Photo

ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲတွင် မြန်မာဗိုဗီနမ် အသင်း ရွှေတံဆိပ် နှစ်ခု ဆွတ်ခူးနိုင်ခဲ့

By Myanmar Times 10 August, 2017 - 21:22

သြဂုတ် ၁ ရက်မှ ၅ ရက်အထိ ကျင်းပခဲ့ သော (၅) ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ် ချန်ပီယံရှစ် ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ဗိုဗီနမ်အသင်းက ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ် တစ်ခု၊ ကြေးတံဆိပ် ကိုးခုတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး နိုင်ငံအလိုက် ရပ်တည်မှုတွင် အဆင့် (၇) ရရှိခဲ့သည်။

မြန်မာဗိုဗီနမ် အသင်းသည် အာရှနှင့် အာဆီယံပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ကမ္ဘာ့အဆင့်ပြိုင်ပွဲကို ယခုနှစ်မှ ပထမဆုံး ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

ယခုရရှိခဲ့သော ရွှေတံဆိပ်သည် မြန်မာဗိုဗီနမ်အဖွဲ့အတွက် ပထမဆုံး ကမ္ဘာ့အဆင့် ရွှေတံဆိပ်အဖြစ် မှတ်တမ်း တင်နိုင်ခဲ့သည်။

ယင်းပြိုင်ပွဲကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ အီရန်၊ အီတလီ ၊ မြန်မာ၊ ပြင်သစ်၊ ရုရှား၊ အာဖဂန်နစ္စတန်၊ ရိုမေးနီးယား၊ ဘယ်လ်ဂျီယံ၊ အိုင်ဗရီကို့စ်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဂျပန်၊ အီရတ်၊ အယ်လ်ဂျီးရီးယားနှင့် ဘလ်လာရု(စ်) စုစုပေါင်းနိုင်ငံ ၁၈ နိုင်ငံ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆုများကိုအမျိုးသမီး ဓားနှစ်လက်ပြိုင်ပွဲတွင် ခိုင်ဝါဖူး၊ အမျိုးသားလေးယောက်တွဲပြိုင်ပွဲတွင် မျိုးထွန်းအံ့၊ ချိုမနား၊ ချမ်းမြေ့အောင်၊ ရဲဝင့်ထူးတို့ အတွဲက ရယူပေးခဲ့ခြင်း ဖြစ်သည်။

ငွေတံဆိပ်ဆုကို ခိုင်ဝါဖူးကပင် အမျိုးသမီး တစ်ကိုယ်တော် အပြပြိုင်ပွဲ၌ ထပ်မံ ဆွတ်ခူးနိုင်ခဲ့သည်။

ကြေးတံဆိပ်ဆုများကို နှစ်ယောက်တွဲ (ကျား/မ) ပြိုင်ပွဲ၌ မင်းခန့် ဇာနည်လွင်နှင့် ချစ်နိုဒီဆောင်း၊ အမျိုးသား အတိုက်ပြိုင်ပွဲ၌ မျိုးထွန်းအံ့၊ အမျိုးသမီး အတိုက်ပြိုင်ပွဲ၌ မအယ်သျှီလာမင်းနိုင်၊ အမျိုးသား တစ်ကိုယ်တော် လက်ရေးပြိုင်ပွဲနှင့် အမျိုးသား အတိုက် ၆၄ ကီလိုတန်းပြိုင်ပွဲများတွင် မင်းခန့်ဇာနည်လွင်က ကြေးတံဆိပ်တစ်ခုစီ၊ အမျိုးသား တစ်ကိုယ်တော် ဓားပြိုင်ပွဲ၌ မျိုးထွန်းအံ့က ကြေးတံဆိပ်တစ်ခု ၊ အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲ၌ မခိုင်ဝါဖူးနှင့် မအယ်သျှီလာ မင်းနိုင်တို့အတွဲက ကြေးတံဆိပ်တစ်ခု၊ အမျိုးသမီး အတိုက်ပြိုင်ပွဲ၌ ခိုင်ဝါဖူးက ကြေးတံဆိပ်တစ်ခုနှင့် အမျိုးသား နှစ်ယောက်တွဲ လက်အတိုက်ပြိုင်ပွဲ၌ မျိုးထွန်းအံ့နှင့် ချိုမနားအတွဲက ကြေးတံဆိပ် တစ်ခုတို့ကို ရရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာအမျိုးသမီး ဗိုဗီနမ် အားကစားသမား ခိုင်ဝါဖူးသည် ယင်းပြိုင်ပွဲတွင် ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ် နှစ်ခုအထိ ဆွတ်ခူးနိုင်ခဲ့သော ကစားသမား ဖြစ်သည်။

ကျော်ဇင်လှိုင်
http://myanmar.mmtimes.com

Your rating: None Average: 5 (1 vote)