Photo

လေဖိအားနည်း ရပ်ဝန်းကြောင့် လေပြင်းတိုက်၍ အချိန်အခါမဟုတ် မိုးရွာနိုင်မှုသတင်း

By 7Day News 11 February, 2016 - 15:26

ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းနှင့် အရှေ့လေပြင်းများကြောင့် မြန်မာ့ကမ်းရိုးတန်း ဒေသများ လေပြင်းအန္တရာယ် သတိပြုရန်လိုပြီး ဒေသအချို့ အချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်း  မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။ ဘင်္ဂလား ပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင် ဆက်စပ်နေသည့် နေရာတွင် ဖေဖော်ဝါရီ ၁၀ ရက် နေ့လယ်က စတင်၍ လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေသည်။

‘‘လေဖိအားနည်း ရပ်ဝန်းကနေ လွင့်ထွက်လာမယ့် တိမ်တိုက်တွေကြောင့် ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွေမှာ အချိန်အခါမဟုတ် မိုးရွာမယ်။ ပြီးတော့ အရှေ့ဘက်က လေပြင်းတွေလည်း ဝင်လာနေလို့ ကမ်းရိုးတန်းတွေမှာလည်း လှိုင်းရောလေပါ ပြင်းနိုင်တယ်’’ ဟု ဦးကျော်မိုးဦးက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် ဖေဖော်ဝါရီ ၁၀ ရက်က မိုးရွာသွန်းခဲ့ပြီး နောက်နှစ်ရက်အတွင်း မိုး ဆက်လက် ရွာသွန်းနိုင်သည်ဟု မိုးဇလဌာနက သတိပေးထားသည်။

ပင်လယ်ပြင်တွင်လည်း တစ်နာရီ လေတိုက်နှုန်း မိုင် ၃၀ မှ ၃၅ မိုင်အထိ ပြင်းနိုင်သောကြောင့် ပင်လယ်ပြင် လေပြင်း သတိပေးချက် ထုတ်ပြန်ထားသည်။ လေဖိအားနည်း ရပ်ဝန်းမှာ ဖေဖော်ဝါရီ ၁၂ ရက်ခန့်တွင် အားပျော့ ပျက်ပြယ်နိုင်ကြောင်း ဦးကျော်မိုးဦးက ခန့်မှန်းထားသော်လည်း အားပျော့မသွားမီ အချိန်အခါမဟုတ် မိုးနှင့် လေပြင်းအန္တရာယ်ကို စိုက်ပျိုးရေး တောင်သူများနှင့် ရေလုပ်သားများ သတိထားသင့်သည်ဟု ဆက်လက် သတိပေးသည်။

Your rating: None Average: 3 (1 vote)