Photo

ရာသီတုပ်ကွေးဖြင့် လေးရက်အတွင်း ခြောက်ဦးသေဆုံး

By 7Day News 28 July, 2017 - 10:23

ရာသီ တုပ်ကွေး(Seasonal InfluenzaA (H1N1) 2009) ရောဂါကြောင့် လေးရက်အတွင်း ခြောက်ဦး သေဆုံးခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန် သည်။


ဇူလိုင် ၂၄ ရက်က ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် နှစ်ဦး၊ ၂၅ရက်က ရန်ကုန်ကလေးဆေးရုံကြီးနှင့် သင်္ဃန်းကျွန်း စံပြဆေးရုံကြီးတွင် နှစ်ဦး၊ ၂၆ ရက်က ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် တစ်ဦးနှင့် ၂၇ ရက်က သင်္ဃန်းကျွန်း စံပြဆေးရုံကြီးတွင် တစ်ဦး စုစုပေါင်း ခြောက်ဦး သေဆုံးခဲ့သည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကနဦး သတင်းထုတ်ပြန်ချက်တွင် ချင်းပြည်နယ်၌ H1N1 ကြောင့် တစ်ဦးသေဆုံးခဲ့သည်ဟု ပါရှိသော်လည်း နောက်ပိုင်းတွင် ချင်းပြည်နယ်မှ H1N1 ဖြစ်ပြီး သေဆုံးသူတစ်ဦးသည် အဆိုပါ ရာသီတုပ်ကွေးရောဂါ ကြောင့်မဟုတ်ဘဲ ပြင်းထန် အဆုတ်ရောဂါကြောင့် သေဆုံးခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

သို့သော် ၎င်းကိုပါ H1N1 ရောဂါ ဖြစ်ပွားပြီးနောက် သေဆုံးသူစာရင်းထဲ ထည့်လျှင် သေဆုံးသူ စုစုပေါင်း ခုနစ်ဦး ရှိမည်ဖြစ်သည်။

သေဆုံးသူများသည် ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတိုင်းတို့မှ ဖြစ်သည်။

သေဆုံးသူများသည် ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာမြို့နယ်မှ အသက်(၂၉) နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ် ဦး၊ ပဲခူးတိုင်းမှ (၂၅)နှစ်အရွယ် အမျိုးသားတစ်ဦး၊ ဧရာဝတီတိုင်း ဖျာပုံမြို့နယ်မှ (၄၃)နှစ်အရွယ် အမျိုးသားတစ်ဦး၊ ဒဂုံဆိပ်ကမ်း မြို့နယ် ယုဇနဥယျာဉ်မှ အသက်(၃၄)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် (၅)နှစ်အရွယ် ကလေးငယ်နှစ်ဦးတို့ ပါဝင်သည်။

သင်္ဃန်းကျွန်းစံပြ ဆေးရုံသို့ တက်ရောက်ကုသခဲ့သည့် ရာသီ တုပ်ကွေး ရောဂါသံသယလူနာ သုံးဦးအနက် နှစ်ဦးသေဆုံးခဲ့မှု နှင့်ပတ်သက်၍ အဆိုပါ ဆေးရုံအုပ်ဒေါက်တာ အောင်ဆန်းမင်း က ‘‘သံသယလူနာ သုံးဦးရှိပါ တယ်။ အဲဒီသုံးဦးကို သံသယလူနာအဖြစ် စစ်ဆေးတဲ့အခါမှာ အမျိုးသားနဲ့ ကလေးငယ်လေးမှာ H1N1 အဖြေထွက်ပါတယ်။ အသက်(၃၄)နှစ်အရွယ် အမျိုးသားကတော့ ၂၇ ရက် မနက် ၇ နာရီ ၁၅ မိနစ်မှာ ဆုံးတယ်။ နောက် ရွာသာကြီးက အသက်(၅)နှစ် အရွယ် ကလေးမလေးကတော့ ဆေးရုံတက်တဲ့ ရက် (၂၅ ရက်) နေ့မှာပဲ ဆုံးပါးသွားပါတယ်။ ကျန်တဲ့ သံသယလူနာ အမျိုးသမီးတစ်ဦးက တော့ အခုထိ အဖြေပြန်မရသေးပါဘူး။ စိစစ်ထားဆဲပါ’’ဟု  ၂၇ရက် နေ့လယ်၌ အတည်ပြုသည်။

ဇူလိုင် ၁၉ ရက်က စတင်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးခုတင်  ၅၅၀ ဆံ့ ကလေးဆေးရုံကြီး၊ သင်္ဃန်းကျွန်း စံပြဆေးရုံကြီး၊ ရန် ကုန်ကလေးဆေးရုံကြီး၊ ရန်ကုန်အထွေထွေ ရောဂါကုဆေးရုံသစ် ကြီး၊ ဗဟိုအမျိုးသမီး ဆေးရုံကြီး၊ အင်းစိန်အထွေထွေ ရောဂါကုဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကု ဆေးရုံကြီး နှင့် ပုဂ္ဂလိကဆေးရုံတို့၌ တက်ရောက်ကုသနေသော လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါလူနာ ၃၉ ဦးအနက် ၁၉ ဦးတွင် Seasonal Influenza A(H1N1) 2009 ရောဂါပိုး ကူးစက်ခံရပြီး ဇူလိုင် ၂၇ ရက်အထိ ခြောက်ဦးသေဆုံးခဲ့ သည်။

ပဲခူး အထွေထွေရောဂါကု ဆေးရုံကြီးတွင်လည်း လတ်တလော ပြင်းထန်အသက်ရှူ လမ်းကြောင်းပိုးဝင်ရောဂါဖြင့် ဆေးကု သမှုခံယူနေသော လူနာတစ်ဦး၌ Seasonal Influenza A(H1N1)2009 ပိုးတွေ့ရှိခဲ့ပြီး ဆေးကုသမှု ခံယူနေသည်။

ရန်ကုန်ကလေး ဆေးရုံတွင် ဇူလိုင် ၂၅ ရက်မွန်းလွဲ ၃ နာရီ ၁၅ မိနစ်၌ သေဆုံးခဲ့သည့် ကလေးနှင့် ပတ်သက်၍ ဇူလိုင် ၂၇ ရက်မှ သတင်းထုတ်ပြန်ရခြင်းအပေါ် ရန်ကုန်တိုင်းဒေသကြီး ဒုတိုင်းဦးစီးမှူး ဒေါက်တာခင်နန်းလုံက ‘‘သေတယ်ဆိုပေမယ့် ဘာကြောင့်သေတာလဲဆိုတဲ့အဖြေကို စစ် ဆေးရတယ်။ အဲဒီစစ်ဆးချက်က နောက်ကျတဲ့အတွက် ဒီနေ့မှ ထုတ်ပြန်ရတာပါ’’ဟု ပြောသည်။

ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန အချက်အလက်များ အရ ဇူလိုင် ၁၉ ရက်မှ ၂၇ ရက် မွန်းလွဲ ၂ နာရီအထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် လူနာ ၅၀ ဦးအားဆေးကုသမှုပေးခဲ့သည့်အနက် ၃၀ ဦးတွင် ရာသီတုပ်ကွေး(H1N1) ပိုးတွေ့ခဲ့ပြီး ၎င်းတို့အနက် ခြောက်ဦး သေဆုံးခဲ့သည်။

ယမင်း၊ ခိုင်ခိုင်ထွန်း
http://www.7daydaily.com

Your rating: None Average: 5 (1 vote)