Photo

မိုဘိုင်း App တစ်ခု စပြီး ရေးသားတော့မယ် ဆိုရင် ...

By Mobile Guide 13 December, 2017 - 11:39

ပြည်တွင်းမှာ Mobile App တစ်ခု ရေးသားတော့မယ်ဆိုရင် Native App ရေးသားနည်းနဲ့ Web App ရေးသားနည်းတွေကိုပဲ အဓိကထား ရေးသားလေ့ ရှိနေကြပါတယ်။

ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ Hybrid Mobile App ရေးတဲ့ နည်းဘက်ကို ပြောင်းလာကြတာကိုလည်း တွေ့ရပါတယ်။ ဒီ Hybrid ရဲ့အားသာချက်ကWeb app အနေနဲ့ ဖန်တီးပြီး Android, iOS နှစ်မျိုး လုံး ပြန်ပြောင်းလို့ ရနိုင်တာ ဖြစ်ပါတယ်။ ပြောင်းလဲနေတဲ့ နည်းပညာပေါ်မှာ မူတည်ပြီးApp ရေးသားသူတွေ အသုံးပြုတဲ့ Platform တွေကလည်း လိုက်ပါ ပြောင်းလဲနေတယ်လို့ သိရပါတယ်။ ဒါကြောင့် အခြေခံရှိပြီးသား သူတွေပဲ ဖြစ်ဖြစ်၊ Application ပိုင်းနဲ့ ပတ်သက်ပြီး အခုမှစလေ့လာမယ့် သူတွေပဲ ဖြစ်ဖြစ် လေ့လာနိုင်စေဖို့ မိုဘိုင်း App တစ်ခု စတင်ရေးသားတော့မယ် ဆိုရင် ဘယ်လိုအချက်တွေ သိထားသင့်တယ် ဆိုတာနဲ့ ပတ်သက်ပြီး Fairway Technology မှ မန်နေးဂျင်း ပါတနာ ကိုအိမောင်ကို တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါတယ်။ ကိုအိမောင် ပြောပြတဲ့ Mobile App တစ်ခု စတင်ရေးသားနည်းကို လေ့လာ ကြည့်ရအောင်နော် .....

Q: Mobile App တစ်ခု စတင်ရေးဖို့အတွက် ဘယ်လိုအချက်တွေကနေ စတင် လေ့လာရမယ် ဆိုတာလေး ပြောပြပေးပါဦး။

A: Mobile App တစ်ခု စရေးတော့မယ်ဆိုရင် ကဏ္ဍတွေ ခွဲပြီး ကြည့်ရ ပါမယ်။ အခြေခံ အကျဆုံးကတော့ Android Native App လို့ခေါ်တယ်၊ အဲဒါကဖုန်းထဲမှာ ထည့်ထားတဲ့ App တွေကို ဖွင့်လို့ရအောင်၊ သုံးလို့ရအောင် ရေးထားတာတွေပါပဲ။ ဒါတွေကို ဘယ်ကနေဖန်တီးလဲ ဆိုတော့ Google က ပေးထားတဲ့ နည်းပညာကို သုံးပြီးတော့ Android SDK ခေါ်တာပေါ့။ Programming Language အနေနဲ့ Java ကို သုံးရတယ်။ အခုနောက်ပိုင်း Programming Language အသစ်တွေလည်း မိတ်ဆက်လာတယ်။ဒါပေမယ့် လောလောဆယ်မှာတော့ Android app တွေ ဖန်တီးမယ်ဆိုရင် Google ကပေးထားတဲ့ ဟာတွေကိုသုံးပြီး ဖန်တီးကြတာပေါ့။ Native app လို့ခေါ်တယ်။ ဒါကတစ်နည်းပါ။ နောက်နည်းလမ်း တစ်နည်းက Web App ခေါ်တာပေါ့။ ကျွန်တော်တို့ Website တွေ သုံးမယ်ဆိုရင် Browser လေးဖွင့်၊ လိပ်စာလေးရိုက် ထည့်လိုက်ရင် ရတာမျိုးလေ။ ဒီတော့ Facebook ပဲဖြစ်ဖြစ်၊ Youtube ပဲဖြစ်ဖြစ်၊ Gmail ပဲဖြစ်ဖြစ်၊ App လေး ထည့်ထားပြီး သုံးလည်းရတယ်။ Download မလုပ်ထားလို့ Browser မှာ ဒီလိပ်စာ ရိုက်ထည့်လိုက်ရင်လည်း ဒါပဲ အတူတူပဲ။ အဲဒီမှာတင် App က၂မျိုး ဖြစ်နေပြီ။

Q: အဲဒီနှစ်မျိုးက သုံးရတဲ့အပိုင်းမှာ ကွာခြားတာမျိုး ရှိသေးလားရှင့်။

A: အဲဒီနှစ်မျိုးမှာ သူတို့ရဲ့ နှိုင်းယှဉ်ချက်လေးတော့ ရှိတယ်။ Native App လို့ခေါ်တဲ့ ဖုန်းထဲမှာ App ကိုထည့်၊ Install လုပ်ပြီး သုံးရ တဲ့ဟာက ကြတော့ မြန်တယ်။သုံးလို့ ကောင်းတယ်။ လိုချင်တဲ့ အချိန် အဆင်ပြေပြေ သုံးလို့လွယ်တယ်။ Facebook ကိုပဲ App ကနေရော၊ Web ကနေရော နှိုင်းယှဉ်သုံးဖူးတဲ့ သူတွေဆို သိလိမ့်မယ်။ App ကနေ သုံးတာ ပိုမြန်တယ်။ Browser ကနေသုံးရတာက လိပ်စာရိုက်ထည့်ရတာရော၊ သုံးရတာ နှေးတာရော ရှိတယ်။ အဲဒါက ပထမကွာခြားချက်၊ နောက်တစ်ခုက Web app ရဲ့အားသာချက်ပေါ့။ App ကို ဖုန်းထဲမှာ Install လုပ်ထားစရာ မလိုတော့တာက သူ့ရဲ့ထူးခြားချက်လေး တစ်ရပ်ပေါ့။ ဖုန်းသုံးတဲ့သူ အများစုက ဖုန်းထဲမှာ App ၄၀၊၅၀ လောက် ထည့်ထားပေမယ့် တကယ်သုံးတာက ၄၊ ၅ခုပဲ။ ဒီတော့ လူတွေက တစ်ခုခုသုံးချင်ရင် App ကို Install လုပ်ရတယ် ဆိုတာကို မလုပ်ချင်ကြတော့ဘူး။ ဒါကuser ဘက်က အမြင်။ App ကို ဖန်တီးတဲ့သူဘက်ကြတော့ ခုန Native app နဲ့လုပ်ရင် Android အတွက်ဟာကို iOS မှာ သွားထည့်လိုက်လို့ မရဘူး။iOSအတွက် နောက်တစ်ခါ ပြန်ရေးပေးရတယ်။ Browser ကနေသုံးရတဲ့ Web App အတွက်ကြတော့ ရေးတဲ့သူက တစ်ကြိမ်ပဲ ရေးရတယ်။ Browser ရှိတယ် ဆိုရင် Android ဖြစ်ဖြစ်၊ iOS ဖြစ်ဖြစ် ဖွင့်ကြည့်လို့ ရတယ်။ နည်းပညာ လေ့လာနေတဲ့ လူငယ်တွေအနေနဲ့ ဒီနှစ်ခုကို အဓိက လေ့လာရမယ်။

Q: ဒီနည်းပညာအပြင် တခြားနည်းလမ်း တွေရော ရှိသေးလား။

A: ဒီကနေမှဆင့်ပွားပြီး Hybrid Mobile App ဆိုတဲ့ နည်းပညာ ထပ်ခွဲလာတယ်။ Hybrid ဆိုတော့ နှစ်မျိုးပေါင်းပေါ့။ Native နဲ့ခုန Web App နှစ်ခုကို ပေါင်းလိုက်တာ၊ဘယ်လို ပေါင်းလဲဆိုတော့ ရေးတဲ့အခါမှာ App ကို Web App တစ်ခုပဲ ဖန်တီးရတယ်။ ပြီးပြီဆိုရင် အဲဒါကိုပဲ Native App အဖြစ် ပြောင်းလိုက်လို့ ရတယ်။ Web App တစ်ကြိမ် ရေးထားတာကို Android ရော၊ iOSရောပြောင်းလို့ ရတယ်။ Web App ကြီး တစ်ခုလုံးကို Native App ကဲ့သို့ ပြောင်းလိုက်ပေမယ့် သူက Native App အစစ် မဟုတ်ဘူး။ Web App ကိုအပေါ်က တစ်ခုဖုံးလိုက်တဲ့ သဘောပဲ။ ဒါကြောင့် သူ့မှာလည်း Web App တွေရဲ့ နှေးတဲ့ လက္ခဏာက ပါလာတယ်။ ဒါပေမယ့် App ကို Install လုပ်သုံးတာတော့ ရတယ်။

Q: React Native ဆိုတာကရော။

A: React နည်းပညာမှာကReact နဲ့React Native ဆိုပြီး အခေါ်အဝေါ်က၂မျိုးရှိတယ်။ အဲဒီနှစ်မျိုးက Hybrid App ရဲ့နောက် Generation လို့ ပြောရမယ်။ သူကလည်း App ရေးတဲ့ အခါမှာ Web App ရေးသလိုပဲ Java Script လို့ ခေါ်တဲ့ နည်းပညာကို သုံးရတယ်။ ထွက်လာတဲ့ မိုဘိုင်း App ကိုသူလည်း Native App ဖြစ်အောင် ပြောင်းလိုက်လို့ ရတယ်။ သူကတော့ တကယ့် Native App ဖြစ်အောင် ပြောင်းပေးနိုင်တာ ဖြစ်လို့ တစ်ကြိမ်ပဲ ရေးဖို့လိုတယ်။ မိုဘိုင်းပလက်ဖောင်း အမျိုးမျိုး ပြောင်းနိုင်တယ်ဆိုတဲ့ အားသာချက်လည်း ရတယ်။ ပြီးတော့ ဒီပြောင်းထားတဲ့ App က နှေးသလား ဆိုတော့လည်း မနှေးဘူး။ ဒါကြောင့်တော်ရုံ App အများစုက React, React Native ဆိုတဲ့ နည်းပညာဘက်ပိုင်းကို ပြောင်းသုံးလာကြတယ်။ အထူးသဖြင့် လုပ်ငန်းသုံး ဆော့ဝဲတွေမှာ ပိုပြီးထိရောက်တယ်။

Q: ဒီနည်းပညာတွေက ခေတ်စားလာတာ ဘယ်လောက်လောက် ကြာပြီလဲ။

A: React ကတော့ ကြာပြီ၊ ၄ နှစ်လောက် ရှိပြီ။ React Native ကတော့ ၁နှစ် မကျော်သေးဘူး။

Q: React ကFacebook ကပေးထားတဲ့ နည်းပညာလား။

A: သူတို့ကုမ္ပဏီက ကိုယ်တိုင်သုံးဖို့ ဖန်တီးထားတဲ့ နည်းပညာပါ။ သူတို့လည်း သုံးနေတယ်။ ကျွန်တော်တို့အခု Desktop မှာသုံးနေတဲ့ Facebook က သူတို့ အဲဒီ React ကိုသုံးပြီး ရေးထားတာ။ နောက်တစ်ခါ ကျွန်တော်တို့ App တွေရှိတယ်။ ဖေ့ဘုတ်ရဲ့ ကိုယ်ပိုင် App တွေဖြစ်တဲ့ Facebook, Instagram တို့ မက်ဆင်ဂျာတို့၊ facebook Page Manager တို့နောက်ပြီး Facebook က Whatapps တို့ အကုန်လုံးကို ဒီနည်းပညာ သုံးပြီး ဖန်တီးထားတာပါ။ Facebook ကသူသုံးနေတဲ့ နည်းပညာကို အများသုံးလို့ရအောင် ပေးထားတယ်။ ကျွန်တော်တို့က အဆင်သင့် သုံးရုံပဲ။ ဖေ့ဘုတ်ကိုယ်တိုင်က ကျယ်ကျယ်ပြန့်ပြန့် သုံးထားပြီးသားဖြစ်လို့ ဒီနည်းပညာက ဟုတ်မှ ဟုတ်ပါ့မလားလို့ တွေးနေစရာ မလိုဘူး။ စိတ်ချလက်ချ သုံးလိုက်လို့ ရတယ်။

Q: React Native ဆိုပြီး Google မှာရှာလိုက်ရင် ဒီနည်းပညာနဲ့ သက်ဆိုင်တဲ့ လုပ်နည်းတွေ တွေ့ရမှာပေါ့။

A: ဟုတ်တယ်။ တွေ့ပါလိမ့်မယ်။ အများကြီး ရှိပါတယ်။

Q: React Native မှာအားနည်းချက် အားသာချက် ရှိသေးလား။

A: React Native မှာက အခက်အခဲတစ်ခုတော့ ရှိတယ်။ သူကဖုန်းရဲ့System ပိုင်းအထိ သက်ရောက်တဲ့ App တွေအတွက် ခက်တယ်။ ဥပမာ ဆိုကြပါစို့ Keyboard လိုဟာမျိုးကိုReact Native နဲ့ရေးဖို့ နည်းနည်း ခက်မယ်၊သူက ရိုးရိုး App မဟုတ်ဘဲ System ရဲ့ အစိတ်အပိုင်း ဖြစ်နေလို့ပြီးတော့ Home Screen Widgets လိုမျိုးတွေ ရေးရင် အဆင်ပြေချင်မှ ပြေလိမ့်မယ်။ Native App မှာကတော့ အဲဒီ အားနည်းချက်မရှိလို့ မိုဘိုင်းသမား အများစုကတော့ Native app ကိုပဲ အသုံးများတယ်။ Native app ကတော့ တစ်ခါတည်း မပြီးဘူး။ App တစ်ခုမှာ Android, iOS အစုံရဖို့ အခါခါ ရေးဖို့ လိုလိမ့်မယ်။ ဒါကြောင့် မိုဘိုင်း App ရေးမယ့် သူတွေ အနေနဲ့ ဒါတွေကို သိထားဖို့ လိုပါလိမ့်မယ်။ React ကိုသုံးတာက ၀င်သုံးတဲ့သူများလာရင် လုပ်ငန်းသုံးမှာ သုံးရင် Handle လုပ်နိုင်ပါ့မလားဆိုတော့ Facebook ကိုယ်တိုင်သုံးနေတာ ဆိုတော့ သူ့လုပ်ငန်းသဘာဝထက် ကျွန်တော်တို့က ကြီးစရာအကြောင်းမရှိလို့ အဆင်ပြေတယ်လို့ပဲ ညွှန်းရမှာပါပဲ။

Q: ဒီနည်းပညာတွေကို သုံးပြီး App ရေးသားဖို့ နည်းလမ်းတွေကရောရှင့်။

A: လောလောဆယ်မှာကတော့ ဒီလောက်ပဲ ပြောလို့ အဆင်ပြေတယ်။ အဲဒီ App တွေသုံးပြီး ဘယ်လိုရေးသားရလဲ ဆိုတဲ့အဆင့် ကတော့ နည်းနည်း ကျယ်ပြန့်လိမ့်မယ်။ဒါကိုတော့ ဆက်လေ့လာဖို့ လိုတယ်။ ဒီနေ့ခေတ်မှာ ဘယ်လိုတွေ ခေတ်စားလဲဆိုတော့ အွန်လိုင်းဗီဒီယို သင်ခန်းစာလေးတွေ ခေတ်စားတယ်။ React ရော၊ React Native ရောအတွက် အခပေးရော၊ အခမဲ့ရော သင်ခန်းစာတွေ အများကြီးရှိတယ်။ လေ့လာဖို့ နည်းနှစ်နည်းရှိတယ်။ တစ်နည်းကတော့ Facebook ကိုယ်တိုင်က ပေးထားတဲ့ Documentation တွေရှိတယ်။ အတွေ့အကြုံရှိပြီးသား သူတွေအနေနဲ့ဒီ Documentation တွေကို ကြည့်ပြီး လုပ်သင့်တယ်။ အတွေ့အကြုံနည်းတဲ့ သူတွေကတော့ သူ့ထက်ပိုထိရောက်အောင် Khan Academy တို့၊ Udacity တို့အစရှိတဲ့ ဗီဒီယိုသင်ခန်းစာလေး ပေးနေတဲ့ ဟာတွေ လေ့လာသင့်တယ်။

Q: သင်တန်းတွေ ဘာတွေရော တက်လို့ အဆင်ပြေလား။

A: တစ်ခုရှိတာက ကျွန်တော်တို့ ပြင်ပမှာက React နဲ့ ပတ်သက်ပြီး သင်ပေးတဲ့ သင်တန်းကျောင်း နည်းသေးတယ်။ ကျွန်တော်တို့ ကိုယ်တိုင်တောင် သင်မပေးနိုင်သေးဘူး။ကျွန်တော်တို့နိုင်ငံက အကြောင်းအရာပိုင်းမှာ နည်းနည်း နောက်ကျနေသေးတာလည်း ပါတယ်။ နိုင်ငံတကာမှာ ခေတ်စားနေပေမယ့် ပြည်တွင်းမှာက အခုမှ လူတွေက ပြောလွန်းလို့ သတိပြုမိခါစ စိတ်ဝင်စားခါစပဲ ရှိသေးတယ်။ သင်တန်းကျောင်းတွေ ဘက်ကလည်း လေ့လာသူ နည်းနေရင် သင်တန်းဖွင့်ပေးလို့ရမှာ မဟုတ်ဘူးလေ။ အပြင်မှာ တက်ချင်ရင် လောလောဆယ် အဲဒီဘာသာရပ်ကို တိုက်ရိုက်တက်လို့ရမှာ မဟုတ်ဘူး။ တစ်ခုက Android Native App ရေးနည်းသင်ပေးတဲ့ သင်တန်းကျောင်း၊အဲဒါတွေက အများကြီးပဲရှိတယ်။ ကျွန်တော်တို့လည်း သင်တယ်။ တခြားတွေမှာလည်း ရှိတယ်။ ဒါဆိုရင် Android App တစ်ခု ဖန်တီး တည်ဆောက်ပုံအကြောင်း သိသွားမယ်။ပြီးရင် React ကကြတော့ Web Technology သုံးတာ ဖြစ်လို့ Java Script ကိုသုံးတဲ့ Web Technology သင်တန်းတွေ တက်လိုက်ရင် ဒီနှစ်ခုကနေမှ ကျန်တာကို ကိုယ့်ဘာသာ ဆက်လုပ်လို့ ရနိုင်ပါတယ်။ အချိန်တော့ နည်းနည်းပေးရတာပေါ့။ ဒါပေမယ့် တခြားကိုယ့်အတွက် လိုအပ်မယ့် ပညာရပ်တွေကို ပါရသွားတာပေါ့။ ဒီလိုမဟုတ်ဘဲ React နဲ့React Native နည်းပညာကိုပဲ လေ့လာချင်တယ် ဆိုရင်တော့ သင်တန်းရှိဦးမှာ မဟုတ်ဘူးလို့ ထင်တယ်။

Q: ဆရာတို့ဆီမှာ ဘယ်လိုသင်တန်းတွေ ဖွင့်လှစ် သင်ကြားပေးနေတာပါလဲ။

A: ကျွန်တော်တို့ဆီမှာ နှစ်ခုရှိတယ်။ Professional Android Developer Course ရယ်၊ Professional Web Developer Course ရယ်ရှိတယ်။နှစ်ခုလုံးက သင်တန်းကာလ ၃လစီ တက်ရတယ်။ သင်တန်းကြေးတွေက၂သိန်းစီပါ။ သင်တန်းအားလုံးက စနေ၊တနင်္ဂနွေ တန်းတွေ ချည်းပဲ။ဒီကသင်တန်းချိန်တွေမှာ ကိုယ်အားတဲ့ အချိန်နဲ့ ညှိပြီး တက်ရမှာပါ။

Q: ဒီသင်တန်းတွေက အခြေခံမသိထားတဲ့ သူလည်း တက်လို့ရတာပါလား။

A: ဒီသင်တန်းတွေက အခြေခံရှိတဲ့ သူတွေအတွက်ပါ။ အခြေခံ မရှိတဲ့သူတွေ အတွက်ကြတော့ Software Engineering Fundamental Course ဆိုတာ သပ်သပ်ရှိတယ်။သူလည်း သင်တန်းကြေး ၂သိန်း၊ ၃လ တက်ရတာပါပဲ။

Q: Hybrid ထဲမှာReact အပြင် တခြားဟာတွေရော ရှိသေးလား။

A: React မှာReact Native ဆိုပြီး ရှိသလို၊Native Script ဆိုတာလည်း ရှိတယ်။ ပြီးတော့ မိုက်ကရိုဆော့က ထွင်တဲ့ Xamari ဆိုတာ ရှိတယ်။ အဲဒါလည်း ခုနပြောတဲ့ React Native နဲ့သဘော သဘာဝတူတယ်။ သုံးရတဲ့ နည်းပညာလေးတွေတော့ ကွာတာပေါ့။

Q: ဆရာ့အနေနဲ့ React တို့ Native App တို့နဲ့ ပတ်သက်ပြီး ဘာများ ပြောချင်ပါသေးလဲရှင့်။

A: ကျွန်တော်ပြောချင်တာက လေ့လာသူတွေ အနေနဲ့ ဒီလိုမျိုးတွေ ရှိနေတယ် ဆိုတာ သိစေချင်ပါတယ်။ ဒီမှာက အများ သွားတဲ့နောက်ကိုပဲ လိုက်ကြတာ များတယ်။နည်းပညာတစ်ခု ပေါ်လာရင် အဲဒီနောက်ကိုပဲ လိုက်ကြတယ်။ လုပ်ကြတယ်။ PHP ဆို PHP, Java ဆို Java လိုက်ပြီး လုပ်ပေမယ့် တခြားနည်းပညာတွေဆို အသိနည်းတယ်။ဒါကြောင့် လူသိပ်မသိသေးပေမယ့် ဒီလိုမျိုးနည်းပညာတွေ ရှိနေတယ်။ ဒါတွေကို ကိုယ့်ရဲ့ အသိပညာနဲ့ ချင့်ချိန်ပြီး ရွေးချယ်နိုင်ရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။

အခုလို ဖြေပေးတာ ကျေးဇူးတင်ပါတယ်။

ရဲလင်းလင်းသန်း တွေ့ဆုံ မေးမြန်းသည်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

Your rating: None Average: 5 (2 votes)