Photo

အနာဂတ်ပညာရေးနှင့် အိန္ဒိယအတွေး

By The Voice Weekly 21 April, 2018 - 15:52

အိန္ဒိယနိုင်ငံတွင် ကျောင်းပေါင်း ၁ ဒသမ ၅ သန်းရှိပြီး တက်ရောက် သင်ကြားနေသည့် ကျောင်းသားပေါင်း သန်း ၂၆၀ ခန့်ရှိသည်။ အိန္ဒိယနိုင်ငံသည် K12 (မူလတန်းမှ အထက်တန်းအဆင့် ပညာရေး) တွင် ကမ္ဘာ့အကြီးဆုံး ပညာရေးစနစ်ကြီးကို

လည်ပတ် လုပ်ဆောင်နေသည့် နိုင်ငံကြီးတစ်နိုင်ငံဟုလည်း ဆိုနိုင်သည်။

သို့သော် အိန္ဒိယနိုင်ငံ၏ စာတတ်မြောက်မှုနှုန်းမှာ ၇၇ ရာခိုင်နှုန်းသာရှိသည်။ BRIC (ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့်တရုတ်) အဖွဲ့ဝင်နိုင်ငံများထဲမှ ကျန်နိုင်ငံများသည်ပင် စာတတ်မြောက်နှုန်း ၉၀ ရာခိုင်နှုန်းရှိသည်ဆိုသဖြင့် အိန္ဒိယသည် နောက်ကျကျန်နေသေးသည့် နိုင်ငံတစ်နိုင်ငံဟု ဆိုရမည် ဖြစ်သည်။

အိန္ဒိယပညာရေးစနစ်တွင် မပြောင်းလဲနိုင်သည့် စနစ်တစ်ခုမှာ လက်ရှိကျင့်သုံးနေသည့် စာမေးပွဲစနစ်ဖြစ်သည်။ ကျောင်းသားများကို မေးခွန်းဖြေတတ်အောင်သာ သင်ထားပေးပြီး မေးခွန်းမေးတတ်အောင် သင်မပေးနိုင်သေးခြင်းမှာ အိန္ဒိယနိုင်ငံ ပညာရေးစနစ်၏ ခေတ်နောက်ကျနေသေးခြင်းဖြစ်သည်။ အရည်အသွေးပညာရေးထက်၊ အရေအတွက်ကိုသာ လှိမ့်ထုတ်ပေးနေသော ပညာရေးစနစ်ဟူ၍လည်း ဆိုနိုင်သည်။

ပညာရေးဆိုသည်မှာ ကမ္ဘာ့လမ်းကြောင်းလိုက်နိုင်မည့် ပညာရေးမျိုးကို ပြုပြင်ပြောင်းလဲရန်လိုပါသည်။ အခြေခံကို အခြေခိုင်အောင် လုပ်သည်ဆိုသည် ကမ္ဘာကသွားနေသည့် လမ်းကြောင်းကိုသာ အခြေခံအဖြစ် သတ်မှတ်ပြီး ပြုပြင်ပြောင်းလဲရန်လိုပါသည်။ အခြေခံသည် အခြေခိုင်ရမည်ဖြစ်သောကြောင့် မူလတန်းမှသည် အထက်တန်းအဆင့်အထိ ပညာရေးကို တောင့်တင်းခိုင်မာစေရန် အားထုတ်ဖို့လိုသည်။

ပညာရေးဆိုသည်မှာ ဘက်စုံပညာရေးကို ဦးတည်ဆောင်ရွက်နေသည့်လမ်းကြောင်းပေါ် ရောက်လာပြီဖြစ်သည်။ ပညာရေးကို ဒစ်ဂျစ်တယ်လမ်းကြောင်းပေါ် တစ်ခုတည်းတွန်းတင်ရန် မလုံလောက်တော့။ ဒစ်ဂျစ်တယ်လမ်းကြောင်းပေါ် ရောက်သွားလျှင်လည်း ကွန်ပျူတာနှင့်သုံးနိုင်သည့် ဆော့ဖ်ဝဲများကို လက်တွေ့ အသုံးချနိုင်စေရေးအတွက် ကြိုတင်အကွက်ချထားရန် လိုအပ်သည်။ လက်ရှိကျင့်သုံးနေသော အလွတ်ကျက် အမှတ်ပေး စာမေးပွဲစနစ်ထက် နိုင်ငံတကာ ကျင့်သုံးနေသည့် စာမေးပွဲလမ်းကြောင်းကို ပြောင်းလဲစစ်ဆေးနိုင်ရန် လိုအပ်နေပြီဖြစ်သည်။

နိုင်ငံတကာ ကျင့်သုံးနေသည့် စာမေးပွဲစနစ်မှာ “ဘာကိုလေ့လာ” ဆိုသည့် သဘောတရားထက် “ဘယ်လိုလေ့လာ” ဆိုသည့် လမ်းကြောင်းကို ပြောင်းနေပြီဖြစ်သည်။ ဘာတွေကို ကျက်ထားသည်ဆိုပြီး ကျက်ထားသည့်အတိုင်း ပြန်ရေးပြခြင်းထက်၊ ဘယ်လိုဖြေရှင်းနိုင်သနည်းဆိုသည့် တွေးခေါ်မြော်မြင်၊ လေ့လာဆန်းစစ်မှုကို အခြေခံသည့် ပင်ကိုဆုံးဖြတ်နိုင်စွမ်းကို စစ်ဆေးသည့်လမ်းကြောင်းကို ပြောင်းလဲနေပြီဖြစ်သည်။ သို့ဖြစ်ရာ ဘာတွေ ကူးပြောင်းရမည်နည်းကို ဆန်းစစ်ရန်လိုလာသည်။

သင်ရိုးနှင့် ဆရာအတတ်
ပထမဆုံး ပညာရေးပြုပြင်ပြောင်းလဲမှု ပါရာဒိုင်းကို သင်ယူသူ ဗဟိုပြုစနစ် (Learner-centered) သို့ ဦးတည်ရွေ့စေရမည်။ သင်ယူမှုတွင် နည်းလမ်းပေါင်းစုံဖြင့် ချဉ်းကပ်နိုင်စွမ်း၊ သင်ယူလိုသည့် ပညာရပ်တွင် စူးစိုက်နိုင်စွမ်း၊ ကျွမ်းကျင်တတ်မြောက်မှုကို အခြေခံသည့် Skill-based သင်ရိုးများဖြင့် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ရမည်။ ဆရာအတတ်သင်နည်းများကိုလည်း ခေတ်စနစ်နှင့်ကိုက်ညီသည့် နည်းပညာဗဟိုပြု သင်ကြားမှုကိုပြုနိုင်သော စနစ်ကိုပြောင်းရမည်။ စာသင်ခန်းကို အစဉ်အလာမှ ဇောက်ထိုးမိုးမျှော်ဖြစ်စေရန် မလှန်နိုင်သေးလျှင် အောင်မြင်ရေး အလှမ်းဝေးလိမ့်မည်။

အနုပညာနှင့် အားကစား
အနုပညာ၊ ရသပညာ ခံစားမှုသဘောတရားများကလည်း အရေးကြီးသည်။ နည်းပညာခေတ်ဆိုပြီး ကွန်ပျူတာကိုချည်း အားကိုးရန်မဟုတ်ပါ။ နေရာတိုင်းတွင် အနုပညာနှင့်ရသကို တွဲထားမှ ခံစားသက်ဝင်နိုင်သည်။ အားကစားကိုလည်း မဖြစ်မနေယူရမည့် ဘာသာရပ်တစ်ခုအဖြစ် ထည့်သွင်းရန် အရေးကြီးသည်။

တက္ကသိုလ်ပညာ
တက္ကသိုလ်ပညာရေးအားလည်း ပြုပြင်ပြောင်းလဲမှု များစွာလုပ်ရန်လိုပါသည်။ တက္ကသိုလ်ပညာရေးကို လုပ်ပိုင်ခွင့် အပြည့်ပေးရမည်။ ဆုပေးဒဏ်ပေးစနစ် ကျင့်သုံးသင့်လျှင် ကျင့်သုံးရမည်။ တက္ကသိုလ်ဆိုသည်မှာ အထီးတည်း ရပ်တည်နေရန် မဟုတ်ပါ။ နိုင်ငံတကာနှင့် ပေါင်းကူးဆက်သွယ် လေ့လာသုတေသနပြုလုပ်နေမှုများ မပြတ်ရှိနေရမည်။ အခြားနိုင်ငံကလည်း လာလေ့လာ၊ ကိုယ့်နိုင်ငံကလည်း အခြားကိုသွားပြီး ပညာပေါင်းကူး ဖလှယ်နိုင်သည့် နေရာဖြစ်နေရမည်။

ပူးပေါင်းရွက်ဆောင်
ခေတ်သစ်ပညာရေးစနစ်က တစ်ဦးကောင်း တစ်ကိုယ်တော် မွေးထုတ်ပေးရန် မဟုတ်တော့ပါ။ အများအတွက် အများဆောင်ရွက်စနစ်ဖြင့် အကောင်းဆုံး အကြံဉာဏ်များဖြင့် စုပေါင်းလုပ်ဆောင်သည့် ပညာရေးစနစ်ဖြစ်ရန် ဦးစားပေးလုပ်ဆောင်ရပါမည်။

စည်းလုံးခြင်းသည်အင်အား
ပညာရေးတွင် အစိုးရနှင့်ပုဂ္ဂလိက ခွဲခြားကွဲပြားမှုများ မလိုအပ်တော့ပါ။ ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပကဖြစ်စေ ပညာရေးအတွက် အားလုံး ပူးပေါင်းဆောင်ရွက်ပြီး တိုင်းပြည်နှင့် လူမျိုးအတွက်ဆိုသည့် စိတ်ထားများဖြင့် လုပ်ဆောင်လာရန် လိုအပ်လာပြီဖြစ်သည်။ နိုင်ငံခြားကိုလည်း လမ်းဖွင့်ပေးသလို၊ နိုင်ငံခြားက တံခါးဖွင့်ပေးလာလျှင်လည်း ဝင်သွားပေးရန်ဖြစ်သည်။

ထက်မြက်သော အုပ်ချုပ်ရေးနှင့် ခေါင်းဆောင်မှု
ပညာရေးအတွက် အရေးအကြီးဆုံး ပေါ်လစီ ကိုင်တွယ်ဖော်ဆောင်သူများ၊ ဦးဆောင်နေသူများ ဖြစ်သည်။ သူတို့၏ ထူးချွန်ထက်မြက်ပြီး အမြော်အမြင်ရှိသည့် ဦးဆောင်ဆုံးဖြတ်ချက်များက အနာဂတ်ကို အဆုံးအဖြတ်ပေးမည်ဖြစ်သည်။ ပညာနှင့်ကျောင်းကို ကောင်းအောင်မလုပ်နိုင်သည့် အစိုးရနှင့် အုပ်ချုပ်စီမံ သူများအောက်တွင် စနစ်နှင့်အနာဂတ်လည်း ကောင်းလာမည်မဟုတ်ပါ။

(Ref:Financial Express)

 

http://thevoicemyanmar.com

Your rating: None Average: 5 (1 vote)