Yatanarpon

Friday - January 18 - 2019

အမျိုးသားဟန် ရိုးရာ အရုပ်ကလေးများ

By: Snap Shots

ကမ္ဘာကို တဝက်စီ ပိုင်းခြားလိုက်လျှင် အရှေ့တစ်ခြမ်းနှင့် အနောက်တစ်ခြမ်းဆီ ရပါတယ်။ အဲဒီတစ်ခြမ်းဆီကို ပြန်ပေါင်း လိုက်လျှင် ကမ္ဘာတစ်ခုပဲ ပြန်ရနိုင်တယ်။

အရှေ့ဘက်ခြမ်း=၁ အနောက်ဘက်ခြမ်း=၂(၁) ရပါတယ်။ ဒါကို ကမ္ဘာတစ်ခုလို့ သတ်မှတ်ထား ကြပါတယ်။ အရှေ့ဘက်တခြမ်း - အရှေ့ယဉ်ကျေးမှု၊ အနောက်ဘက် တစ်ခြမ်းဟာ အနောက်ယဉ်ကျေးမှုလို့ ဆိုနိုင်တယ်။ အရှေ့ပဲ ဖြစ်ဖြစ်၊ အနောက်ပဲ ဖြစ်ဖြစ် မိမိတိုင်းပြည်အလိုက် ယဉ်ကျေးမှုကိုယ်စီ ရှိကြပြန်ပါသည်။ တစ်ကမ္ဘာလုံးမှာ တူညီချက် တစ်ခုကတော့ တိုင်းပြည်အသီးသီးမှာရှိတဲ့ ကလေးသူငယ်တို့ အတွက် ရိုးရာအရုပ်ကလေးများသာ ဖြစ်ကြပါတယ်။ ဘယ်လိုတူညီကြသလဲဆိုရင် အရုပ်ပုံသဏ္ဌာန်တွေ၊ မိမိဓလေ့ထုံးစံ ကိုယ်စီအလိုက် အမျိုးမျိုးရှိကြပေမယ့် အတွင်းသား အနှစ်သာရကတော့ တစ်မျိုးတည်းပါ။ ဆိုလိုတာက ဂျပန်ပြည်မှာ ဂျပန်ကလေးသူငယ်များအတွက် ရိုးရာအရုပ်ကလေးများနဲ့ အိန္ဒိယပြည်မှာ အိန္ဒိယ တိုင်းရင်းကလေးသူငယ်များ အတွက် ရိုးရာအရုပ်ကလေးများဟာ ဂျပန်က ဂျပန်အရုပ်၊ အိန္ဒိယက အိန္ဒိယအရုပ်ကလေးများသာ ဖြစ်ကြပါသည်။

ပုံသဏ္ဌာန်သာ ကွဲပြားနေပေမယ့် မိမိရဲ့ အမျိုးသားယဉ်ကျေးမှု အနှစ်သာရက- (၁)တိုင်းပြည်ချစ်စိတ်၊ (၂)ဘာသာ၊ သာသနာကို ယုံကြည်ကိုးစားစေလိုသော စိတ်ကို ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးနေကြပါတယ်။ ကြည့်ပါဦး၊ မြန်မာ့ရိုးရာ အရုပ်ကလေးများကိုပဲ (၁)ပစ်တိုင်းထောင်အရုပ်ကလေးဟာ လူငယ်တို့ရဲ့ ဘဝမှာ အနိုင်မခံ အရှုံးမပေးသော စိတ်ဓာတ်ကို ရင့်သန်စေနိုင်ပါတယ်။ အဲဒီလို ပစ်တိုင်းထောင် အရုပ်ကလေးကို တိုင်းပြည်အသီးသီးက သူ့ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်မူများ ပြုလုပ်လေ့ရှိကြတယ်။ တိုင်းပြည်နိုင်ငံတကာမှ အဲဒီပစ်တိုင်းထောင်ကလေး ကစားစရာအရုပ်ကလေးများကို ပြုလုပ်ကြပါတယ်။ ဒါပေမဲ့ မိမိရဲ့ အမျိုးသားဟန်ကို ဦးစားပေးပြီး ပြုလုပ်ထားကြတဲ့ အတွက် မိမိတိုင်းပြည်ရဲ့ ယဉ်ကျေးမှုနဲ့ ရိုးရာဟန်က ပေါ်လွင်အောင် ပြုလုပ်ထားကြတဲ့အတွက် မျိုးချစ်စိတ်ကို အထူးစိတ်သန် လာစေနိုင်ခဲ့ပါတယ်။

ပုံသဏ္ဌာန် အရောင်အသွေး လက်ရာမှအစ ကွဲပြားခြားနားနေသည်ကို တွေ့ရမှာ ဖြစ်ပါတယ်။ ရုရှားပြည်မှာတော့ ရုရှားဖိုးဝရုပ်ကလေးတွေကို တွေ့မြင်နိုင်ပါတယ်။ ရုရှားပြည်မှာ တင်လားဆိုတော့၊ မဟုတ်ပါဘူး။ မြန်မာပြည်မှာ ဗမာ ဖိုးဝရုပ်ကလေးများအား အမျိုးသားဟန်၊ အမျိုးသားမာန် အပြည့် ပါရှိနေပါတယ်။ ရုရှားက အရုပ်ကလေးများ ကျတော့လည်း တစ်မျိုးတစ်ဘာသာ ထူးခြားနေတာက အဲဒီ အရုပ်ကလေးများကို ကြီးစဉ်ငယ်လိုက် အရုပ်ကလေးများ ဖွင့်လိုက်ရင် အကြီးဆုံးက အသေးဆုံးအထိ အရုပ်ပေါင်း(၇)ခုလောက် ထည့်သွင်းထားသဖြင့် သူတို့နိုင်ငံမှာ ကလေးတိုင်း မြတ်နိုးကြရတဲ့ ရိုးရာအရုပ်ကလေး တစ်မျိုးပါပဲ။

မြန်မာပြည်က ဖိုးဝရုပ်ကလေးကျတော့ သူငယ်တော်ရုပ်လို့လည်း တစ်နည်း ခေါ်ကြပြန်တယ်။ အဲဒီ ဖိုးဝရုပ်ကလေး ကျပြန်တော့လည်း မြန်မာလူမျိုးတို့ရဲ့ ပင်ကိုယ်သဘာဝ စရိုက်အလိုက် မြင်လိုက်ရင် ပြုံးပြုံးကလေးနဲ့ အလွန်ချစ်စရာ ကောင်းတာကို တွေ့ရတတ်ပါတယ်။ အရောင်ကျပြန်တော့ ရွှင်မြူး တောက်ပလှတဲ့ အရောင်ကလေးများနဲ့ ခြယ်သထားပြီး မြန်မာလူမျိုးတွေဟာ ဘယ်လိုဒုက္ခ၊ သုက္ခနဲ့ပဲ တွေ့တွေ့ အပြုံးအရယ် မပျက်ပဲ လောကဓံကို ကြံ့ကြံ့ခံနိုင်သော သတ္တိမျိုးကို တွေ့ရပြန်ပါတယ်။ ထိုနည်းအတူ ဇော်ရုပ်၊ ကျားရုပ်၊ ဝန်ကြီးအရုပ် အစရှိတဲ့ မြန်မာ့ရိုးရာ ကလေးကစားစရာ အရုပ်များဟာ အဖိုးနည်းပြီး လူတိုင်းလိုလိုပဲ မိမိကလေးငယ်များ ဝယ်ပေးကစားနိုင်အောင် ပြုလုပ်ထားပေမယ့် သူတို့ကလေးတွေရဲ့ အနှစ်သာရကတော့ အများကြီး တန်ဖိုးရှိလှပါတယ်။

ဘဘအောင်စိုး