Photo

ဖွေးဖွေးနဲ့ တွေ့ဆုံခြင်း

By The Voice Weekly 6 July, 2017 - 21:18

နာမည်ကျော်သရုပ်ဆောင် ဖွေးဖွေးနဲ့ တွေ့ဆုံပြီး လက်ရှိ ရုံတင် ပြသနေတဲ့ “ကပ္ပိယ”ရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်အကြောင်း၊ ရိုက်ကွင်း အတွေ့အကြုံများနဲ့ ဒါရိုက်တာ ဝိုင်းနဲ့ ရိုက်ကူးရမယ့် ဖြစ်ရပ်မှန် ရုပ်ရှင်အကြောင်းတို့ကို The Voice က မေးမြန်း ဖော်ပြထားပါတယ်။


Voice : “ကပ္ပိယ”ရုပ်ရှင်ဇာတ်ကားကို လက်ခံရိုက်ကူး ဖြစ်တဲ့အကြောင်း ကနေ စပြီး ပြောပြပေးပါဦး။
PP : ဖွေးက ဟဲဗီးဇာတ်တွေကို ရိုက်ရတာ ကြိုက်တယ်။ ဒါပေမဲ့ ငါကြိုက်တာတွေပဲ ရိုက်လို့ မဖြစ်သေးဘူးပေါ့နော်။ ပေါ့ပေါ့ပါးပါးလေးနဲ့ ကိုယ့်စီနီယာ အစ်ကိုတွေကို ပြန်ပံ့ပိုးရတဲ့ ဇာတ်မျိုးလည်းရိုက်မှ ညီညီမျှမျှ ဖြစ်မှာပေါ့။ အဲ့ဒါကြောင့် ကြားထဲမှာ ဟာသဆန်ဆန် ဇာတ်လမ်းလေးတွေ၊ ပေါ့ပေါ့ပါးပါး ဇာတ်လမ်းလေးတွေ လက်ခံပြီး ရိုက်ဖြစ်တယ်။ နောက်ပိုင်း တော့ ရွှေကြာလို ဟဲဗီးဒရာမာ ဇာတ်လမ်းတွေလည်း လက်ခံပြီး ရိုက်ဖြစ်ပါတယ်။

Voice : ဇာတ်လမ်း အနေအထားအရကျတော့ ကိုပြေတီဦးရဲ့လုပ်ကွက်က ပိုများတယ်နော်။ လက်ပံတုန်းက ကိုယ့်ကို လက်တွဲ ခေါ်ခဲ့ပေးတဲ့အတွက် သူ့ကို ပြန်ကူညီပေးတဲ့အနေနဲ့ ရိုက်ဖြစ်တာလား။
PP : သူ့ကို ပြန်ကူညီပေးတာတော့ မဟုတ်ပါဘူး။ ကိုပြေတီဦးက ကိုယ့်ထက် အများကြီး စီနီယာကျတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ ကိုယ့်အစ်ကိုလိုလည်း ဖြစ်နေတယ်။ လက်ပံတုန်းကလည်း အစ်ကိုက ညီမကို အများကြီး ကူညီပေးခဲ့တယ်။ ရုပ်ရှင်ကားကြီးမှာလည်း အစ်ကိုနဲ့ မဆုံတာကြာပြီလေ။ အဲ့ဒါကြောင့် လက်ခံပြီး ရိုက်ဖြစ်တာပါ။

Voice : ဒီကားမှာ ကွမ်းတောင်ကိုင်မလေး မြချစ် ဖြစ်ဖို့ ကိုယ့်ဘက်က ဘယ်လို ပြင်ဆင်ခဲ့ရလဲ။
PP : ဒီကားကို မရိုက်ခင် ဖွေး စဉ်းစားလိုက်တယ်ပေါ့နော်။ ဒီကားမှာ ငါ့အတွက် လုပ်ကွက်လည်း သိပ်မများဘူး၊ အခန်းလည်း အများကြီး မပါဘူး၊ ဘယ်လိုပုံစံမျိုးနဲ့ ပရိသတ်ကို ဆွဲဆောင်ရင် ကောင်းမလဲလို့ စဉ်းစားလိုက်တယ်။ ကိုယ့်ကို ထူးထူးခြားခြား ပုံစံမျိုးလေးနဲ့ ပရိသတ်တွေ မြင်ရတော့လည်း အပျင်းပြေတာပေါ့နော်။ ဒီလိုမျိုး ဆံရစ်ဝိုင်း ဆံပင်မျိုးက ကိုယ်ငယ်ငယ်ကတည်းကလည်း လုပ်ချင်ခဲ့တဲ့ ဖက်ရှင်မျိုးပါ။

Voice : ဒီကားမှာ အပင်ပေါ်က ပြုတ်ကျတဲ့ အခန်းလေးပါတယ်နော်။ သစ်ပင်ပေါ်ကို တက်ရတော့ ရင်ခုန်ခဲ့သေးလား။
PP : အဲ့ဒါကတော့ ငယ်ငယ်ကတည်းက ဖွေးက အပင်တွေ ဘာတွေ တက်နေကျပဲ။ အဲ့ဒီအတွက် အပင်ပေါ်တက်ရမှာကို ကြောက်တာမျိုးတော့ မရှိဘူး။ ဒါရိုက်တာဖြစ်တဲ့ ဦးဇော်တို့ကလည်း အောက်ကနေ လှေကားတွေ ဘာတွေ ထောင်ပေးတယ်။ ကိုယ့်ဟာကိုယ်လည်း ရသလောက် တက်တယ်။ သိပ်ပြီး အခက်အခဲတော့ မရှိပါဘူး။

Voice : ယာဉ်တိုက်ခံရတဲ့ နည်းပညာ တက္ကသိုလ် ကျောင်းသူအကြောင်း ဖြစ်ရပ်မှန် ရုပ်ရှင်ကို ရိုက်ဖို့ လက်ခံထားတယ်နော်။ ဘယ်တော့လောက် စရိုက်ဖြစ်မလဲ။
PP : အဲ့ဒီကားက ရိုက်ဖို့ နောက်ဆုတ်သွားတယ်ရှင့်။ ပထမကတော့ ဇူလိုင် (၁) ရက်နေ့ကနေ စရိုက်မလို့ပေါ့။ ဒါပေမဲ့ ရုပ်ရှင်တစ်ကားရဲ့ အသက်က ဇာတ်ညွှန်းပဲလေ။ ကိုဝိုင်းက ဇာတ်ညွှန်းကို သိပ်စိတ်တိုင်းမကျသေးဘူး။ ဇာတ်ညွှန်း ပြန်ပြင်ရတာ နှစ်ခါရှိပြီ။ ဖွေးကတော့ ကိုဝိုင်းကို နားလည်ပေးရတာပေါ့နော်။ ဇာတ်ညွှန်း အကောင်းဆုံးဖြစ်မှ ဒီဇာတ်ကားကို စရိုက်ပါတော့မယ်။

Voice : ကိုယ့်အတွက်လည်း ပထမဆုံး ရိုက်ရမယ့် ဖြစ်ရပ်မှန် ရုပ်ရှင်ဆိုတော့ ဘယ်လို ရင်ခုန်မှုရှိလဲ။ ဇာတ်ကောင်ရဲ့Mood ကိုရော ဘယ်လို ကြိုမွေးထားလဲ။
PP : အဲ့ဒါကတော့ ဇာတ်ညွှန်း ထွက်လာမှပဲ ဖွေး ဖီလင် ထည့်တော့မယ်။ ဘယ်အချိန်မှ စရိုက်ရမလဲဆိုတာ မသိသေးဘူး။ ဇာတ်ကားရိုက်ဖို့ အချိန် အကန့်အသတ်မရှိ နောက်ဆုတ်ထားတာဆိုတော့လေ။ ဒီဇာတ်ကားအတွက် ကြိုတင်ပြင်ဆင်မှု အနေနဲ့ကတော့ ဆုံးသွားတဲ့ ကလေးမလေးရဲ့ Facebook ကိုပဲ ဖွေး ကြည့်ရသေးတယ်။ ကျန်တာ ဖွေး ဘာမှ မလေ့လာရသေးဘူး။ ဘယ်အချိန် စရိုက်ရမလဲဆိုတာ မသိသေးတော့ တကယ်ရိုက်ဖို့ သေချာမှပဲ ဖွေး လေ့လာတော့မယ်။

Voice : ဖြစ်ရပ်မှန် ရုပ်ရှင်လည်း ဖြစ်နေတော့ ကိုယ်သရုပ်ဆာင်ရမယ့် ဇာတ်ကောင်စရိုက်အတွက် ပြင်ဆင်မှုက တခြား ဇာတ်ကားတွေနဲ့ ဘယ်လိုကွာခြားမလဲ။
PP : ဒီလိုဇာတ်ကားမျိုးကတော့ အရေးပိုကြီးတာပေါ့နော်။ ကိုယ်ရိုက်တဲ့ ဇာတ်ကားတွေအပေါ် အလေးအနက်ထားတာချင်းကတော့ တူတူပါပဲ။ တခြားရုပ်ရှင်တွေဆိုရင်လည်း ကိုယ်သရုပ်ဆောင်ရတဲ့ ကာရိုက်တာကို လေးလေးနက်နက်ကို တန်ဖိုးထားပြီးတော့ ကြိုးစားခဲ့တာပါပဲ။ အခုရိုက်ရမယ့် ကိုဝိုင်းနဲ့ ရိုက်မယ့်ဖြစ်ရပ်မှန်ရုပ်ရှင်မှာ ဖွေး သရုပ်ဆောင်ရမယ့် ကောင်မလေးကလည်း အပြင်မှာ ဆုံးသွားပြီဆိုတော့ ပိုပြီးတော့ လေးလေးနက်နက်နဲ့ ကြိုးစားရမှာပေါ့။

Voice : ကားရိုက်တွေ နားထားတဲ့ အချိန်မှာ ဘာတွေ လုပ်ဖြစ်နေလဲ။
PP : အခုက ကြော်ငြာတွေ ရိုက်ဖြစ်နေပါတယ်။ ခရီးတွေ သွားတယ်။ စားချင်တာတွေ စားတယ်။ လုပ်ချင်တာတွေ လုပ်တယ်။ နောက်ပြီး အကသင်တန်း တက်နေတယ်။ ဖွေးက ကိုယ်တက်ချင်တဲ့ သင်တန်းလေးတွေ အားရင် လိုက်တက်ဖြစ်တယ်။ အရင် တစ်ခေါက်တုန်းက ကိတ်မုန့်ဖုတ်သင်တန်းတက်တယ်။ ဒီတစ်ခေါက်က အကသင်တန်း တက်တယ်။

Voice : ပရိသတ်တွေကတော့ ကိုယ်ဝလည်းပဲ ချစ်နေတာပဲနော်။ ဖွေးနဲ့ ပရိသတ်တွေကြားက ဆက်ဆံရေးလေးကိုလည်း ပြောပြပေးပါဦး။
PP : ဖွေးကိုချစ်ပြီး အားပေးနေတဲ့ ပရိသတ်တွေကို ကျေးဇူးအများကြီးတင်ပါတယ်။ ကားရိုက်မှာ ပိန်ဖို့လိုတယ်၊ ဥပမာ- ရွှေကြာလို ဇာတ်ကားမျိုးမှာ ဝိတ်ချရမယ်ဆိုရင်လည်း ဖွေး ကြိုးစားပြီး ဝိတ်ချတယ်။ အကယ်၍ မလိုဘူးဆိုရင်လည်း ဝတဲ့အတိုင်းပဲ ရိုက်တယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဖွေးဝနေတာကို Body Shaming လုပ်ပြီးတော့ ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြောခံရဖူးတယ်။ အဲ့ဒီအချိန်မှာ စဉ်းစားလိုက်တယ်။ ငါဝတာတစ်ခုပဲ ရှိတယ်။ ကိုယ့်အလုပ်ကိုကိုယ် တာဝန်ကျေတယ်။ သူများပစ္စည်းလည်း မခိုးဘူး။ သူများ မိသားစုကို ဒုက္ခရောက်အောင် မလုပ်ဘူး။ ကိုယ်ကျင့်တရားလည်း ကောင်းအောင်နေတယ်။ ဒီအချိန်မှာ ကိုယ်က အရမ်းကြီး ဝိတ်ချလိုက်ရင် ကိုယ့်ကို ရိုင်းစိုင်းထားတဲ့သူတွေ အရမ်း စိတ်ဓာတ်တက်သွားမယ်။ ကိုယ့်ကို အားပေးတဲ့သူတွေ စိတ်ဓာတ်ကျသွားမယ်။ အဲ့ဒီအတွက် ဝလည်းပဲ အောင်မြင်နိုင်တယ်၊ လှလှပပ နေနိုင်တယ်ဆိုတာကို သက်သေပြချင်တာ တစ်ခုပါပဲ။

Voice : ကိုယ့်လိုပဲ Body Shaming လုပ်ခံရဖူးတဲ့ မိန်းကလေးတွေကိုရော ဘယ်လိုစိတ်ဓာတ် ခွန်အားပေးချင်လဲ။
PP : လူတစ်ယောက်က ပိန်ပိန်၊ ဝဝ၊ ကိုယ့်ရဲ့ စိတ်က အဓိကပါပဲ။ လူတွေအပေါ် စိတ်ကောင်းရှိဖို့၊ ရိုးရိုးသားသား ကိုယ့်အလုပ်ကို ကိုယ်ကြိုးစားဖို့၊ လူအချင်းချင်း အရေးမကြီးတဲ့ အကြောင်းအရာတွေနဲ့ မထိုးနှက်ကြဖို့က အရေးကြီးဆုံးပါပဲ။ လူတစ်ယောက်မှာ ပိန်တာ၊ ဝတာက အရေးမကြီးပါဘူး။

သန့်ဇင်ဦး
http://thevoicemyanmar.com

Your rating: None Average: 5 (2 votes)