Photo

Online ကားအရောင်းအဝယ် ဈေးကွက် စတင်

By The Voice Weekly 31 January, 2012 - 13:01

ပြည်တွင်း မော်တော်ယာဉ် ကားအရောင်းအဝယ် ဈေးကွက်တွင် ပွဲခပေးရန် မလိုအပ်သည့် Online ကားရောင်းဝယ်ရေး ဈေးကွက်တစ်ခုကို ဇန်နဝါရီလ ၄ ရက်နေ့တွင် စတင် ဖော်ဆောင်လျက် ရှိကြောင်း  Online မှတစ်ဆင့် ရောင်းဝယ် ဝန်ဆောင်ပေးနေသည့် ယင်း Myanmar Cars DB  ကားရောင်းဝယ်ရေး ဆိုက်မှ တာဝန်ရှိသူ တစ်ဦးက The Voice Weekly သို့ ပြောသည်။ အဆိုပါ Website တွင် ရောင်းလိုသည့် ကားအမျိုးအစားများ၏ အတွင်းပိုင်း အပြင်ပိုင်း ဓာတ်ပုံနှင့် အချက်အလက်များကို ပေးပို့ရမည် ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ရောင်းဝယ်မှုအတွက် ရည်ရွယ်ကြောင်း ၎င်းက ဆက်ပြောသည်။ “ကားရောင်းချင်တဲ့သူက ကားရဲ့ အချက်အလက်တွေကို Site ပေါ် တင်ပေးပြီး ဝယ်ချင်တဲ့သူက Site ပေါ်ကနေ ကြည့်ပြီး ဝယ်ချင်တဲ့သူ ကိုယ်တိုင် သွားဝယ်လို့ ရပါတယ်။ ဝယ်တာ ရောင်းတာကတော့ ရောင်းတဲ့လူနဲ့ ဝယ်တဲ့သူပဲ တာဝန်ယူရမှာပါ။ Site ဘက်က ကားရောင်းချင်တဲ့ သူတွေအတွက် တင်ပေးဖို့ အတွက်ပဲ တာဝန် ယူပေးမှာပါ” ဟု ၎င်းက ဆက်ပြောသည်။

Facebook, Twitter, Google+ အစရှိသည့် လူမှုရေး ကွန်ရက်များဖြင့်လည်း အဆိုပါ Website ကို ချိတ်ဆက်ထားကြောင်း ၎င်းက ဆက်ပြောသည်။ ပုံမှန် ပြည်တွင်းဈေးကွက်တွင် ကားဝယ်ရောင်း ပြုလုပ်ပါက ငါးသောင်းမှ ငါးသိန်းအထိ အကျိုးဆောင်ခ ပေးရကြောင်း ဟံသာဝတီ ကားပွဲစားတန်းမှ အသက် ၃၅ နှစ်ခန့် ကားဝယ်ရောင်း ပြုလုပ်သူ အမျိုးသား တစ်ဦးက The Voice Weekly ၏ မေးမြန်းချက်ကို ဖြေကြားသည်။ “ဒီလိုမျိုး မြန်မာစာနဲ့ ရေးပြီး လူတိုင်း တင်လို့ရတဲ့ ကားရောင်းဝယ်ရေးဆိုက် လုပ်ပေးတော့ အဆင်ပြေတာပေါ့။ ကြားပွဲစား မရှိတော့ ပွဲခ သက်သာလာတယ်။ အရင်ကဆိုရင် ကြားပွဲစား ရှိနေတော့ ရောင်းရ ဝယ်ရတာ သိပ်မဟန်ဘူး” ဟု ကားပိုင်ရှင် တစ်ဦးဖြစ်သူ အသက် ၄၀ ခန့်ရှိ ဦးထွန်းထွန်းဝင်းက ပြောသည်။ ယခု Promotion ကာလအတွင်းတွင် ကားရောင်းချင်သူများ အတွက် အခမဲ့ ဝန်ဆောင်မှုပေးပြီး နောက်ပိုင်းတွင် ကားတစ်စီးလျှင် ကျပ်ငွေ သုံးထောင်မှ လေးထောင်ကျပ် ဝန်းကျင်သာ ကောက်ခံသွားမည် ဖြစ်ကြောင်း ယင်း Website မှ တာဝန်ရှိသူ တစ်ဦး၏ အဆိုအရ သိရှိရသည်။

“မြန်မာနိုင်ငံမှာက အင်တာနက်သုံးသူ ဦးရေ တိုးတက်လာတယ် ဆိုပေမယ့် တကယ့် စီးပွားရေးအတွက် အသုံးချတာ တော်တော် နည်းနေသေးတယ်။ အခုလိုမျိုး ကားရောင်းဝယ်ရေး Site ကို လုပ်ထားတယ် ဆိုပေမယ့် လူတိုင်းလည်း သိချင်မှ သိကြမှာ။ ဒီလိုပဲ သိသိကြီးနဲ့ အင်တာနက် မသုံးတတ်လို့ မဖွင့်တတ်တဲ့လူတွေ ရှိနေသေးတယ်။ အဲ့ဒါကြောင့် မြန်မာနိုင်ငံက လူတွေလည်း IT ကို ကျွမ်းကျွမ်းကျင်ကျင် တတ်ဖို့တော့ လိုတယ်။ အဲလို မသိရင်တော့ နေရာတိုင်းမှာ ကြားပွဲစားတွေက ရှိနေဦးမှာပဲ” ဟု IT လုပ်ငန်း လုပ်ကိုင်နေသူ အသက် ၂၃ နှစ်ခန့်အရွယ် ကိုဖိုးခွားက ၎င်း၏ အမြင်ကို သုံးသပ် ပြောပြသည်။ ထိုကားဝယ်ရောင်း Website ကဲ့သို့သော အခြား ကားရောင်းဝယ်ရေး Website များသာမက အခြား ကုန်ပစ္စည်း ရောင်းဝယ်ရေး Site များ ပေါ်လာလျှင် ပိုမို ကောင်းမွန်ကြောင်း၊ ထိုကဲ့သို့ ဖြစ်လာပါက မြန်မာနိုင်ငံတွင် အချိန်ကုန်သက်သာသော Online ဈေးကွက်ကြီး ဖြစ်လာလိမ့်မည်ဟု ၎င်းက ဆက်လက် သုံးသပ်သည်။ “နောက်ပိုင်းမှာ  Online မှာပဲ ရွေးချယ်ပြီး ဈေးကြိုက်ရင် တစ်ခါတည်း သွားကြည့်နိုင်ပြီ ဆိုတော့ အဆင်ပြေတာပေါ့။ အဓိက ကတော့ အချိန်ကုန် သက်သာဖို့နဲ့ လူပင်ပန်း သက်သာဖို့ပါပဲ” ဟု ၎င်းက ဆက်လက်ပြောသည်။

“ဒီတစ်စီး မကြိုက်ရင် နောက်အစီးကို ပြန်ကြည့်။ ကြိုက်တဲ့အစီးက ကိုယ်မှန်းထားတဲ့ ငွေနဲ့က ကွာနေ။ အဲ့ဒါနဲ့တင် လည်နေပြီးတော့ ကားတစ်စီးဝယ်ဖို့ကို တော်တော် စဉ်းစားနေရတယ်။ ကိုယ်လိုချင်တဲ့ ပုံစံကိုလည်း အချိန်တွေ အကုန်ခံပြီးတော့ ရှာနေရတယ်။ နောက်တစ်ခုက ကြားပွဲစားတွေ ရှိနေတော့ ပွဲစားခလည်း ပေးရတယ်။ စရိတ်က အရမ်းတက်သွားတယ်” ဟု ဟံသာဝတီ ကားပွဲစားတန်းမှ အသက် ၄၅ နှစ်ခန့်ရှိ ကားလိုက်လံ ဝယ်နေသူ တစ်ဦးက ပြောပြသည်။ ယင်း Site ကို အမြဲ Update လုပ်ပေးလျှင် Online ကားဈေးကွက်မှာ ကောင်းမွန်လာနိုင်ကြောင်း၊ ဝယ်သူ၊ ရောင်းသူများ အားလုံး ကြားပွဲစား မရှိဘဲ အဆင်ပြေလာနိုင်ကြောင်း သိရသည်။ ယခု Site ထဲတွင် ကြေညာထားသည့် ကားမှာ ဇန်နဝါရီလ ၂၁ ရက်နေ့အထိ အစီးရေ တစ်ရာကျော် ရှိပြီဖြစ်ပြီး ဝင်ရောက်ကြည့်ရှုသူ အကြိမ်လေးသောင်းကျော် ရှိပြီဖြစ်ကြောင်း သိရသည်။ ဝင်ရောက်ကြည့်လိုပါက www.myanmar-carsdb.com  ဖြစ်ကြောင်းလည်း သိရသည်။ ယခင်ကလည်း ယင်းကဲ့သို့ Online မှ ဝယ်ယူနိုင်သော စနစ်ကို ၂၀၀၉ ခုနှစ်တွင် Sakura ကားရောင်းဝယ်ရေး စင်တာက ပြုလုပ်ခဲ့ဖူးကြောင်းယင်း Sakura ကားရောင်းဝယ်ရေး Site မှာ www.sakura-auction.com  ဖြစ်ကြောင်း သိရသည်။

ကံဇော်

Your rating: None Average: 5 (1 vote)