Yatanarpon

Monday - December 17 - 2018

ဆုတောင်းပြည့်ဘုရားတွင် မင်းတုန်းမင်း၊ မလွန်မင်းသား၊ မင်းသမီးနှင့် စစ်သူကြီး မဟာဗန္ဓုလရုပ်တုများ ထားမည်

By: Yangon Times Journal

မန္တလေး မြို့ ၂၆ လမ်း x ၇၆ လမ်းထောင့်ရှိ သမိုင်းဝင် အဓိဋ္ဌာန်အောင်ဆု တောင်းပြည့် မြတ်စွာဘုရားဝင်းတွင် မင်းတုန်းမင်းတရားကြီး၊ သားတော် မလွန်မင်းသား၊ မလွန်မင်း သမီးနှင့် စစ်သူကြီး မဟာဗန္ဓုလ ရုပ်တုကြီးများ  ပြသထားရှိမည် ဖြစ်ကြောင်း  ဂေါပကအဖွဲ့ဝင် တစ်ဦးက ပြောသည်။ သမိုင်းဝင် အဓိဋ္ဌာန်အောင် ဆုတောင်းပြည့် မြတ်စွာဘုရားကို မင်းတုန်းမင်း၏ သားတော် မလွန်မင်းသားက ၁၂၁၇ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့သည်။ လက်ရှိဂေါပကအဖွဲ့က မလွန်မင်းသား၏ ဂုဏ်ကျေးဇူးကို အသိအမှတ် ပြုသည့်အနေဖြင့် ဘုရားဝင်းအတွင်း လူ့အရွယ်အစားရှိ မင်းတုန်း မင်းပုံတူ၊ မလွန်မင်းသားပုံတူ၊ မလွန် မင်းသမီးပုံတူနှင့် စစ်သူကြီးမဟာ ဗန္ဓုလပုံတူများကို အင်္ဂတေပလတ်စတာဖြင့် ပြုလုပ်ကာ လေးဖက် မြင်မှန်ဗီရိုကြီးများအတွင်း ထည့်သွင်းပြသရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

“မလွန်မင်းသမီးဓာတ်ပုံက ရှားပါးတဲ့အတွက် အင်တာနက်က ရှာနေရတယ်။ စစ်သူကြီးမဟာ ဗန္ဓုလပုံအတွက်က အခက်အခဲ မရှိပါဘူး။ အခုတစ်ပေ အရွယ်အစားရှိ ပလတ်စတာ ရုပ်တုအငယ်လေးများ စတင်လုပ်နေတာ မင်းတုန်းမင်းနဲ့ မလွန်မင်းသားပုံပြီး နေပါပြီ။ ရုပ်တုပုံစံငယ်ကလေးတွေ ပြီးစီးသွားရင် ဆုတောင်းပြည့် ဘုရား ဂေါပကအဖွဲ့ဝင်ထံပြသ အပ်နှံပါမယ်” ဟု ပလတ်စတာပုံ တူရုပ်တုငယ် ပြုလုပ်နေသူ ပြည့်ဝ ကြေးသွန်းလုပ်ငန်းမှ ကိုအောင်အောင်က ပြောသည်။ သမိုင်းဝင် အဓိဋ္ဌာန်အောင် ဆုတောင်းပြည့် မြတ်စွာဘုရားတွင် ပြသထားရှိမည့် ရုပ်တုကြီးများမပြီးမီ ပုံစံငယ်ပလတ်စတာ ရုပ်တုများကို ဘုရားဖူးလာသူများ ကြည့်ရှုနိုင်ရန် ပြသထားမည်ဖြစ်ရာ မကြာမီဘုရားတွင် ပြသထား ရှိနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

လှိုင်ထွေးအောင်