Photo

အမေရိကန်ပိုင် ဂူအမ်ကျွန်း အနီးသို့ ဒုံးကျည် ပစ်ခတ်ရန် အလေးအနက် စီစဉ်နေကြောင်း မြောက်ကိုရီးယားဆို

By 7Day News 10 August, 2017 - 20:23

အမေရိကန်ပိုင် ဂူအမ်ကျွန်း အနီးသို့ ဒုံးကျည်ဖြင့် ပစ်ခတ်မည့် အစီအစဉ်ကို ရက်ပိုင်းအတွင်း အကောင်အထည် ဖော်နိုင်ရန် ကြိုးစားနေကြောင်း မြောက်ကိုရီးယားက အလေးအနက် ကြေညာခဲ့သည်။


(Photo - ဂူအမ်ရှိ အန်ဒါဆန် လေတပ်စခန်း အထက်တွင် ပျံသန်းနေသည့် အမေရိကန်လေတပ် B-2 ဗုံးကြဲလေယာဉ်နှင့် F-15 တိုက်လေယာဉ်များ)

အမေရိကန်နှင့် မြောက်ကိုရီးယားတို့ကြား တင်းမာမှုများ ပိုမို မြင့်တက်လာခြင်းနှင့်အတူ အမေရိကန်ကို သတိပေးသည့် သဘောမျိုးဖြင့် ဂူအမ်ကျွန်း အနီးရှိ ရေပြင်သို့ ဒုံးကျည်လေးစင်း ပစ်လွှတ်ရန် စီစဉ်နေကြောင်း မြောက်ကိုရီးယားက ဆိုသည်။ အဆိုပါ သတင်းနှင့် ပတ်သက်၍ ဂူအမ်တွင် နေထိုင်သူများ အထူးတလည် စိုးရိမ်လျက် ရှိသည်။

မြောက်ကိုရီးယား အစိုးရ သတင်းဌာန၏ ကြေညာချက်တွင် Hwasong-12 အမျိုးအစား ဒုံးကျည်များသည် ဂျပန်လေပိုင်နက် အထက်မှ ဖြတ်ကျော် ပျံသန်းကာ ဂူအမ်ကျွန်းနှင့် ကီလိုမီတာ ၃၀ မျှသာ ကွာဝေးသည့် ရေပြင်ပေါ် ကျရောက်စေမည်ဟု ဖော်ပြပါရှိသည်။ ဂူအမ်ကျွန်းသည် ပစိဖိတ်ကို လွှမ်းမိုးထိန်းချုပ်ထားသည့် အမေရိကန်၏ မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးများ အခြေစိုက်ရာ အန်ဒါဆန် လေတပ်စခန်း တည်ရှိရာ နယ်မြေလည်း ဖြစ်သည်။

ထို့အပြင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လိုအပ်လာလျှင် မီးကုန်ယမ်းကုန် တုံ့ပြန်မည်ဆိုသော ထုတ်ပြန်ချက်အပေါ် မြောက်ကိုရီးယားက ရှုတ်ချကြောင်းလည်း အဆိုပါ ကြေညာချက်တွင် ထည့်သွင်း ထုတ်ပြန်ထားသည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျင်မ်မက်တစ်က အကယ်၍ မြောက်ကိုရီးယားသည် အမေရိကန်နှင့် မဟာမိတ်များအပေါ် စစ်ပြုရန် ဆုံးဖြတ်လိုက်မည် ဆိုပါက အင်အားမမျှဘဲ တစ်ဖက်သတ် ဖြစ်သွားနိုင်ကြောင်း သတိပေးထားသည်။

မြောက်ကိုရီးယား အစိုးရပိုင် ကေစီအန်အေ သတင်းဌာနက “Hwasong-12 ဒုံးကျည်တွေဟာ ဂျပန်ရဲ့ ရှီမာနီ၊ ဟီရိုရှီးမားနဲ့ ကိုချီ ဒေသတွေကို ကောင်းကင်ပေါ်ကနေ ဖြတ်ကျော်သွားပါလိမ့်မယ်။ တွက်ချက်မှုတွေအရ ၁၀၆၅ စက္ကန့် ပျံသန်းချိန်အတွင်း ခရီးတာ ၃၃၅၆.၇ ကီလိုမီတာ ရောက်ရှိပြီးတဲ့နောက် ဂူအမ်နဲ့ ကီလိုမီတာ ၃၀ ကနေ ၄၀ အတွင်း အကွာအဝေးမှာ ကျရောက်ပါလိမ့်မယ်”ဟု ကြေညာသည်။

Hwasong စီးရီးများသည် မြောက်ကိုရီးယား၏ ပြည်တွင်းဖြစ် ဒုံးကျည်များဖြစ်ပြီး တာလတ်နှင့် တာဝေး ပျံသန်းနိုင်သည့် မျိုးကွဲများ ရှိနေသည်။ ဂူအမ် အစိုးရ တာဝန်ရှိသူများက မြောက်ကိုရီးယား၏ အမူအကျင့်သည် ခန့်မှန်းရ ခက်ခဲပြီး ယခင်ကလည်း ဒုံးကျည် စမ်းသပ်မှုများ မထင်လျှင် မထင်သလို ပြုလုပ်လေ့ ရှိသည့်အပေါ် အမှန်တကယ် စိုးရိမ်ကြောင်း Reutersသို့ ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ယခုအခါ အမေရိကန် ပိုင်နက် နယ်မြေအချို့ကို တိုက်ခိုက်နိုင်လောက်အောင် တာဝေး ပျံသန်းနိုင်သည့် ဒုံးကျည်များ ပိုင်ဆိုင်ထားပြီဟု နိုင်ငံတကာ စစ်ရေး သုတေသီများက သုံးသပ်ထားသော်လည်း အမေရိကန်ကို လက်တွေ့ စစ်ပြုရန် ဆိုသည်မှာမူ ဖြစ်နိုင်ခြေ နည်းလွန်းသည်ဟု ယုံကြည်နေကြကြောင်း သိရသည်။

Ref: Reuters
http://www.7daydaily.com

Your rating: None Average: 5 (1 vote)