Photo

ဆက်သွယ်ရေး ဈေးကွက် အသစ်ဝင်မည့် MyTel ဈေးနှုန်းထက် အရည်အသွေးကို အဓိက ယှဉ်ပြိုင်မည်

By The Voice Weekly 9 October, 2017 - 20:44

ပြည်တွင်းဆက်သွယ်ရေး ဈေးကွက်အတွင်းသို့ လာမည့် ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဝင်ရောက်လာတော့မည့် စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာ Mytel က ဈေးနှုန်းထက် အရည်အသွေးကို အဓိကထား ယှဉ်ပြိုင်မည်ဖြစ်ကြောင်း Mytel မှ Chief External Relation Officer ဦးဇော်မင်းဦးက ပြောကြားသည်။


လက်ရှိအချိန်တွင် ဆက်သွယ်ရေး အော်ပရေတာများသည် ဖုန်းခေါ်ဆိုခနှုန်းထားများနှင့် အင်တာနက် အသုံးပြုခများ အပြိုင်အဆိုင် လျှော့ချလျက်ရှိပြီး ဈေးကွက်ပြိုင်ဆိုင်မှု များလာလျှင် ဈေးနှုန်းများ ကျဆင်းလာမည်ဖြစ်သော်လည်း အင်တာနက် ဝန်ဆောင်မှု အရည်အသွေးပိုင်း အားသာချက်များရှိကြောင်း ၎င်းက​ပြောဆိုသည်။

“မားကက် အပြိုင်အဆိုင်ဖြစ်လာရင် ဈေးကတော့ ကျလာမှာပဲ။ ဒါတွေကတော့ မှန်းထားပြီးသားပါ။ ဈေးနှုန်းပြီးရင်တော့ အရည်အသွေးအပိုင်း လာမှာပေါ့”ဟု ၎င်းကဆိုသည်။

MyTel ကုမ္ပဏီကို ဗီယက်နမ်နိုင်ငံ အခြေစိုက် Viettel ကုမ္ပဏီနှင့် ပြည်တွင်း ကုမ္ပဏီများ ဖွဲ့စည်းထားသည့် Myanmar National Telecom Holdings ကုမ္ပဏီတို့ ပူးပေါင်း လုပ်ဆောင်ထားပြီး လာမည့် ၂၀၁၈ နှစ်ဆန်းပိုင်း ဇန်နဝါရီလခန့်တွင် ဝန်ဆောင်မှု စတင်မည်ဖြစ်သည်။

လက်ရှိအချိန်တွင် ပြည်တွင်း ဆက်သွယ်ရေး အော်ပရေတာ သုံးခုဖြစ်သော MPT၊ တယ်လီနောနှင့် အူရီဒူးတို့က ဖုန်းခေါ်ဆိုခများကို ၁ မိနစ်လျှင် ၁၀ ကျပ် (ဆင်းမ်ကတ် အမျိုးအစားတူ အချင်းချင်း) သို့ လျှော့ချလိုက်ပြီး အင်တာနက် အသုံးပြုခနှုန်းများကိုလည်း ယခင်ကနှုန်းထားများထက် အသီးသီး လျှော့ချထားသည်။

လတ်တလောတွင် မြန်မာနိုင်ငံ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ မိုဘိုင်းလ် ဖုန်းဆက်သွယ်ရေး ကွန်ရက်ကို သုံးစွဲလျက်ရှိပြီး ဆက်သွယ်ရေး အော်ပရေတာ သုံးခုက ဈေးကွက်ဝေစု ခွဲဝေရရှိထားကြကာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က သုံးစွဲသူသန်း ၂၀ ကျော်ဖြင့် ဈေးကွက်ဝေစု အများဆုံး ရရှိထားသည်။

ရန်ကုန်၊ အောက်တိုဘာ ၉
http://thevoicemyanmar.com

Your rating: None Average: 5 (1 vote)