Photo

ဘင်္ဂါလီပြဿနာသည် ပြည်တွင်းရေးသာဖြစ်ပြီး နိုင်ငံတကာ ဝင်မစွက်ဖက်သင့်ဟု ရုရှားသတိပေး

By 7Day News 17 September, 2017 - 23:57

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ဘင်္ဂါလီအရေးကို ဖြေရှင်းရာ၌ နိုင်ငံတကာက ပါဝင် စွက်ဖက်ခြင်းမျိုး မရှိသင့်ကြောင်း ရုရှားအစိုးရက ပြောကြားသည်။


ဘင်္ဂါလီအကျပ် အတည်းသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်၍ မြန်မာအစိုးရကသာ အပြည့်အဝ ကိုင်တွယ်ဖြေရှင်းရန် အခွင့်အရေးရှိသင့်ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီးမာရီယာ ဇာခါရိုဗာက ဆိုသည်။

‘‘မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ဖြေရှင်းနိုင်ရေးကို ရုရှားက တတ်အားသရွေ့ ထောက်ခံနေပါတယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး ကိစ္စတစ်ခုကို တခြားနိုင်ငံတွေက ဝင်စွက်ဖက်တာမျိုး မလုပ်ဖို့လည်း တောင်းဆိုပါတယ်’’ ဟု ဇာခါရိုဗာက ပြောကြားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် တပ်မတော်က နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ရာ ဘင်္ဂါလီမျိုးနွယ်စု အများအပြား ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်၍ မြန်မာအစိုးရအပေါ် ဖိအားပေးရန် နိုင်ငံတကာ၏ တောင်းဆိုမှုများ ထွက်ပေါ်လာသလို ဘင်္ဂါလီအရေးကို ကုလသမဂ္ဂ လုံခြုံရေးညီလာခံတွင် ထည့်သွင်းဆွေးနွေးရန် ဗြိတိန်နှင့် ဆွီဒင်တို့က အဆိုပြုခဲ့သည်။

ဇာခါရိုဗာကမူ ရုရှားအနေဖြင့် ယခုပြဿနာသည် အချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်ခု ရင်ဆိုင်နေရသည့် ပြည်တွင်းရေး အကျပ်အတည်းတစ်ခုအဖြစ် အပြည့်အဝ လက်ခံကြောင်း ဆိုသည်။

‘‘အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကို ဝင်စွက်ဖက်တဲ့အခါ နောက်ဆက်တွဲ ရှုပ်ထွေးလွန်းတဲ့ ပဋိပက္ခတွေ ထပ်ဖြစ်အောင် လှုံ့ဆော်သလို ဖြစ်သွားတတ်ပါတယ်။ ဒါကို နားလည်ဖို့ သိပ်အရေးကြီးတယ်။ မြန်မာနိုင်ငံမှာ ကွဲပြားတဲ့ ယုံကြည်မှု အသိုက်အဝန်းတွေကြား ဘာသာရေး ခေါင်းဆောင်တွေ အပါအဝင် ဆွေးနွေးညှိနှိုင်းမှုတွေ ဖြစ်မြောက်လာဖို့ကိုတော့ ရုရှားက အလေးအနက် ကြိုဆိုထောက်ခံပါတယ်’’ဟု ဇာခါရိုဗာက ပြောကြားသည်။

ဇာခါရိုဗာက မြန်မာအစိုးရ တာဝန်ရှိသူများသည် ရွှေ့ပြောင်းဘင်္ဂါလီများ အခြေတကျ ပြန်ဖြစ်ရေး တစ်ဆင့်ချင်း လုပ်ဆောင်နေ မှုကို ရုရှားက အသိအမှတ်ပြုကြောင်းနှင့် လက်ရှိ ပြဿနာ၏ အလားအလာမှာ အကောင်းဘက် ဦးတည်လာမည်ဟု မျှော်လင့် ယုံကြည်ကြောင်း ဆိုသည်။

‘‘မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်စွက်ဖက်လိုက်လို့ကတော့ နောက်ဆုံးမှာ အသားတင် ကျန်ခဲ့မယ့်ရလဒ်က တစ်ခုပဲရှိတယ်။ လူ့အသိုက်အဝန်းတွေ ကြား အမြင်ကွဲပြားမှု၊ မယုံကြည်မှုတွေက အခုထက် ပိုနက်ရှိုင်း၊ ပိုဆိုးရွားသွားမှာ သေချာတယ်’’ ဟု ၎င်းက သတိပေး ပြောဆိုသည်။

—Ref: Tass

http://www.7daydaily.com

Your rating: None Average: 5 (1 vote)

Top Rated News

Microsoft ၏ ပညာရေးအစီအစဉ်သစ် Minecraft
ဘင်္ဂလားဒေ့ရှ် နယ်စပ်ထိ မြန်မာ သတင်းထောက်တွေ ဘာကြောင့် မသွားသလဲ
ဒေါ်နယ်ထရမ့်ရဲ့ ၁၂ ရက်ကြာ အာရှခရီး ရည်ရွယ်ချက်
Mobile User Guide
ဖုန်းဘက်ထရီ အသုံးခံစေဖို့
ဒစ်ဂျစ်တယ် ဆေးပြားများကို အမေရိကတွင် FDA က ပထမဆုံး အသိအမှတ်ပြု
နိုဝင်ဘာ နောက်ဆုံးပတ်အတွင်း မုန်တိုင်းငယ် ဖြစ်လာနိုင် ဒေသအနှံ့ မြူထူထပ်စွာ ကျဆင်းမည်
ပြင်ဦးလွင် ပန်းပွဲတော်ကို ဒီဇင်ဘာ ၁၆ ရက်တွင် စတင်ကျင်းပမည်
မောင်တောရှိ ဘင်္ဂါလီနှစ်ဦးထံမှ စိတ်ကြွဆေးပြား တစ်သန်းခန့်ဖမ်းမိ
MIC ခွင့်ပြုသည့် ကုမ္ပဏီများတွင် နိုင်ငံခြားသား ခန့်ခြင်းကို အသိမပေးပါက အမည်ပျက် စာရင်းသွင်းသည်အထိ အရေးယူမည်