Photo

အိုင်တီနှင့် ဆော့ဖ်ဝဲလုပ်ငန်းများသည် အမေရိက၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်ဟုဆို

By The Voice Weekly 10 August, 2017 - 20:26

အမေရိကန် ပြည်ထောင်စုတွင် ဇူလိုင်လအတွင်းက နည်းပညာရပ်နှင့် ဆက်စပ်သည့် လုပ်ငန်းသစ်ပေါင်း ၉၆၀ဝ ခန့် ပေါ်ပေါက်ခဲ့ပြီး အိုင်တီနှင့် ဆော့ဖ်ဝဲဝန်ဆောင်မှု လုပ်ငန်းများတွင် ရာထူးနေရာပေါင်း ၄၉၀ဝ ခန့်ထားနိုင်ခဲ့ကြောင်း Tech Republic သတင်းတွင် ဖော်ပြထားသည်။


CompTIA အစီရင်ခံစာတွင်လည်း အမေရိက၏ ဖွံ့ဖြိုးတိုးတက်ရေးကို အိုင်တီနှင့် ဆော့ဖ်ဝဲလုပ်ငန်းများက ဦးဆောင်လျက်ရှိပြီး Cloud-based နည်းပညာများနှင့် နည်းပညာကို အရာရာတွင် ဝန်ဆောင်မှုတစ်ခု အနေနှင့် (Everything as a Service) ထည့်သွင်း လုပ်ဆောင်နေကြသောကြောင့်လည်း ယခုကဲ့သို့ အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်လာခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ယခုနှစ် ဧပြီလက စတင်ပြီး အိုင်တီလုပ်ငန်း ဌာနများတွင် ရာထူး နေရာပေါင်း ၇၂၁၀ဝ ကို ခန့်ထားပေးနိုင်ခဲ့သော်လည်း ဆော့ဖ်ဝဲ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်နေရာပေါင်း ၆၁၀ဝ၀ ခန့်မှာ လစ်လပ်နေသေးကြောင်း ComptTIA ၏ အစီရင်ခံစာတွင် ရေးသားထားသည်။

လာမည့်နှစ်များအတွင်း နည်းပညာရှင်ပေါင်း များစွာ ရှာဖွေခန့်ထားရန် အစီအစဉ်များရှိနေပြီး ကျွမ်းကျင်အိုင်တီ လုပ်သားများ ရှားပါးသည့် ပြဿနာများကို ရင်ဆိုင်နေရသေးကြောင်း၊ လိုအပ်ချက်ထက် နည်းပညာ လုပ်သားများ ရှာဖွေမရသည့် အခက်အခဲများကို ကြုံတွေ့နေရကြောင်း ComptTIA မှ ဒုတိယဥက္ကဋ္ဌ တင်မ်ဟားဘတ်က ပြောကြားသည်။

ဇူလိုင်လတွင် အိုင်တီလုပ်ငန်းများဖြစ်သည့် Potals ပိုင်းတွင် ၂၃၀ဝ ဦး၊ ကွန်ပျူတာနှင့် အီလက်ထရွန်နစ် ထုတ်လုပ်ရေးအပိုင်းတွင် ၁၃၀ဝ ဦး၊ ဒေတာဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများတွင် ၁၂၀ဝ ဦးသာ ခန့်ထားနိုင်ခဲ့ပြီး ကွန်ပျူတာ ချစ်ပ် ထုတ်လုပ်သည့်လုပ်ငန်း၊ အီလက်ထရွန်နစ်ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းနှင့် ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းများတွင် ပညာရှင် အများအပြား လိုအပ်လျက်ရှိသေးကြောင်း Tech Republic သတင်းတွင် ဖော်ပြထားသည်။

ဆက်သွယ်ရေးကဏ္ဍတွင် နည်းပညာရှင်များသည် အလွန် ရှားပါးနေပြီး လွန်ခဲ့သည့် ဇူလိုင်လက လူပေါင်း ၁၀ဝ ခန့် အလုပ် ထွက်သွားကာ၊ ၂၀၁၇ ခုနှစ်အတွက် ဤကဏ္ဍတွင် လူပေါင်း ၃၈၅၀ဝ ကျော် လိုအပ်နေဦးမည်ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

ဝါရှင်တန်၊ ဩဂုတ် ၈
http://thevoicemyanmar.com

Your rating: None Average: 5 (1 vote)