Photo

ပြုပြင်ပြောင်းလဲနေသော စင်ကာပူ ပညာရေး

By The Voice Weekly 21 April, 2018 - 16:52

နှစ်စဉ် ကျင်းပနေသော အာရှ-ပစိဖိတ်နိုင်ငံတကာ ပညာရေးညီလာခံ Asia-Pacific Association for International Education (APAIE) တွင် သောသောညံခဲ့သည့် အဓိက အကြောင်းအရာမှာ Industry 4.0 ဖြစ်ပါသည်။

ခေတ်ပြောင်းတော်လှန်ရေးကြီး တစ်ခုဖြစ်သည့် Industry 4.0 ခေတ်ဆီသို့ ဦးတည်သွားနေချိန်တွင် ယင်းတော်လှန်ရေးနှင့် လိုက်လျောညီထွေရှိမည့် ပညာရေးစနစ်ဆီသို့ ဦးတည်ပြီး သင်ယူမှုလုပ်ငန်းများ၊ အလုပ်အကိုင်အခွင့်အရေးများ၊ ဘဝနှင့်နေထိုင်မှုပုံစံများကို ပြောင်းကြရမည်ဖြစ်သည်။ တစ်နည်းအားဖြင့် ဒစ်ဂျစ်တယ်တော်လှန်ရေးသည် Industry 4.0 ၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်ကြောင်း ပညာရှင်များက သဘောပေါက်ကာ အကောင်အထည်ဖော်ကြရန် ဆုံးဖြတ်ကြသည်။

Industry 4.0 နှင့်ကိုက်ညီမည့် ပညာရေးဆိုသည်မှာ စက်မှုပညာဖြင့် နိုင်ငံတော်တည်ဆောက်ရေး လမ်းစဉ်ဖြစ်ပါသည်။ ပညာရေးဆိုသည်မှာ အဆင့် (Grade) ထက်၊ ဘာတွေကို လုပ်ဆောင်ပေးနိုင်သနည်းဆိုသည့် ရလဒ်အပေါ်တွင် အခြေခံသင်ကြားကြရန်ဖြစ်သည်။

လူငယ်များကို သင်ယူလေ့လာလိုစိတ်များ ထက်သန်လာစေရန် ပျိုးထောင်ပေးရေး၊ ကျောင်းတက်စဉ် ပညာသင်ရေးသက်သက်သာမဟုတ်၊ အသက်ရှင်နေသမျှ ပညာလိုက်စားလေ့လာလိုရေး (ဘဝတစ်သက်တာ ပညာရေး) ကို ဦးစားပေးသင်ကြားရန် ဦးတည်သည့် ပညာရေးကိုဖော်ဆောင်ရန်လိုပါသည်။ ပညာရေးစနစ်သည် သင်ကြားလိုသူ သင်ယူချင်သည့် ပညာရေးလမ်းကြောင်းကို ပြောင်းရမည်။ စာသင်ခန်းဆိုသည်မှာ တောရကျောင်းကဲ့သို့ တိတ်ဆိတ်နေရန်မဟုတ်။ တီထွင်မှု၊ လေ့လာစူးစမ်းမှုများဖြင့် ဝေဖန်ဆောင်ရွက်နေကြသည့် အလုပ်ရုံကြီးတစ်ခုကဲ့သို့ ဖြစ်လာစေရန်လည်း ဦးတည်သင့်ပြီ။ မလေ့လာရသေးသည်ကို လေ့လာရန်၊ လေ့လာပြီးသားများကိုလည်း ပြန်လည်လေ့လာနိုင်စေရန် အခွင့်အလမ်းပေးသည့် နေရာတစ်နေရာအဖြစ် ပြောင်းလဲရေးသည့် Industry 4.0 နှင့် ကိုက်ညီသည့် ပညာရေးစနစ်ဟူ၍လည်း ဆိုနိုင်သည်။

စင်ကာပူနိုင်ငံ၏ Industry 4.0 နှင့်အညီ ပြောင်းလဲနေသော ပညာရေးစနစ်ကို လေ့လာကြည့်လျှင်-

၁။ အတွေ့အကြုံကို အခြေခံသည့် သင်ယူမှုစနစ်ကို ပြောင်းလဲခြင်း
စိတ်ကူးထက် လက်တွေ့ကို အကောင်အထည်ဖော် လုပ်ဆောင်နိုင်မည့် လမ်းကြောင်းဆီသို့ ဦးတည်နေသည်။ ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် နည်းပညာကို အခြေခံအဖြစ်ထားကာ လုပ်ဆောင်မည်ဖြစ်သည်။ ကျောင်းသားလူငယ်တစ်ဦးအတွက် အသိပညာ ဗဟုသုတက အရေးကြီးသော်လည်း လက်တွေ့ကျွမ်းကျင်မှု (Skill) ကို ဦးစားပေးသင်ကြားရန် လိုအပ်သည်။ အတွေ့အကြုံဖြင့် လက်တွေ့လုပ်ဆောင်နိုင်မည့် ပညာရေးစနစ်ကို အကောင်အထည်ဖော်ရန်ဖြစ်သည်။

ကျောင်းသား ကျောင်းသူများကို စာသင်ခန်းထဲတွင်သာ နှစ်မြှုပ်ထားရန်မဟုတ်ဘဲ လုပ်ငန်းခွင်နှင့် ပေါင်းစပ်ပေးနိုင်မည့် ပညာသင်ကြားရေးကို ပြောင်းလဲတော့မည်ဖြစ်သည်။ တစ်ဦးကောင်း တစ်ယောက်ကောင်း လုပ်ဆောင်နိုင်ခြင်းထက် ပူးပေါင်းလုပ်ဆောင်နိုင်ခြင်းကို ဦးစားပေးမည်။ ကျောင်းနှင့်ကုမ္ပဏီ ပူးပေါင်းပြီး ကျောင်းမှကုမ္ပဏီ သို့မဟုတ် လုပ်ငန်းခွင်ကို တိုက်ရိုက်ကူးပြောင်းနိုင်စေရမည်။

၂။ ဒစ်ဂျစ်တယ်စာပေ တတ်မြောက်ရေး
Digital Literacy ကို ဆိုလိုပါသည်။ နည်းပညာကို ကျွမ်းကျင်သူများ၊ ကွန်ပျူတာကို ကျွမ်းကျင်သူများ၊ ကွန်ပျူတာဖြင့် ဖန်တီးနိုင်သူများ၊ ကွန်ပျူတာနည်းပညာဖြင့် သင်ကြားသင်ယူနိုင်စွမ်းကို တိုးမြှင့်လုပ်ဆောင်နိုင်သူများ ပေါ်ထွက်ရေးကို ဦးစားပေးဆောင်ရွက်ရန်ဖြစ်သည်။ ထို့ကြောင့် ပညာရေးတွင် သင်ရိုးအားလုံးကိုပါ ပြောင်းလဲနိုင်ရန် ကြိုးစားရမည်။ နိုင်ငံတကာနှင့်ဆက်သွယ်နိုင်မည့် ဘာသာစုံတတ်မြောက်လာစေရန် ဦးတည်သင်ကြားကြမည်။

စင်ကာပူတွင် တက္ကသိုလ်များ၌ လက်ရှိသင်ကြားနေသည့်စနစ်ကို ပြောင်းရမည်။ အဓိက ပြောင်းလဲလုပ်ဆောင်ရမည်မှာ Quantitative reasoning and computational thinking တို့ဖြစ်သည်။ တွေးတောဆင်ခြင်နိုင်စွမ်း အားကောင်းရန်နှင့် ကွန်ပျူတာဖြင့် လုပ်ဆောင်နိုင်စွမ်းအားကောင်းရန် ပံ့ပိုးပေးရမည်။ Information and Technology ကို သင်ရိုးများတွင် ထည့်သွင်းရေးဆွဲပြီး မဖြစ်မနေသင်ယူရမည့် ဘာသာရပ်များအဖြစ် သတ်မှတ်ကောင်း သတ်မှတ်ရန်ဖြစ်သည်။

၃။ ဘက်စုံအဆင့်မြင့် ပညာရေးကို ပြောင်းလဲရန်
ပညာရေးတွင် ဆရာလိုချင်သည်ကို သင်ကြားပေးရေးထက်၊ ကျောင်းသားလိုချင်သည့်ပညာကို သင်ကြားပေးရေးက အရေးကြီးလာသည်။ မည်သည့်အကြောင်းအရာကို သင်ယူချင်သည်ဖြစ်စေ ပေါက်မြောက်အောင် သင်ယူနိုင်ရေးအတွက် လမ်းညွှန်ပေးနိုင်ရန် လိုအပ်လာပြီဖြစ်သည်။ ထို့ကြောင့် သင်ယူမှုပုံစံတွေကိုလည်း ပြောင်းလဲရပေတော့မည်။

စက်မှုလက်မှုပညာရပ် ဝါသနာပါသူကို ပန်းချီခန်းထိုင်ခိုင်း၍ မဖြစ်။ ထို့အတူ ပန်းချီဝါသနာပါသူကိုလည်း စက်ခန်းထဲတွင် စက်ပြင်နည်းသင်ပေးရန်မလို။ သူလိုချင်သည့်ပညာရပ်ကို သင်ယူနိုင်ရေး ဦးစားပေး စီစဉ်ပေးခြင်းသည် စနစ်သစ် အဆင့်မြင့်ပညာရေး လမ်းကြောင်းဖြစ်သင့်သည်။ မည်သူမဆို ကိုယ်ဝါသနာပါသည့်လုပ်ငန်းတွင် စူးစိုက်ပြီး လုပ်ငန်းခွင် တိုက်ရိုက်ကူးပြောင်းနိုင်ရန် အရေးကြီးသည်။ ထို့ကြောင့် ကျောင်းသားကို အဆင့် (Grade) ဖြင့် သတ်မှတ်ခြင်းထက်၊ လုပ်ဆောင်နိုင်စွမ်း အရည်အချင်းနှင့် တိုင်းတာရန် လိုအပ်လာသည်။

ကျောင်းသားကျောင်းသူများကို လက်တွေ့နှင့်နီးစပ်သည့် အသက်မွေးဝမ်းကျောင်းပညာရပ်များကို လေ့လာလိုက်စားမှုအားပေးပြီး ကျောင်းမပြီးမီကတည်းက ပညာရှင်အဖြစ် အသိအမှတ်ပြုနိုင်သည့် အဆင့်သို့ ရောက်နေစေရန် သင်ကြားပေးနိုင်ရမည်။

၎။ ဘဝတစ်သက်တာ ပညာရေး အားပေးရန်
ကျောင်းသားများကို သက်ဆုံးတိုင် ပညာလေ့လာသင်ယူလိုသည့် (lifelong learning) သဘောတရားများ ရှိလာစေရန် လေ့ကျင့်ပျိုးထောင်ပေးဖို့လိုသည်။ တစ်လမ်းသွား ပညာရေးခေတ်မဟုတ်တော့သဖြင့် လမ်းပေါင်းစုံသို့ လျှောက်လှမ်းနိုင်ရေးအတွက် ယခု မသင်ယူနိုင်သေးလျှင်လည်း တစ်ချိန်တွင် သင်ယူနိုင်သည့် အခွင့်အရေးများ ပေးထားနိုင်ရမည်။ ဘွဲ့ဆိုသည်ထက် အတတ်ဆိုသည့် ပညာရပ်ကို စူးစိုက်အားထုတ်နိုင်မှု လမ်းကြောင်းကို ဖွင့်ပေးခြင်းသည် အနာဂတ်ပညာရေးဖြစ်သည်။

၅။ တက္ကသိုလ်သည် လမ်းဆုံးမဟုတ်ပါ
တက္ကသိုလ်ကို တက်ရောက်သင်ကြားနေသည့် နှစ်ကာလများကို လျှော့သင့်လျှင် လျှော့ချရပါမည်။ Lifelong Learning သဘောတရားကို အခွင့်အလမ်းများပေးထားလျှင် တက္ကသိုလ်တစ်ခုတွင် အချိန်အများကြီး ဖြုန်းတီးနေရန် မလိုတော့ပါ။ ၂ နှစ်နှင့် ဘွဲ့တစ်ခုကို သတ်မှတ်ပေးပြီး လုပ်ငန်းခွင်ဝင်၊ လုပ်ငန်းခွင်မှ နောက်ထပ်သင်ယူချင်သည့် လမ်းကြောင်း ပြောင်းတက်နိုင်ရေးကို လုပ်ဆောင်ရန်ဖြစ်သည်။

တက္ကသိုလ်ပြီးလျှင် ပညာမပြီးပါ။ တက္ကသိုလ်သည် တီထွင်ဖန်တီးမှုများ လုပ်ဆောင်နိုင်ရန်အတွက် ကွန်းခိုနားစရာနေရာကြီးတစ်ခု ဖြစ်သင့်ပါသည်။ အနာဂတ်အတွက် တီထွင်ဖန်တီးရှင်များကို အချိန်မရွေး၊ နေရာမရွေး၊ အရွယ်မရွေး မွေးထုတ်ပေးရမည့် တက္ကသိုလ်ဖြစ်သင့်ပါသည်။

(စင်ကာပူပညာရေးဝန်ကြီး မစ္စတာအွန်ရဲကန်၏ မိန့်ခွန်းကို ကိုးကားပါသည်။)
(Ref: APAIE 2018)

 

http://thevoicemyanmar.com

Your rating: None Average: 5 (1 vote)