Photo

YBS ယာဉ်စီးခကို ကတ်စနစ်ပြောင်းရန် ရန်ကုန်တိုင်းအစိုးရ တင်ဒါခေါ်

By 7Day News 10 August, 2017 - 21:13

YBS ကားများ၌ ယာဉ် စီးခကို ငွေထည့်ပုံးထဲသို့ ထည့်သော စနစ်အစား ကတ်စနစ်ဖြင့် ပြောင်းလဲနိုင်ရန် လုပ်ကိုင်လိုသည့် ကုမ္ပဏီကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ဩဂုတ်၉ ရက်တွင် တင်ဒါခေါ်ယူပြီ ဖြစ်သည်။

 

[ လက်ရှိကျင့်သုံးလျက် ရှိသည်မှာ ငွေထည့်ပုံးထဲသို့ ယာဉ်စီးခထည့်သည့် စနစ်ဖြစ်သည်။ (ဓာတ်ပုံ − ကျော်ဇင်သန်း) ]

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ (YRTA)မှ ဘတ်စ်ကားများတွင် ကတ်စနစ် လုပ်ဆောင်ရန် Yangon Pay-ment Service ကို ပထမအဆင့် တင်ဒါခေါ်ယူခြင်း ဖြစ်သည်။ တင်ဒါ ပထမအဆင့် အဆိုပြုလွှာများ ကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ဩဂုတ် ၉ ရက်က စတင်ရောင်းချနေပြီ ဖြစ်သည်။ တင်ဒါတင်သွင်းသူများသည် ဩဂုတ် ၁၅ ရက်တွင် ရွေးချယ်ရေးအဖွဲ့သို့ လာရောက် ရှင်းပြရမည်ဖြစ်သည်။

YBS ကားများတွင် ကတ်စနစ်ဖြင့် ငွေပေးချေခြင်း လုပ်ငန်းအတွက် လိုအပ်သည့် Card Issuing လုပ်ငန်း၊ Card Acqui-ring လုပ်ငန်းနှင့် Cards Top up agent လုပ်ငန်းသုံးမျိုးကို တင်ဒါအောင်သည့်ကုမ္ပဏီက လုပ်ကိုင်ရမည်ဖြစ်သည်။

လက်ရှိ YBS ဘတ်စ်ကားလိုင်းစနစ်တွင် ယာဉ်နောက်လိုက်နေရာ၌ ငွေထည့်သည့်ပုံး (Cash Box) စနစ်သို့ ပြောင်းလဲထားပြီး ဖြစ်သော်လည်း ယာဉ်အချို့၌ ယာဉ်နောက်လိုက်များ ပါရှိနေဆဲဖြစ်သည်။

ထို့အပြင် Cash Box စနစ်ကြောင့် လက်ရှိတွင် ခရီးသွားများ ငွေအကြွေပြဿနာ ဖြစ်ပေါ်နေသဖြင့် ကတ်စနစ်သို့ အမြန်ဆုံး ပြောင်းလဲရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြင်ဆင်နေခြင်း ဖြစ်သည်။

YBS ဘတ်စ်ကားစနစ်တွင် အများစုသည် ကုမ္ပဏီများက ပါဝင်ပြေးဆွဲနေသော ကားလိုင်းများ ဖြစ်ပေါ်လာ၍ ကတ်စနစ်ဖြင့် ပြောင်းလဲရန် အခက်အခဲမရှိနိုင်ကြောင်း YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆို သည်။

လက်ရှိအချိန်ထိ YBS ဘတ်စ်ကားစနစ်တွင် ထည့်သွင်းပြေးဆွဲရန် ပုဂ္ဂလိကကုမ္ပဏီများက ဝယ်ယူထားသည့် ဘတ်စ်ကား ၁,၆၀၀ ခန့်နှင့် ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့က ဝယ်ယူထားသော ဘတ်စ်ကား ၁,၀၀၀ ရှိနေ ကာ ပုဂ္ဂလိကကားသစ်အများစု ဝင်ရောက် ပြေးဆွဲနေပြီဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည် YBS ဘတ်စ်ကား စနစ်ဖြင့် ဇန်နဝါရီ ၁၆ ရက်က စတင်ပြေးဆွဲပြီး လက်ရှိတွင် ဘတ်စ်ကားလိုင်း ၈၀ ခန့်က ကား ၄,၀၀၀ ခန့်ဖြင့် ပြေးဆွဲနေသည်။

YBS ဘတ်စ်ကားစီးရာတွင် ငွေအကြွေမရှိပါက အခက်အခဲ ကြုံတွေ့တတ်ပြီး ခရီးသည်အချင်းချင်း နားလည်မှုဖြင့် အကြွေလဲ ဖြေရှင်းနေရကြောင်း ကုမ္ပဏီ ဝန်ထမ်း မမြတ်ငြိမ်းက ပြောကြားသည်။

မိုးညို
http://www.7daydaily.com

Your rating: None Average: 5 (2 votes)