Yatanarpon

Friday - January 18 - 2019

မြန်မာလျှပ်စစ်ပစ္စည်းများ ဗီယက်နမ်သို့ ပထမဆုံးတင်ပို့မည်

By: The Voice Weekly

လျှပ်စစ်နှင့် စက်ကိရိယာ ပစ္စည်းများ ထုတ်လုပ်လျက် ရှိသည့် မြန်မာနိုင်ငံသားပိုင် စိုးလျှပ်စစ် ကုမ္ပဏီသည် ဗီယက်နမ် နိုင်ငံသို 160 KVA၊ 315 KVA ထရန်စဖော်မာ နှစ်လုံး ပထမဆုံးအကြိမ် တင်ပို့ ရောင်းချသွားမည် ဖြစ်ကြောင်း  ယင်းကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးကျော်မင်းထွန်းက ပြောကြားသည်။ ဗီယက်နမ်နိုင်ငံ Hanaka (HNK) Group နှင့် နားလည်မှုစာချုပ်   (MoU) ရေးထိုး၍ အဆိုပါ ထရန်စဖော်မာများကို ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း၊ HNK Group သည် ဗီယက်နမ်နိုင်ငံတွင် ထင်ရှားသည့် လျှပ်စစ် ကုမ္ပဏီတစ်ခု ဖြစ်ပြီး ပါဝါ ထရန်စဖော်မာများ ထုတ်လုပ်ရာတွင် စိုးလျှပ်စစ် ပစ္စည်းများထက် သာလွန် ကောင်းမွန်ကြောင်း၊ နည်းပညာ ပူးပေါင်းဖလှယ်ရန် ရည်ရွယ်ချက်ဖြင့် HNK Group သို့ Distribution ထရန်စဖော်မာများ ရောင်းချခဲ့ခြင်း ဖြစ်ကြောင်းဟု ၎င်းကဆိုသည်။ စိုးလျှပ်စစ် ကုမ္ပဏီသည် ၁၉၉၃ ခုနှစ် သြဂုတ်လ၌ စတင် တည်ထောင်ခဲ့ပြီး ၁၉၉၆ ခုနှစ်၌ နိုင်ငံတကာ စံချိန် စံညွှန်းများနှင့်အညီ ထရန်စဖော်များကို ထုတ်လုပ်နိုင်သည့် အတွက် ထူးချွန် ရွှေတံဆိပ်နှင့် ၂၀၀၃ ခုနှစ်တွင် ပါဝါ ထရန်စဖော်မာများကို စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်နိုင်သည့်အတွက် ရွှေတံဆိပ်ဆုတို့ကို ရရှိထားကြောင်း စိုးလျှပ်စစ်နှင့် စက်ကိရိယာ ပစ္စည်း ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ၏ အဆိုအရ သိရသည်။