Yatanarpon

Friday - January 18 - 2019

၁၅ နှစ်သက်တမ်းကို ပြန်ကြည့်မယ်ဆိုရင် နောင်တရစရာ မကျန်ခဲ့ဘူးဆိုသူ အဲလက်စ်၏ ဂီတခရီးလမ်း

By: Popular Journal

ဂီတလောကထဲမှာ ဂီတသက်တမ်း ၁၅ နှစ်ကျော်ရှိပြီး ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ သူ့သီချင်းတွေက အမြဲ ရှင်သန်နေတဲ့သူ တစ်ယောက်  ရှိပါတယ်။ အဲဒါကတော့ အသည်းကွဲ မျက်ရည်ပိုင်ရှင် အဲလက်စ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဂီတလောကထဲမှာ အောင်မြင် ကျော်ကြားမှုကို မှန်မှန်ရယူခဲ့သူ တေးသံရှင် အဲလက်စ်ရဲ့ ဖြတ်သန်းမှုကို တူးဖော်ကြည့်ဖြစ်ပါတယ်။ အဲလက်စ်က ၁၉၉၆ ခုနှစ်မှာ ‘နေ့သစ်များကို ကြိုဆိုခြင်း’ ဆိုတဲ့ ပထမဆုံး တစ်ကိုယ်တော်အခွေနဲ့ ပရိသတ်အားပေးမှုကို ရယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် ၉၇ မှာ 'ကံရေးတဲ့သူ’ ဆိုတဲ့ စီးရီးကို ထွက်ရှိခဲ့ပြီး ‘ဆုံနိုင်ခွင့်’ ဆိုတဲ့ စုံတွဲခွေကို ဆက်လက် ထွက်ရှိခဲ့ရာက ပရိသတ်က ပိုမို လက်ခံအားပေးခဲ့ကြပါတယ်။ ‘မင်းအနားမှာ’၊ ‘အဲလက်စ်နှင့် သူ၏သီချင်းများ’၊ ‘စိတ်ကူးသက်သက်များ’၊ ‘အချစ်နဲ့ကောင်းကင်’၊ ‘၁၉၉၆ က အဲလက်စ်’၊ ‘အဲလက်စ် Live Show’ စသဖြင့် ဆက်တိုက်ဆိုသလို အခွေတွေ ထွက်ရှိခဲ့ပြီး ၂၀၁၁ ခုနှစ်မှာတော့ ‘နောက်ကျနေတဲ့ငါ’ ဆိုတဲ့ စီးရီးကို Heroz တီးဝိုင်းနဲ့ တီးခတ်ပြီး နောက်ဆုံး ထွက်ရှိထားပါတယ်။

 

အဲဒီအထဲကမှ ပထမဆုံး အခွေ ‘နေ့သစ်များကို ကြိုဆိုခြင်း’၊ အဲဒီ နောက် ၂၀၀၀ ခုနှစ်က ထွက်ခဲ့တဲ့ ‘အဲလက်စ်နှင့် သူ၏သီချင်းများ’၊ ‘စိတ်ကူးသက်သက်များ’ အစရှိတဲ့ အခွေတွေကတော့ ပရိသတ်ကြားမှာ လှုပ်လှုပ်ခတ်ခတ်နဲ့ အရောင်းရဆုံး ဖြစ်ခဲ့ပါတယ်။ ‘အဲလက်စ်နှင့် သူ၏သီချင်းများ’ အခွေကစပြီး အဲလက်စ်ရဲ့သီချင်း ပုံစံတွေက ပုံစံအသစ်တွေ ဖြစ်လာပြီး လူငယ် ပရိသတ်တွေပါ ထပ်မံ တိုးပွားလာခဲ့ပါတယ်။ အဲလက်စ်ကလည်း ဂီတသက်တမ်း ၁၅ နှစ်အတွင်းမှာ One Man Show လေးကြိမ် ပြုလုပ်ခဲ့ပါသေးတယ်။ ၂၀၀၈ ခုနှစ်မှာ ဗီစီဒီအဖြစ် ပြန်လည်ထွက်ရှိခဲ့တဲ့ ၂၀၀၆ ခုနှစ်က ပြုလုပ်ခဲ့တဲ့ ပထမဆုံး One Man Show တော့ အဲလက်စ်အတွက် အမှတ်တရပါလို့လည်း သိရပါတယ်။ ဒီလောကထဲမှာ ဖြတ်သန်းရင်းနဲ့ပဲ အဲလက်စ်က "ဒီသီချင်းတွေကို မဆိုချင်၊ မရေးချင်တော့လောက်အောင်တော့ တစ်ခါမှ မဖြစ်ဖူးဘူး။ သီချင်းသံ ကြားရင်ကို ပျော်တယ်။ နောက်ဆုံး ကိုယ်သီချင်းမရေးဖြစ်လို့ တစ်ယောက်ယောက်က သီချင်းတစ်ပုဒ် ကောင်းကောင်းလေး ထွက်လာရင် ဘေးကနေ ပျော်နေတာ။ ပြီးတော့ ဒီဟာကို စီးပွားရေးတစ်ခုအနေနဲ့ လုပ်ခဲ့တာမဟုတ်တော့ ခိုးကူးတွေ ဘာတွေနဲ့ ခေတ်က ပျက်နေပေမယ့်လည်း ဆက်လုပ်နေမှာပဲ” ဆိုလာတဲ့ အဲလက်စ်ရဲ့ ဂီတအပေါ် ထားတဲ့စိတ်ကို မြင်ခဲ့ရပါတယ်။

 

အဲလက်စ်တစ်ယောက် ဂီတလောကထဲက ရောက်ရှိလာဖို့ အရင်းခံ လာခဲ့တာကတော့ ငယ်စဉ်ကတည်းက အသွေးအသားတွေပဲ ဖြစ်ပါတယ်။ ကျောင်းမှာလည်း အမြဲလိုလို သီချင်းတွေပဲ အော်ဆိုနေလို့   ရုံးခန်းကို မကြာခဏ ရောက်ရတာကလည်း အဲလက်စ်ပါ။ "၁၀ တန်းအောင်ရင် အခွေသွင်းချင်တယ်လို့ အိမ်ကိုပြောတယ်။ အိမ်ကလည်း အောင်ရင် အခွေထုတ်ပေးမယ် ပြောတယ်။ အဲဒါနဲ့ စာမေးပွဲနီးလို့ ၃၊ ၄ လ လောက်ပဲ ထင်တယ်။ ကပ်ကျက်ပြီး အောင်သွားတယ်။ အဲဒါနဲ့ အိမ်က အခွေထုတ်ပေးလိုက်တာ။ အဲဒီကနေမှ အဆိုတော် ဖြစ်လာတယ်ပဲ ဆိုပါတော့။ ဖြတ်သန်းခဲ့တဲ့ ခရီးရှည်ကြီးထဲမှာ အမှတ်တရတွေလည်း အများကြီး ရှိခဲ့ပေမယ့် အဲလက်စ် အနေနဲ့ ပြန်တွေးတိုင်း အမှတ်ရတဲ့ ရှိုးပွဲတစ်ပွဲတော့ ရှိခဲ့ပါတယ်။ အဲဒါကတော့ မြရိပ်ညိုမှာ လုပ်တဲ့ Heart ဂီတည ဆိုတဲ့ပွဲ။ တီးဝိုင်းတွေ အကုန် အများကြီးပါတယ်။ ဂီတပွဲတော်ကြီး လုပ်တာပေါ့။ အဲဒါကိုတော့ အမှတ်ရဆုံးပဲ။ လူတွေဟာ တအားကိုကျပ်ပိတ်ပြီး ကိုယ်တောင် မနည်းသွားရတယ်။ နေ့လယ်တည်းက လုပ်တာ ညမိုးချုပ်တဲ့အထိ အကြာကြီးပဲ။ နောက်ထပ်လည်း အဲဒီလို ပွဲကြီးမျိုးတွေ လုပ်စေချင်တယ်။ အဲဒီထက် ပိုကျယ်တဲ့နေရာတွေမှာ အဲဒီလို ဂီတပွဲတော်ကြီးတွေ လုပ်စေချင်တယ်” လို့ ဆိုခဲ့ပါတယ်။

 

တစ်ကိုယ်တော်အနေနဲ့ ၁၀ ခွေ ထွက်ရှိခဲ့တဲ့ အဲလက်စ်က အတွဲအခွေတွေလည်း တော်တော် များများ ဆိုဖြစ်ခဲ့ပါတယ်။ အဲလက်စ်က သူဖြတ်သန်းခဲ့တဲ့ ကာလတစ်လျှောက် နောက်ကိုပြန်ကြည့်လိုက်ရင် နောင်တရစရာ မကျန်ခဲ့ဘူးလို့လည်း ပြောပါသေးတယ်။ "ကျွန်တော်က ဦးနှောက်နဲ့ စဉ်းစားတာထက် ကျွန်တော့်စိတ်ထဲမှာ ရှိတာကိုလုပ်တာ ပိုများတယ်။ အဲဒီအတွက် မှားတာတွေလည်း ရှိမှာပါ၊၊ လုပ်သင့်တာတွေ မလုပ်ခဲ့တာထက် လုပ်ချင်တာတွေ လုပ်ခဲ့တော့ ကိုယ့်အတွက်တော့ စိတ်ချမ်းသာတယ်။ ပြန်လှည့် ကြည့်လိုက်ရင်လည်း နောင်တရစရာ  မရှိပါဘူး။ ဘာအတွက်ကြောင့်မှ အတင်းအကျပ် လုပ်ယူခဲ့တာ မရှိဘူး” ဆိုတာကတော့ လွတ်လပ်ပွင့်လင်းတဲ့ အဲလက်စ်ရဲ့ရင်ထဲကစကား ဖြစ်ပါတယ်၊၊ အသက်တွေကြီး အဘိုးကြီးဖြစ်တဲ့အထိ သီချင်းတွေ ဆိုနေမယ့် အဲလက်စ်က ပရိသတ်တွေနဲ့လည်း အမြဲတမ်းပဲ အတူတူ သွားနေချင်ပါတယ်လို့လည်း" ပြောပါတယ်။

 

ရဲရဲ