Photo

တနင်္သာရီတိုင်းအတွင်း ခရီးသွားလုပ်ငန်း လာရောက်လုပ်ကိုင်ရန် ထိုင်းလုပ်ငန်းရှင်များ စိတ်ဝင်စားဟုဆို

By 7Day News 10 October, 2017 - 10:41

နှစ်နိုင်ငံကြား လည်ပတ်နိုင်မည့် နေရာဒေသများအကြောင်း ဆွေးနွေးရန် တနင်္သာရီ တိုင်းရှိ ခရီးသွားလုပ်ငန်းရှင်များကို ထိုင်းခရီးသွား လုပ်ငန်းရှင်များက ဖိတ်ခေါ်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်သည်စက်မှုအသင်း အထွေထွေအတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောကြားသည်။


ယင်းဖိတ်ကြားချက်အရ တနင်္သာရီတိုင်းရှိ ခရီးသွားလုပ်ငန်းရှင် ၁၀ ဦးက ထိုင်းနိုင်ငံသို့ အောက်တိုဘာ ၁၃ ရက်မှ ၁၄ ရက်အထိ နှစ်ရက်တာ သွားရောက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘သူတို့က အဓိက မြိတ် ဒေသကို စိတ်ဝင်စားနေကြတယ်။ ဒီဘက်ကို ခရီးသွားလုပ်ငန်း လာလုပ်ချင်တယ်။ ဒီဘက်ကလည်း ဟိုဘက်မှာ ခရီးသွားလုပ်ငန်းသွား လုပ်ချင်တယ်။ အဲဒီတော့ ဒေသ နှစ်ခုကြား ဘယ်နေရာ၊ ဘယ်ဧရိယာတွေ သွားလည်လို့ရလဲ ဆွေးနွေးကြမယ်။ အပြန်အလှန် ဆွေးနွေးတာတော့ရှိမယ်’’ဟု ဦးကျော်ကျော်ဦးက ပြောသည်။

လက်ရှိတွင် အကျိုးတူခရီးသွားလုပ်ငန်း လုပ်ဖြစ်၊ မလုပ်ဖြစ် မပြောနိုင်သေးဘဲ နှစ်နိုင်ငံရှိ ခရီးသွားလည်ပတ်နိုင်မည့် ဒေသများကို သတင်းဖလှယ်မည်ဟု ၎င်းက ဆိုသည်။

‘‘ကျွန်တော် အခု ခရီးသွား လုပ်ငန်းလုပ်ဖို့ ပြင်ဆင်နေတာ ပါ။ တနင်္သာရီတိုင်းထဲမှာ လည်ပတ်စရာတွေ အများကြီးရှိတယ်။ ထိုင်းနိုင်ငံနဲ့လည်းနီးတော့ အဲဒီဘက်က လာရောက်လည်ပတ်သူတွေကို အဓိကထားမယ်လို့ ရည်ရွယ်ထားတယ်။ နောက်ပြီး ပြည်တွင်းက ခရီးသွားတွေလည်း နောက်ပိုင်းတော်တော်လာကြတာ တွေ့ရတယ်’’ဟု တနင်္သာရီတိုင်းရှိ ကုန်မျိုးစုံအရောင်းအဝယ် လုပ်ငန်းပိုင်ရှင်တစ်ဦးက ပြောကြားသည်။

ထားဝယ်ဒေသရှိ ရှင်ကိုးရှင် သမိုင်းဝင် ရှင်ဇလွန်စေတီတော် အပါအဝင် ကမ်းခြေဒေသများ၊ မြိတ်ကျွန်းစုများနှင့် ရှုခင်းလှပသည့်နေရာများသို့ လာရောက်နိုင်ကြောင်း တနင်္သာရီတိုင်းမှ ခရီးသွားလုပ်ငန်းရှင်များက တင်ပြမည်ဖြစ်ပြီး ထိုင်းနိုင်ငံမှ ခရီးသွားများ ယင်းဒေသသို့ အများဆုံး လာရောက်လည်ပတ်ကြောင်း ဦးကျော်ကျော်ဦးက ပြောသည်။

ထားဝယ်ဒေသရှိ ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပါက ဒေသတွင်း အလုပ်အကိုင် ရရှိမှုနှင့် ဝင်ငွေတိုးတက်လာမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် မြန်မာဘက်မှ ထိုင်းဘက်သို့ ယာယီနယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်ဖြင့် သွားရောက်လည်ပတ်နိုင်ပြီး ထိုင်းဘက်မှ ခရီးသွားများအနေဖြင့်လည်း ယင်းအစီအစဉ်ဖြင့်ပင် ပြည်တွင်းသို့ လာရောက်လည်ပတ်နေသည်။

ယုဝေ
http://www.7daydaily.com

Your rating: None Average: 5 (1 vote)