Yatanarpon

Monday - December 17 - 2018

မြန်မာနိုင်ငံ၏ နာမည်ကြီး အနုပညာရှင်များ ပါဝင်လာသည့် ဆီးဂိမ်းလှုံ့ဆော်ရေး မတ်လတတိယအပတ်မှ စတင်ပြီ

By: Pyi Myanmar

အနုပညာလောက၏ ထိပ်သီးသရုပ်ဆောင်များ၊ အဆိုတော်များ ပါဝင်လာမည်ဖြစ်သော ဆီးဂိမ်းလှုံ့ဆော်ရေး  အစီအစဉ်ကြီးနှစ်ခုကို မတ်လ တတိယပတ်နှင့် နောက်ဆုံးပတ်မှ စတင်ကာ ဆောင်ရွက်သွားရန် ရှိနေကြောင်း ADMA မီဒီယာကုမ္ပဏီမှ သိရသည်။ မတ်လ တတိယပတ်တွင် စတင်မည်ဖြစ်သော ဆီးဂိမ်းလှုံ့ဆော်ရေး ကြော်ငြာနှစ်ခုကို မြန်မာနိုင်ငံ၏ လက်ရှိနာမည်ကြီး သရုပ်ဆောင်များ ဖြစ်ကြသော အကယ်ဒမီ လူမင်း၊ အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ မင်းမော်ကွန်း၊ အောင်ရဲလင်း၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ မိုးဟေကို၊ ချစ်သုဝေ၊ ဝတ်မှုန်ရွှေရည်တို့၏ လှုံ့ဆော်ရေး အသားပေး ကြော်ငြာအဖြစ် ရိုက်ကူး တင်ဆက်မည်ဖြစ်ကြောင်း သိရသည်။

 

“သူတို့ရှစ်ဦးက တစ်ဖွဲ့ပေါင်းပြီး ဆီးဂိမ်းမှာ ပြည်သူတစ်ရပ်လုံး ပါဝင်စေဖို့ ဖိတ်ခေါ်ပါတယ်ဆိုတဲ့ ပုံစံနဲ့ ပြည်သူကို အသိပေးသွားမှာပါ။ မြဝတီ၊ MRTV, MRTV 4, Sky Net စတဲ့ ရုပ်သံလိုင်းအားလုံးကနေ လွှင့်မယ်။ နှစ်ကုန်ခါနီး ပြိုင်ပွဲနီးတဲ့အထိ လွှင့်သွားမှာပါ” ဟု ADMA မှ ဦးဝေမင်းမောင်က ပြောကြားသည်။ အခြားသော လှုံ့ဆော်ရေးကြော်ငြာအဖြစ် လည်းနာမည်ကြီး သရုပ်ဆောင် အနုပညာရှင်များ ဖြစ်ကြသည့် မြင့်မြတ်၊ ဟိန်းဝေယံ၊ကောင်းပြည့်၊ ဆန်းတိုးနိုင်၊ ဖွေးဖွေး၊ နန်းခင်ဇေယျာ၊ စိုးပြည်သဇင်၊ ရတနာမိုင်တို့ကလည်း အလားတူ ရိုက်ကူးနေပြီဖြစ်ကြောင်းလည်း သိရသည်။ဆီးဂိမ်းလှုံ့ဆော်ရေးဆိုင်ရာ အခြားသော ဆက်စပ် သတင်းတစ်ပုဒ်အရ နာမည်ကြီး IC တေးဂီတအဖွဲ့၏ လှုံ့ဆော်ရေး ရှိုးပွဲကြီးကို မတ်လ ၂၃ ရက်တွင် ကျိုက္ကဆံအားကစားကွင်းအတွင်း၌ ကျင်းပသွားရန် ရှိနေကြောင်း သိရကာ လက်မှတ်ကြေး ၄၀၀၀ ကျပ်သာ ပေးရမည်ဖြစ်သော အဆိုပါရှိုးပွဲကို IC အဖွဲ့သားများဖြစ်ကြသည့် လေးဖြူ၊ မျိုးကြီး၊ အငဲ၊ ဝိုင်ဝိုင်းတို့အပြင် ချမ်းချမ်း၊ နီနီခင်ဇော်၊ အိုင်းရင်းဇင်မာမြင့်တို့လည်း ပါဝင်သီဆိုထားကြောင်း သိရသည်။

 အေဝိုင်အီး