Photo

စစ်ကိုင်းတက္ကသိုလ်အနီး အိမ်ခြံမြေဈေး မြင့်တက်

By 7Day News 18 January, 2013 - 15:02

ပဲကတိုးကျေးရွာအနီး စစ်ကိုင်းတက္ကသိုလ် တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် တည်ဆောက်နေစဉ် စီးပွားရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လိုသူများကြောင့် အနီးပတ်ဝန်းကျင် အိမ်ခြံမြေဈေးကွက်သည်  နှစ်လအတွင်း သိသိသာသာ မြင့်တက်သွားကြောင်း ပဲကတိုးကျေးရွာ ဒေသခံများက ပြောသည်။ “စစ်ကိုင်းတက္ကသိုလ် မျက်နှာချင်းဆိုင် လမ်းမတန်းက အရင်တုန်းက အများဆုံး သိန်းတစ်ရာပေါ့။ အခု ကျပ်သိန်း နှစ်ထောင်အထိ ဈေးခေါ်နေပေမယ့် အရောင်းအဝယ်ဖြစ်တာ မရှိသေးဘူး။ ရွာဟောင်း အတွင်းလမ်းမှာ ကျပ်သိန်း ၃၅၀ ခြံဝန်းတွေ အရောင်းအဝယ် ပိုသွက်တယ်” ဟု အိမ်ခြံမြေအကျိုးဆောင် ဦးမျိုးကြီးက ပြောသည်။ ပဲကတိုး ကျေးရွာဟောင်း အတွင်းပိုင်းတွင် ပြီးခဲ့သည့်နှစ် စက်တင်ဘာလအထိ ပေ ၄၀x၈၀ မြေတစ်ကွက်လျှင် ကျပ်ခြောက်သိန်းမှ ၁၅ သိန်းအထိ ရှိခဲ့ရာမှ ယခုနှစ်ဆန်းပိုင်းတွင် ကျပ်သိန်း ၃၅၀ ထိ အရောင်းအဝယ် ဖြစ်ခဲ့သည်။ ပေ ၈၀ ပတ်လည် အိမ်ခြံမြေဈေးများမှာ ယခင်နှစ်များက ကျပ် ၁၆ သိန်းမှ ကျပ်သိန်း ၂၀ အထိ အမြင့်ဆုံး ရရှိထားရာမှ ၂၀၁၂ တွင် သိန်း ၆၀၀ မှ ၇၀၀ ဝန်းကျင်အထိ အရောင်းအဝယ် ဖြစ်ခဲ့သည်။ ပဲကတိုးကျေးရွာ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးမြင့်နိုင်က “ပဲကတိုးကျေးရွာ အလယ်က မီးရထားလမ်း ဖြတ်သွားတယ်။ ရထားလမ်း တောင်ဘက်က အိမ်ခြံမြေတွေ တစ်ဝိုင်းကို လေးသိန်း၊ ငါးသိန်းကနေ ဆယ်သိန်းအထိ ရှိတာ ဝယ်သူ မရှိခဲ့ဘူး။ အခု ကျပ်သိန်း ၂၀၀ နဲ့ အရောင်းအဝယ် ဖြစ်နေတာ စစ်ကိုင်းတက္ကသိုလ်ကြောင့်ပေါ့” ဟု ဆိုသည်။ စစ်ကိုင်းတက္ကသိုလ်ကို ၂၀၁၂ ဒီဇင်ဘာလ ၈ ရက်မှ စတင် ဖွင့်လှစ်ခဲ့ရာ ကျောင်းသား ၅၀၀ ခန့် ရှိသော ပထမနှစ် သင်တန်းများ ဖွင့်လှစ်နေပြီ ဖြစ်သည်။

မျိုးမင်းဦး

No votes yet