီးနင်းရခြင်း ကင်းဝေးမည် ဖြစ်သည်။

ယာဉ်ကြောကျပ်တည်းမှုကို လျှော့ချနိုင်သော်လည်း ဆိပ်ကမ်းရောက်ရှိရန် အချိန်ပေး သွားရောက်ရမည် ဖြစ်ကြောင်း ခရီးသည်များက ပြောသည်။

စတင်ပြေးဆွဲသည့် အချိန်အခါဖြစ်၍ လိုအပ်ချက်များကို ခရီးသည်အများစုက ရေရွတ်ပြောဆိုနေတာကို တွေ့မြင်ခဲ့ရသည်။ နောက်ပိုင်းတွင် လိုအပ်ချက်များ ပြည့်စုံလာနိုင်မည်ဟုလည်း ယုံကြည်သူများလည်း ရှိခဲ့သည်။

ရန်ကုန်မြစ်ကြောင်းအတွင်း Yangon Water Bus အဖြစ် ပြေးဆွဲရန် လုပ်ငန်းတင်ဒါကို နိုဝင်ဘာလ ၂၀ ရက်က စတင်ခေါ်ယူခဲ့ပြီး တင်ဒါရွေးချယ် စိစစ်ခြင်းကို ဖေဖော်ဝါရီလ ၈ ရက်က ဆောင်ရွက်ကာ လျှောက်လွှာစောင်ရေ ၄၀ ကျော်အနက် ပြည်တွင်းကုမ္ပဏီနှစ်ခုအနက် တင့်တင့်မြန်မာ ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့သည်။

Water Bus (အမြန်ရေယာဉ်) အဖြစ် ပြေးဆွဲရာတွင် စည်းကမ်းထိန်းသိမ်းခြင်းနှင့် ကြီးကြပ်အရေးယူခြင်း အပိုင်းကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA က ကိုင်တွယ်သွားမည် ဖြစ်သည်။

ရန်ကုန်မြစ်အတွင်း ရေကြောင်းသယ်ယူ ပို့ဆောင်ရေးအဖြစ် Water Bus ပြေးဆွဲခြင်းကို ၂၀၁၆ ခုနှစ်၊ မေလတွင် စတင်ပြေးဆွဲရန် ပြင်ဆင်ခဲ့သော်လည်း ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၇ ရက်မှ ပြေးဆွဲနိုင်ခဲ့သည်။

ဆန်းဆန်းထွေး
http://thevoicemyanmar.com

Your rating: None Average: 5 (1 vote)

Top Rated News

ဒေါ်နယ်ထရမ့်ရဲ့ ၁၂ ရက်ကြာ အာရှခရီး ရည်ရွယ်ချက်
Mobile User Guide
ဖုန်းဘက်ထရီ အသုံးခံစေဖို့
ဒစ်ဂျစ်တယ် ဆေးပြားများကို အမေရိကတွင် FDA က ပထမဆုံး အသိအမှတ်ပြု
နိုဝင်ဘာ နောက်ဆုံးပတ်အတွင်း မုန်တိုင်းငယ် ဖြစ်လာနိုင် ဒေသအနှံ့ မြူထူထပ်စွာ ကျဆင်းမည်
ပြင်ဦးလွင် ပန်းပွဲတော်ကို ဒီဇင်ဘာ ၁၆ ရက်တွင် စတင်ကျင်းပမည်
မောင်တောရှိ ဘင်္ဂါလီနှစ်ဦးထံမှ စိတ်ကြွဆေးပြား တစ်သန်းခန့်ဖမ်းမိ
MIC ခွင့်ပြုသည့် ကုမ္ပဏီများတွင် နိုင်ငံခြားသား ခန့်ခြင်းကို အသိမပေးပါက အမည်ပျက် စာရင်းသွင်းသည်အထိ အရေးယူမည်
Microsoft ၏ ပညာရေးအစီအစဉ်သစ် Minecraft
ဘင်္ဂလားဒေ့ရှ် နယ်စပ်ထိ မြန်မာ သတင်းထောက်တွေ ဘာကြောင့် မသွားသလဲ