Photo

အကြမ်းဖက် သမားများ လက်နက်နှင့် လူအင်အား စုစည်းနေကြောင်း သတင်း ထပ်မံရရှိထားဟုဆို

By 7Day News 17 September, 2017 - 23:49

မောင်တောဒေသတွင် အကြမ်းဖက်သမားများ လက်နက်နှင့် လူအင်အားစုစည်းနေသည့်သတင်းများ ထပ်မံရရှိထား ကြောင်း အမှတ်(၁)နယ်ခြား စောင့် ရဲကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်က ပြောသည်။


‘‘လူစုဖွဲ့တယ်လို့ လက်နက် ခဲယမ်းတွေ ခိုးသွင်းတယ်။ ဒါမျိုး ပေါ့။ နောက်ပြီးတော့ သူတို့တွေ လက်နက်ခဲယမ်းတွေကို သူတို့ အစောင့်ထားပြီးတော့ တချို့နေရာတွေမှာ ၀ှက်ပြီးတော့ အရပ်သားတွေနဲ့ အသွင်ယူနေတယ်။ ဒီလိုမျိုးတွေ သတင်းတွေပေါ့ကွာ။မှန်တာလည်း ရှိမယ်၊ မှားတာလည်း ရှိမယ်။ သတင်းဆိုတာ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ဒီ က ရတဲ့ သတင်းပေါ့’’ဟု ရဲမှူးချုပ် သူရစန်းလွင်က ပြောသည်။

အဆိုပါသတင်းများကြောင့် လုံခြုံရေး အဖွဲ့အစည်းများဆောင်ရွက်ရမည့် လုပ်ငန်းများ လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။

ARSA အကြမ်းဖက်အဖွဲ့က တစ်လကြာ ပစ်ခတ်တိုက်ခိုက်မှု ရပ်နားမည်ဟု ကြေညာပြီးသည့် နောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့များ နှင့် အကြမ်းဖက်များအကြား ထိ တွေ့မှုရှိ၊ မရှိမေးမြန်းရာ ‘မရှိ’ဟု ရဲမှူးချုပ်သူရစန်းလွင်က ပြောသည်။ ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် ဒေသများတွင် အောက်တိုဘာ ၉ ရက်အထိ တစ်လကြာပစ်ခတ် တိုက်ခိုက်မှုရပ်နားမည်ဟု စက်တင်ဘာ ၁၀ ရက်၌ ARSA က ၎င်းတို့တွစ်တာအကောင့်မှ ကြေညာခဲ့သည်။

အကြမ်းဖက်သမားများနှင့် ညှိနှိုင်းဆောင်ရွက်ရန် မူဝါဒမရှိကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ARSA ၏တစ်လကြာ အပစ်ရပ်စဲကြောင်း ကြေညာသည့်နေ့၌ပင် ၎င်း၏ တွစ်တာစာမျက်နှာ၌ ရေးသားဖော်ပြသည်။

သြဂုတ် ၂၅ ရက် နံနက်က စ၍ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်ဒေသတို့ရှိ နယ်ခြားစောင့်ရဲစခန်း ၃၀ တစ်ပြိုင်တည်း တိုက်ခိုက်ခံရ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ သေဆုံး ဒဏ်ရာရရှိခဲ့သည်။ သြဂုတ် ၂၅ ရက် မှ သြဂုတ်လကုန်အထိ လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် အကြမ်းဖက်သမားများ အကြား အပြန်အလှန် ထိတွေ့ တိုက်ခိုက်မှုများနှင့် မောင်တော ဒေသရှိ ကျေးရွာများ မီးရှို့ခံရမှု နေ့စဉ်နီးပါး ဖြစ်ပွားကြောင်း အစိုးရသတင်းထုတ်ပြန်ချက်များ၌ ဖော်ပြခဲ့သည်။

သြဂုတ် ၂၅ ရက်က စတင် သည့် အကြမ်းဖက်မှုများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်နှင့် ဝန်ထမ်း ၁၅ ဦး၊ အရပ်သား ၂၈ ဦး သေဆုံးခဲ့ကြောင်း အစိုးရက သတင်း ထုတ်ပြန်သည်။ သတင်းထုတ်ပြန် ချက်များအရ သြဂုတ် ၂၅ ရက်မှ စတင်ဘာ ၅ ရက်အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက် အဖွဲ့များအကြား ထိတွေ့တိုက် ခိုက်မှု အကြိမ် ၁၀၀ ခန့် ဖြစ်ပွားခဲ့ရာ အကြမ်းဖက်သမား ၃၈၀ ကျော် အသေရရှိကာ ၅၀ ကျော် ဖမ်းဆီးရမိသည်။

 

http://www.7daydaily.com

Your rating: None Average: 5 (1 vote)

Top Rated News

ဒေါ်နယ်ထရမ့်ရဲ့ ၁၂ ရက်ကြာ အာရှခရီး ရည်ရွယ်ချက်
Mobile User Guide
ဖုန်းဘက်ထရီ အသုံးခံစေဖို့
ဒစ်ဂျစ်တယ် ဆေးပြားများကို အမေရိကတွင် FDA က ပထမဆုံး အသိအမှတ်ပြု
နိုဝင်ဘာ နောက်ဆုံးပတ်အတွင်း မုန်တိုင်းငယ် ဖြစ်လာနိုင် ဒေသအနှံ့ မြူထူထပ်စွာ ကျဆင်းမည်
ပြင်ဦးလွင် ပန်းပွဲတော်ကို ဒီဇင်ဘာ ၁၆ ရက်တွင် စတင်ကျင်းပမည်
မောင်တောရှိ ဘင်္ဂါလီနှစ်ဦးထံမှ စိတ်ကြွဆေးပြား တစ်သန်းခန့်ဖမ်းမိ
MIC ခွင့်ပြုသည့် ကုမ္ပဏီများတွင် နိုင်ငံခြားသား ခန့်ခြင်းကို အသိမပေးပါက အမည်ပျက် စာရင်းသွင်းသည်အထိ အရေးယူမည်
Microsoft ၏ ပညာရေးအစီအစဉ်သစ် Minecraft
ဘင်္ဂလားဒေ့ရှ် နယ်စပ်ထိ မြန်မာ သတင်းထောက်တွေ ဘာကြောင့် မသွားသလဲ