Photo

အော်ပရေတာအသစ် MyTel ၀န်ထမ်း သုံးထောင်ကျော် ခန့်အပ်ရန် စီစဉ်နေ၊ မိုးရာသီ၌ တာဝါအနည်းငယ်သာ တည်ဆောက်နိုင်ဟု MyTel ပြော

By 7Day News 18 September, 2017 - 00:06

ဆက်သွယ်ရေးအော်ပ ရေတာအသစ် MyTel သည် လုပ်ငန်း စတင်လည်ပတ်မည့် ၂၀၁၈ မတိုင်မီ ၀န်ထမ်းသုံးထောင်ကျော် ခန့်အပ်နိုင်ရန် စီစဉ်နေသည်။


လက်ရှိအချိန်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့၌ ၀န်ထမ်းခေါ်ယူသည့် လုပ်ငန်းစဉ်ကို ဆောင်ရွက်နေပြီး ၀န်ထမ်း ၅၀၀ ခန့်ကို MyTel က ခန့်အပ်ခဲ့သည်။‘‘အရောင်းတွေမခေါ်ရသေးဘူး။ ဒါတွေခေါ် လိုက်ရင်တော့ တော်တော်လေးများသွားမှာ’’ဟု အော်ပရေတာ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်မင်းဦးက ပြောသည်။

အလုပ်အကိုင်ရှာဖွေရေး ၀က်ဘ်ဆိုက် work.com.mm ၏ ထုတ်ပြန်ချက်အရ MyTel သည် ၂၀၁၇ သြဂုတ်အတွင်း ၀န်ထမ်း အများဆုံးခေါ်ယူသည့် အော်ပရေတာဖြစ်သည်။ တစ်လအတွင်း အွန်လိုင်းမှ လူဦးရေသုံးသောင်းကျော် အလုပ်အကိုင် လျှောက်ထားပြီး ၁၅ ရာခိုင်နှုန်းသည် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းကို ဦးစားပေးလျှောက်ထားခဲ့ ကြောင်း work.com.mm က ထုတ်ပြန်သည်။

MyTel ဆိုသည်မှာ ဗီယက်နမ်အစိုးရပိုင် Viettel ၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း(Star High ကုမ္ပဏီ)နှင့် အများပိုင်ကုမ္ပဏီ ၁၁ ခုဖြင့် ဖွဲ့စည်းထားသော Myanmar National Telecom Holding Public တို့ ပူးပေါင်းထား သည့် အော်ပရေတာဖြစ်ပြီး ၁၅ နှစ်အကြာ အော်ပရေတာလုပ်ကိုင်ခွင့်လိုင်စင်ကို ၂၀၁၇ ဇန်န၀ါရီ ၁၂ ရက်တွင် ရရှိခဲ့သည်။

ဆက်သွယ်ရေးအော်ပရေ တာများအနက် အူရီးဒူးသည် MyTel နှင့်အပြိုင် ၀န်ထမ်းခေါ်ယူ မှုကို သြဂုတ်လတွင်း ပြုလုပ်ခဲ့ သည်။ တယ်လီကွန်းကဏ္ဍတွင် အော်ပရေတာသုံးခု ပြိုင်ဆိုင်ရာမှ အော်ပရေတာ လေးခုအဖြစ် ပြိုင်ဆိုင်မှု ပြောင်းလဲလာသည့်နောက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုပေါများလာခြင်း ဖြစ်သည်။

တယ်လီကွန်းကဏ္ဍ၌ အ လုပ်အကိုင် ခေါ်ယူခြင်းသည် ၂၀၁၃ ကတယ်လီနောနှင့် အူရီးဒူးတို့ အပြိုင်အဆိုင်ခေါ်ယူခဲ့ပြီး ၂၀၁၅ ခန့်တွင် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းက ၀န်ထမ်းများ တိုးချဲ့ခေါ်ယူခဲ့သည်။ အော်ပရေတာများတွင် မြန်မာဝန်ထမ်းဦးရေက နိုင်ငံခြားသားဝန်ထမ်းဦးရေထက်ပိုမိုများပြားရန် သက်ဆိုင်ရာဝန်ကြီးဌာက သတ်မှတ်ထားသည်။

ဝန်ဆောင်မှုစတင်နိုင်ရန် ပြင်ဆင်နေသည့် MyTel သည် တာဝါတည်ဆောက်ရာ၌ မိုးရာသီဖြစ်သဖြင့် အရေအတွက်အနည်းငယ်ကိုသာ တည်ဆောက်နိုင်ကြောင်း ဦးဇော်မင်းဦးက ပြောသည်။

MyTel အနေဖြင့် တည် ဆောက်ပြီး တာဝါပိုင်ဆိုင်မှုကို ထုတ်ပြန်ပြောဆိုခြင်း မရှိသော် လည်း ၂၀၁၇ အတွင်း တာဝါအ ရေအတွက်အများအပြားကို ငှား ရမ်း စာချုပ်ချုပ်ဆိုနိုင်ခဲ့ကြောင်း၊ ကိုယ်ပိုင်တာဝါ အနေဖြင့် တည်ဆောက်မှုကို ဆက်လက် လုပ်ဆောင်နေကြောင်း ၎င်းက ပြောသည်။

မိုးရာသီအတွင်း တာဝါ တည်ဆောက်သည့်အခါ မြေပြို ခြင်းနှင့် မြေအောက်ရေစိမ့်ထွက်ခြင်းကို အဓိက ကြုံတွေ့ရသဖြင့်  ကြန့်ကြာမှုများ ဖြစ်ပွားနေကြောင်း မိုဘိုင်းတာဝါ တည်ဆောက် လုပ်ကိုင်သည့် ဦးရဲဇော်ခိုင်က ပြောသည်။

တာဝါတစ်ခု၏ ကုန်ကျစရိတ်သည် ဝေးလံခေါင်ဖျားသည့် အရပ်ဒေသအပေါ် မူတည်၍ ကန်ဒေါ်လာ ခုနစ်သောင်းမှ တစ်သိန်း အထိရှိကြောင်း၊ တည်ဆောက်ပြီး တာဝါများ သက်တမ်းသည် ပျမ်းမျှအားဖြင့် နှစ် ၅၀ သက်တမ်းရှိကြောင်း တာဝါတည်ဆောက်ရေးကုမ္ပဏီများမှ တာဝန်ရှိသူများက ပြောသည်။

MyTel သည် ၂၀၁၈ တွင် ၀န်ဆောင်မှုစတင်ပေးအပ်မည် ဟု ကတိပြုထားသည့် အော်ပရေ တာအသစ်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ နှစ်ဘီလီယံ အသုံးပြုမည်ဟု ထုတ်ပြန်ထားသည်။ ၀န်ဆောင်မှုကို ကျေးလက်ဒေသတွင် အဓိကထား လုပ်ဆောင်မည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၌ အသုံးပြုသူ ငါးသန်းပိုင်ဆိုင်ရန် MyTel က မျှော်လင့်ထားသည်။

လက်ရှိအချိန်၌ ဆက်သွယ်ရေးအော်ပရေတာ တယ်လီနောသည် တာဝါတိုင် ရှစ်ထောင် ပိုင်ဆိုင်ထားပြီး နိုင်ငံအတွင်း တာဝါအများဆုံး ပိုင်ဆိုင်သည့် အော်ပရေတာဖြစ်ကြောင်း ကြေညာထားသည်။

http://www.7daydaily.com

Your rating: None Average: 5 (1 vote)

Top Rated News

မောင်တောရှိ ဘင်္ဂါလီနှစ်ဦးထံမှ စိတ်ကြွဆေးပြား တစ်သန်းခန့်ဖမ်းမိ
MIC ခွင့်ပြုသည့် ကုမ္ပဏီများတွင် နိုင်ငံခြားသား ခန့်ခြင်းကို အသိမပေးပါက အမည်ပျက် စာရင်းသွင်းသည်အထိ အရေးယူမည်
Microsoft ၏ ပညာရေးအစီအစဉ်သစ် Minecraft
ဘင်္ဂလားဒေ့ရှ် နယ်စပ်ထိ မြန်မာ သတင်းထောက်တွေ ဘာကြောင့် မသွားသလဲ
ဒေါ်နယ်ထရမ့်ရဲ့ ၁၂ ရက်ကြာ အာရှခရီး ရည်ရွယ်ချက်
Mobile User Guide
ဖုန်းဘက်ထရီ အသုံးခံစေဖို့
ဒစ်ဂျစ်တယ် ဆေးပြားများကို အမေရိကတွင် FDA က ပထမဆုံး အသိအမှတ်ပြု
နိုဝင်ဘာ နောက်ဆုံးပတ်အတွင်း မုန်တိုင်းငယ် ဖြစ်လာနိုင် ဒေသအနှံ့ မြူထူထပ်စွာ ကျဆင်းမည်
ပြင်ဦးလွင် ပန်းပွဲတော်ကို ဒီဇင်ဘာ ၁၆ ရက်တွင် စတင်ကျင်းပမည်