Photo

ရေပန်းစားလာသည့် Beat Box (ခေါ်) ပါးစပ်ဖြင့် ဂီတဖန်တီးခြင်း

By 7Day News 13 May, 2017 - 09:11

ပြီးခဲ့သည့်  ရက်ပိုင်းက ဗိုလ်တထောင် ကမ်းနားတွင်   ပြုလုပ်ခဲ့သည့် ဘန်ကောက်ညဈေးတန်း အပြင်ဘက်၌ မျက်လှည့်ဖျော်ဖြေမှုနှင့်အတူ မည်သည့်တူရိယာ ပစ္စည်းအထောက်အကူမှ မပါဘဲ ပါးစပ်ဖြင့် တီးလုံးသံစဉ်များ ဖန်တီး ပြုလုပ်နေသူတစ်ဦးကို ကြည့်ရှုသူများ သဘောကျနှစ်သက်ခဲ့ သည်။


ပရိသတ်များ ကြိုက်နှစ်သက်သည့် ပါးစပ်ဖြင့် တီးလုံးသံ စဉ်ဖန်တီးမူကို Beat Box ဟုခေါ် ပြီး ဟစ်ဟော့ပ် ဂီတအမျိုးအစားတွင် ပါဝင်သည်။ ယင်းဂီတဖန်တီး သူများကို Beat Boxer ဟု သုံး နှုန်းခေါ်ဝေါ်သည်။

Beat Box ၏ ထူးခြားမှုမှာ တူရိယာပစ္စည်းများ တီးခတ်ခြင်း မရှိဘဲ၊ နောက်ခံအခွေဖွင့်ထားခြင်းလည်း မရှိဘဲ ပါးစပ်ဖြင့် ဒရမ်သံ၊ အီလက်ထရိုသံ၊ ဒီဂျေသံ စသည့် ဂီတအသံမျိုးစုံကို တူရိယာ ပစ္စည်း၊ စက်ပစ္စည်းအထောက် အကူများမပါဘဲ ပါးစပ်ဖြင့် ထွက်ပေါ်လာအောင် ပြုလုပ်ခြင်း ဖြစ်သည်။

Beat Boxing မှာ ဟစ်ဟော့ပ် ဂီတအမျိုးအစားထဲတွင် ပါဝင်ပြီး နိုင်ငံတကာ၌ လူသိများသော်လည်း မြန်မာနိုင်ငံတွင်တော့ လူသိများ တွင်ကျယ်ခြင်းမရှိသေးပေ။ လွန်ခဲ့သည့်နှစ်ပိုင်းမှ ကုန်ပစ္စည်း မိတ်ဆက်ပွဲများ၊ ကျောင်း ကပွဲများတွင် ဂီတဖျော်ဖြေမှု၊ မျက်လှည့်ပြမှုတို့နှင့်အတူ Beat Box ကိုပါထည့်သွင်း၍ ဖျော်ဖြေ ရေးအစီအစဉ်များ ပြုလုပ်လာသကဲ့သို့ Beat Boxer လူငယ်များ စုစည်း၍ ပြိုင်ပွဲငယ်များ ပြုလုပ်လာခြင်း ဖြစ်သည်။

Beat Box နှင့် ပုံစံချင်းတူ သည့် ဂီတဖန်တီးမှုများကို ၁၉ ရာစုကတည်းက နိုင်ငံတကာ ကျေးလက်ဂီတများတွင် တွေ့မြင်ခဲ့ရသည်။ ထို့အပြင် လူဖြူ၊ လူမည်းပညာရှင်များ၏ ဘာသာရေးသီချင်းများ၊ ဘလူးစ်သီချင်းများ စသည့် ကျေးလက်ဂီတများတွင်လည်း တွေ့မြင်ခဲ့ရသည်။

ဟစ်ဟော့ပ်ဂီတတစ်ခုဖြစ် သော လူသား Beat Box ဂီတဖန် တီးမှုမှာ ၁၉၈၀ ပြည့်လွန်နှစ်များ တွင်စတင်ခဲ့သည်။ အစောဆုံးဖန်တီးသူများတွင် ပထမဆုံးလူသား Beat Box ဟု ကင်ပွန်းတပ်ခဲ့သည့် Doug E.Fresh ပါဝင်သည်။ ယင်းနောက်ပိုင်းမကြာမီမှာပင် Buffy ဆိုသူက Beat Box နည်း စနစ်များကို ပြည့်စုံကောင်းမွန်အောင် အားထုတ်ခဲ့သည်။ Wise အမည်ရှိ ပုဂ္ဂိုလ်ကလည်း ယင်း ဂီတကို ပျံ့နှံ့အောင် ကြိုးစားပေးခဲ့သူ တစ်ဦးဖြစ်ပြီး အခြား ရှေ့ဆောင် လမ်းဖောက်သူများတွင် Rhazel နှင့် Scratch တို့လည်း ပါဝင်သည်။

 ခေတ်သစ် Beat Boxing ပျံ့နှံ့မှုတွင် လူမှုကွန်ရက် အင်တာနက်မှာ အဓိကနေရာမှ ပါဝင်ခဲ့ပြီး ၂၀၀၀ ပြည့်တွင် HUMANBE ATBOX.COM သည် ပထမဆုံး အွန်လိုင်း Beat Box အသိုင်းအ ၀ိုင်းတစ်ခုအဖြစ် စတင်ပေါ် ပေါက်ခဲ့သည်။ ၂၀၀၁ တွင် ထို အဖွဲ့ထဲမှ Gavin Tyte က ပထမ ဆုံး Beat Box လေ့ကျင့်ခန်း ဗီဒီယိုဖိုင်များကိုအွန်လိုင်းတွင် ဖော် ပြခဲ့သည်။ ၂၀၀၃ တွင် ပထမဆုံး Human Beat Box Convention ကို လန်ဒန်မြို့များတွင် ကျင်းပခဲ့ပြီး တစ်ကမ္ဘာလုံးမှ Beat Box ပညာရှင်များ ပါဝင်တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံတွင် Beat Box မြူးဇစ်သည် လွန်ခဲ့သည့် ၂ နှစ် သုံးနှစ်ခန့်က စတင်ခဲ့ခြင်းဖြစ် သည်။ ယခုအခါတွင်တော့ လူငယ်များကြားတွင် ရေပန်းစားသော် လည်း တွင်ကျယ်မှုမရှိသေးပေ။ လက်ရှိတွင်မူ Beat Box ပြုလုပ်နိုင်သူ Beat Boxer မှာ ၂၀ ခန့် သာရှိပြီး ကျွမ်းကျင်သူမှာ ငါးဦးပင် မပြည့်သေးပေ။ လက်ချိုးရေ၍ရသည့် Beat Box ကျွမ်းကျင်သူများထဲတွင် လူငယ် Beat Boxer တစ်ဦးဖြစ်သည့် အသက် (၁၈) နှစ်အရွယ်ရှိ YounGx Beats (ကိုမင်းသက်ခိုင်)လည်း တစ်ဦး အပါအ၀င်ဖြစ်သည်။ သူသည် Beat Box ဂီတကို အသက် (၁၃) နှစ်အရွယ် ရှစ်တန်းတွင် ဗီဒီဖိုင် တစ်ခုကိုကြည့်မိရာမှ စတင်ရင်း နှီးခဲ့ပြီး ၁၀ တန်းကျောင်းသား အ ရွယ်တွင် ပြည်ပမှ Beat Box ပညာရှင်များ၏ ဗီဒီယိုဖိုင်များကို ကြည့်ရှု၍ လေ့ကျင့်ဖြစ်ခဲ့သည်။

YounGx Beats (ကိုမင်းသက်ခိုင်)သည် Beat Box သံစဉ် များကို လူစိတ်ဝင်စား သတိပြုမိစေရန်ရည်ရွယ်၍ ဗီဒီယိုရိုက်ကာ အွန်လိုင်းတွင် ဖော်ပြခဲ့သည်။ အွန်လိုင်းတွင် ဖော်ပြခဲ့သော Beat Box ဗီဒီယိုဖိုင်များကြောင့် တစ်စတစ်စ လူသိများခဲ့ပြီး ပရိုမိုးရှင်းပွဲများ၊ စီးပွားရေးပွဲများတွင် ပါဝင်ဖျော်ဖြေခွင့် ရခဲ့သည်။ YounGx Beats (ကိုမင်းသက်ခိုင်) အခကြေးငွေယူ၍ ပထမဆုံးဖျော်ခဲ့သည့်ပွဲမှာ STI ကျောင်းပွဲတွင် ဖြစ်သည်။ ယင်းပွဲတွင် နာမည်ရ အဆိုတော်များနှင့်အတူ ပါဝင် ဖျော်ခဲ့ရပြီး စိတ်လှုပ်ရှားလွန်း သဖြင့် မိမိနာမည်ပင်မိတ်ဆက်ရန် မေ့ခဲ့ရသည်။

‘‘ပထမဆုံးပွဲဖြစ်တဲ့အပြင် တခြားအဆိုတော်တွေပါ ပါတယ်။ စိတ်လှုပ်ရှားပြီး နာမည် မိတ်ဆက်ဖို့မေ့တဲ့အပြင် ဒူးတွေ ပါတုန်နေတယ်။ မိုက်ကိုင်ပြီး Beat Box လုပ်ပြီး ပြန်ဆင်းတော့ အစီအစဉ် တင်ဆက်သူက ပြန်ခေါ်ပြီး နာမည်မိတ်ဆက်ပေးပါဦးဆိုပြီးပြောရတယ်’’ YounGx Beats (ကိုမင်းသက်ခိုင်)က ပြော သည်။ ယင်းပွဲတွင်ပရိသတ်၏ အားပေးမှုက ခွန်အားတစ်ခု ဖြစ်စေခဲ့သည်။

လက်ရှိတွင် ဖျော်ဖြေပွဲ ပေါင်း ငါးဆယ်ခန့် ပါဝင်ခဲ့ရပြီး ပြိုင်ပွဲအချို့တွင်လည်း ဒိုင်အဖြစ် လုပ်ဆောင်ပေးခဲ့ရသည်။ Beat Box မြူးဇစ်နှင့်ပတ်သက်၍ အ ချို့က အသံတုပြုလုပ်ခြင်းနှင့် အမှတ်မှားတတ်ကြသည်။ Beat Box နှင့် အသံတု ကွာခြားသည်မှာ အသံတုသည် တိရစ္ဆာန်တစ်ကောင်၏ အသံကို တုပပြုလုပ်ခြင်းသာဖြစ်ပြီး Beat Box တီးလုံး များကို နှုတ်ခမ်း၊ လျှာ၊ လည် ချောင်း၊ နှာခေါင်းအဓိကထား၍ ဖန်တီးခြင်းဖြစ်သည်ဟု YounGx Beats (ကိုမင်းသက်ခိုင်)က ရှင်းပြသည်။ Beat Box မြူးဇစ်ဖန်တီး ရာတွင် ဒရမ်တီးသံ၊ တောက် ခေါက်သံ၊ လည်ချောင်းကို မိုက် ထောက်၍ ပြုလုပ်သည့် အသံ၊ အီလက်ထရို၊ ဒီဂျေစသည့် အသံ မျိုးစုံပြုလုပ်နိုင်ပြီး မြန်မာနိုင်ငံမှ Beat Box နှင့်ရင်းနှီးသည့် ပရိသတ်အများစုက ဒရမ်တီးသံ၊ တောက်ခေါက်သံနှင့် လည် ချောင်းကို  မိုက်ထောက်၍ ပြုလုပ်ခြင်းတို့ကို ပိုနှစ်သက်ကြ သည်ဟုဆိုသည်။ ယင်းဂီတဖန် တီးရာတွင်လည်း အဆိုတော်များ ကဲ့သို့ပင် အသံကိုဂရုစိုက်ရပြီး အချိုစားခြင်း၊ ဆေးလိပ်သောက် သုံးခြင်းတို့ကို   ရှောင်ကြဉ်သင့် ကြောင်း Beat Boxer များက မှတ်ချက်ပြုသည်။

အချို့ကမူ ဆေးလိပ်သောက်ပြီး Beat Box ပြုလုပ်ပါက လည်ချောင်းသံ ပိုကောင်းသည်ဆိုသော်လည်း မောပန်း၍ ကြာရှည် မပြုလုပ်နိုင်သဖြင့် ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်သင့်ကြောင်း ပြောသည်။

Beat Box ပြုလုပ်ရာတွင်လည်း လူတစ်ဦးနှင့်တစ်ဦး ပြုလုပ်သည့် ဂီတနည်းစနစ်ပေါ်မူ တည်၍ သုံးမိနစ်မှ ၁၅ မိနစ်အထိ နားလိုက်ပြုလုပ်လိုက်ဖြင့် ဖန်တီး လေ့ရှိသည်။ Beat Box ဖန်တီးရာတွင် အရေးကြီးသည့်အချက် တစ်ခုမှာ အသုံးပြုသည့်မိုက်နှင့် အသံစနစ်လည်း ပါဝင်သည်။ တီး လုံး သံစဉ်များကို ပါးစပ်နှင့်ပြုလုပ်ဖန်တီးရသဖြင့် မိုက်၊ဆောင်း ဘောက်စ်တို့ကောင်းမှသာ အ ဆင်ပြေသည်ဟု YounGx Beats (မင်းသက်ခိုင်)ပြောသည်။ တစ်ခါတစ်ရံတွင်လည်း ပွဲအချို့၌ ပွဲစီစဉ်သူက Beat Boxer သုံးဦးကို ထည့်သွင်းဖျော်ဖြေရန် စီစဉ်မှုများ ရှိသည်။ ယင်းအခါတွင်တော့ ရှေ့မှဖျော်ဖြေသူနှင့် မထပ်စေရန်လည်း ကြိုးပမ်းရသေးသည်။

‘‘စီစဉ်သူတွေကတော့ ဒီ တိုင်းပဲ ငှားလိုက်တာကျွန်တော်တို့ အတွက်တော့တိုင်ပတ်တယ်။ အရှေ့ကလူလုပ်ပြီးသားကို ပြန်လုပ်ဖို့ အဆင်မပြေဘူး။ သူတို့မလုပ် တာတွေကို စဉ်းစားပြီး လုပ်ရ တယ်။ ပရိသတ်တွေကလည်း ထပ်ကာထပ်ကာ နားထောင်ရင် မကြိုက်တော့ဘူး။ အမြဲစိတ်ဝင်စားအောင် တွေးနေရတယ်’’ဟု YounGx Beats (ကိုမင်းသက်ခိုင်) ပြောသည်။

ပြည်တွင်းရှိ Beat Boxer များမှာပြည်ပမှကျွမ်းကျင်သူများ ၏ ဗီဒီယိုများကို လေ့လာ၍ ပြန်လည်ဖျော်ဖြေမှုများ ပြုလုပ်ရသည်ဖြစ်ပြီး ကျွမ်းကျင်သူအချို့က မိမိဘာသာ တီထွင်သည့် တီးလုံးများရှိသော်လည်း နည်းပါးနေသေးသည်။

ရေရှည်တွင် မြန်မာပြည်မှ Beat Boxer များ အောင်မြင်ရန်မှာ ကိုင်တိုင်တီထွင်မှုက အရေးကြီး၍ တီးလုံးသံစဉ်များထွင်ရန် ကြိုးစားနေသကဲ့သို့ နိုင်ငံတကာမှ Beat Box ကျွမ်းကျင်သူများကို လည်း ဖိတ်ခေါ်၍ လေ့လာဆည်းပူးမှုများပြုလုပ်လိုသည်ဟု Youn Gx Beats (ကိုမင်းသက်ခိုင်) ဆို သည်။

‘‘နိုင်ငံတကာက ပညာရှင်တွေခေါ်ပြီး ဒိုင်လုပ်ခိုင်းပြီးတော့ ကျွန်တော်တို့ပါ ၀င်ပြိုင်ချင်တယ်။ အ့ဒီလိုလုပ်ဖို့တော့ရှိတယ်။ ဒါကို ကာဗာဆောင်းနဲ့ မဟုတ်ဘဲနဲ့ ကိုယ်ပိုင်တီးလုံးနဲ့ ကိုယ့်ဘာသာသွင်းပြီး လုပ်ဖို့ စဉ်းစားထားတယ်။ သူတို့ဆီက ပညာပြန်ယူမယ်’’ဟု ၎င်းက ပြောသည်။

ခိုင်ခိုင်စိုး
Issue No.1440 Friday, May 12, 2017
http://www.7daydaily.com

Your rating: None Average: 5 (1 vote)