Photo

ဖုန်းဘက်ထရီ အသုံးခံစေဖို့

By Mobile Guide 20 November, 2017 - 00:12

မြန်မာပြည် မိုဘိုင်းဖုန်းခေတ်ဦးမှာ ဖုန်းဘက်ထရီတွေက အတော်အသုံးခံ သည်ဟု ထင်ရသည်။ စမတ်ဖုန်းဆိုသည်က မပေါ်သေး။ မိုဘိုင်း အင်တာနက် ဆိုသည်ကလည်း ဝေလာဝေးမို့ ဖုန်းဘက်ထရီ အသုံးခံသည်ဟု ထင်ပါသည်။

ပါးရည်နပ်ရည် ရှိသူများနှင့် မိုဘိုင်းဖုန်းအကြောင်း မပြတ်လေ့လာသူများမှ လွဲပြီး အ၀င်ဖုန်းအထွက် ဖုန်းတို့ကို contact list ထဲ သွင်းတတ်သူ အလွန်နည်းသဖြင့် ဖုန်းဘက်ထရီက ကုန်စရာ အကြောင်းလည်း မရှိလှပါ။

မြန်မာပြည်၏ မိုဘိုင်းဖုန်းခေတ်ဦး ဖြစ်သည့် ၂၀၀၁ လောက်ကသုံးသည့် handset တွေမှာ Java စနစ်ဖြင့် လာသော ခလုတ်ဖုန်းတွေသာ ဖြစ်သည်။ သီချင်းနားမထောင်လျှင် ဘက်ထရီကုန်ဖို့ အကြောင်းမရှိလှ။ အများပြည်သူသုံး မိုဘိုင်းခေတ်သို့ စ၀င်သည့် ၂၀၁၀ ပြည့်နှစ်ထဲတွင်မူ မြန်မာပြည်မှာ mobile OS ပါသည့် စမတ်ဖုန်းတွေ ရှိနေပါပြီ။ သို့သော် OS အရွယ်အစားက သေးပါသည်။ Storage 2GB ထဲမှာ OS ၊app နှင့် data တွေအားလုံး စုံပြုံ ထည့်ခြင်းကို ကြည့်လျှင် သိနိုင်သည်။

မြန်မာပြည် မိုဘိုင်းဖုန်းခေတ် (၁၇) နှစ်ထဲ ၀င်လေသော် ဖုန်းသုံးစွဲသူ အားလုံး၏ ၈၀ ရာခိုင်နှုန်းလောက် စမတ်ဖုန်းသုံးကြပါသည်။ ဖုန်းထဲမှာ appတွေ ဂိမ်းတွေ အပြည့်အသိပ် ထည့်ပြီး ကွန်ပျူတာတစ်လုံးလို အသုံးပြု လာကြပါသည်။ တစ်နေ့တာအတွင်း facebook ကို အချိန်အားလျှင် ရသလို ပွတ်သူတွေ ရှိသည်။ပိတ်ရက်များတွင် ဂိမ်းကို မထတမ်း ဆော့သူတွေရှိသည်။ ထို့ကြောင့် ဘက်ထရီ စားသုံးမှု အလွန်များပါသည်။ 3000 mAh ဘက်ထရီ ထည့်ထားသော ၅.၅ လက်မအရွယ် စမတ်ဖုန်းတွင် ဘက်ထရီ တစ်နေ့တာ အသုံးခံမည်ဟု ကုမ္ပဏီတို့က ဆိုသည်။အင်တာနက်ကိုသာ မထတမ်း သုံးလျှင် ငါးနာရီကြာပြီး နောက် ထိုဘက်ထရီမှာ လက်ကျန်မရှိတော့ပါ။

ဘက်ထရီအားကြီးကြီး ထည့်လျှင် အသုံးခံမည်ဟု တွေးသူများရှိသည်။ ထို့ကြောင့် ဘက်ထရီ 3500-4000 mAh ဘက်ထရီပါသော ၅.၅ လက်မ အရွယ် ဖုန်းကို တစ်နေကုန် အသုံးခံမည်ဟု ဆိုသည်။ သူတို့အဆို မမှန်ပါ။ ဘက်ထရီအသုံးမခံမည်ကို စိုးသဖြင့် 5000 mAh ဘက်ထရီပါသော စမတ်ဖုန်းကို ကျွန်မသုံးပါသည်။ Android 7.0 မှာ ဘက်ထရီပိုပြီး အသုံးခံအောင် လုပ်ထားသည်ဟုလည်း ဆိုသည်။ သို့တိုင်အောင်Battery Saver On ထားပါမှ ထိုဘက်ထရီသည် မိုးလင်းမိုးချုပ် အသုံးခံသည်။ ကျွန်မ၏ အင်တာနက် အသုံးပြုချိန်မှာ တစ်နေ့တာလုံး သုံးသမျှ အပိုင်းအပြတ်တို့ကို စုလိုက်လျှင် ၆ နာရီမျှ ရှိခြင်းကြောင့်လည်း ဖြစ်ပါလိမ့်မည်။ သို့ဖြစ်ရာ မိုဘိုင်းဖုန်းဘက်ထရီကို တတ်နိုင်သမျှ အချိန်များများ အသုံးခံအောင် ကျွန်မ တို့ကြိုးစားကြည့်ကြပါမည်။ ဘက်ထရီအသုံးခံချိန် များများရအောင် ကြိုးစား မည် ဟုဆိုလျှင်ပထမဦးစွာ ဘက်ထရီ အစားအ၀ါး ကြမ်းသော app တို့ကို ဖော်ထုတ်ကြည့်ပါမည်။ ဘက်ထရီအစားကြမ်းသည်ဟု ဆိုရာ၌ စားသင့်စားထိုက်သည်ထက် ပို၍စားသော app မျိုးကို ဆိုလိုပါသည်။ ထို app များကို ဖော်ထုတ်ရသည်မှာ မခက်လှပါ။ iPhone အသုံးပြုသည်ဟု ဆိုလျှင် setting>Battery>Battery Usage အတိုင်းဝင်သွားရုံ ဖြစ်ပါသည်။ Android သုံးသူများက setting>Battery အတိုင်း ၀င်သွားရပါမည်။ Android နှင့် iOS စနစ်နှစ်မျိုး စလုံးတွင်app တို့၏ ဘက်ထရီစားသုံးမှုကိုများရာ မှနည်းရာ သို့အစဉ်လိုက်အတိုင်း ပြထားသည်ကို တွေ့ရပါမည်။

သိသိသာသာ ဘက်ထရီစားသော app နှစ်ခုသုံးခုထက် ပိုမရှိပါ။ ထိုအထဲတွင် facebook၊ whatsappနှင့် Google play service တို့မှာ နာမည်ကျော်ပါ သည်။ မိမိ၏ဖုန်းတွင်းရှိ location service တို့လို app တို့ကိုသုံးစွဲခြင်း မပြုနိုင်အောင် disable လုပ်ပစ်ခြင်းဖြင့် လည်းကောင်း၊ သို့မဟုတ်ယင်း app တို့က မိုဘိုင်း data အသုံးပြုမှုကို ကန့်သတ်ပစ်ခြင်းဖြင့် သော်လည်းကောင်း ဘက်ထရီအသုံးခံချိန် ပိုမိုတိုးတက်လာသည်ကို တွေ့ရပါမည်။ ဘက်ထရီ အစားကြမ်းသည့် အချို့သော app များကို uninstall လုပ်ခြင်း၊ disable လုပ်ခြင်းဖြင့် သော်လည်းကောင်း သို့တည်းမဟုတ် ယင်းတို့နှင့် စွမ်းဆောင်ရည်တူပြီး ယင်းတို့လောက် ဘက်ထရီအစား မကြမ်းသော app များကို ပြောင်းလဲ သုံးစွဲခြင်းဖြင့် သော်လည်းကောင်း အခြေအနေ ပိုကောင်းလာသည်ကို တွေ့ရပါမည်။

မူရင်း OS တွင် တစ်ပါတည်း တွဲထည့်လိုက်သော app တို့ကဘက်ထရီ အစားကြမ်း သည်ဟုဆိုလျှင် ယင်းတို့အပေါ် သံယောဇဉ်တွယ်နေရန် အကြောင်း မရှိပါ။ Android နှင့်iOS နှစ်ခုစလုံးတွင် တစ်ပါတည်း ထည့်သွင်းပေးလိုက်သော Photo နှင့်Music internal library များသည် ဘက်ထရီအစားကြမ်းလေ့ ရှိပါသည်။ထို့ကြောင့် ယင်းတို့ အစားဘက်ထရီ အစားသက်သာသော Third party app များကို အသုံးပြုသင့်ပါသည်။ app များအပြင ဘက်ထရီစားသော နောက်ထပ် နေရာတစ်ခုမှာ screen ဖြစ်သည်။ မှောင်သော နေရာတွင် သင့်တင့်သော brightness ဖြင့်ဖုန်းကို ကောင်းစွာ ကြည့်နိုင်သော်လည်း အခန်းပြင်ပ အထူးသဖြင့် တောက်ပသော အလင်းအောက်တွင် brightness နည်းပါက မမြင်သာပါ။ ထိုသို့သော အမြင်ဆိုင်ရာ အခက်အခဲကြောင့် အချို့ကဖုန်း၏ screen အလင်းကို တတ်နိုင်သမျှ မြှင့်ပါသည်။ဖုန်းဆက်ရုံလောက်ဆိုလျှင် ထိုသို့မြှင့်တင်ခြင်းက ပြဿနာ မရှိသော်လည်း အင်တာနက်သုံးမည်၊ ရုပ်ရှင်၊ ဗီဒီယို ကြည့်မည်ဆိုသည့်အခါ မြှင့်တင်ထားသော အလင်းအားကြောင့် ဘက်ထရီအကုန် အလွန်မြန်ပါလိမ့် မည်။

ထို့ကြောင့် screen အလင်းကို သင့်ရုံသာထားပြီး မလွဲမသွေလိုမှ မြှင့်ရပါမည်။ အလင်းအား ချိန်ညှိရန်အတွက် iPhone တွင် screen ၏အောက်မှ အပေါ်သို့ ဆွဲပွတ်ရပါမည်။ထိုအခါ အလင်းအား ညှိသော control များကို မြင်ရပါမည်။ Android ဖုန်းများတွင်screen အလင်းအား ညှိသော control များကို မြင်ရရန်အတွက် screen အပေါ်မှ အောက်သို့ ပွတ်ဆွဲရလေ့ ရှိပါသည်။ပတ်ဝန်းကျင်၏ အလင်းရောင်ပေါ်မူတည်ပြီး screen၏ အလင်းအားကို အလိုအလျောက် ချိန်ညှိရန်အတွက် Android ဖုန်းများတွင် Auto brightness (Auto adjustment)တွင်ထား နိုင်ပါသည်။ Setting>display မှ တစ်ဆင့်ဝင်ပြီး ဆောင်ရွက်ရပါမည်။ iPhone များတွင်မူ Setting>Display& brightness>Auto brightness ဖြင့် ဆောင်ရွက်ရပါမည်။Screen မှနေ၍ ဘက်ထရီစားခြင်းက လျှော့ချနိုင်မည့် နောက်ထပ် နည်းလမ်းတစ်ရပ်မှာ screen အသုံးမပြုချိန်တွင် ပိတ်ထားရန် ဖြစ်သည်။ ထိုကိစ္စအတွက်screen display time ကိုသတ်မှတ်ရပါမည်။ များသောအားဖြင့် 15 sec မှ Never အထိ သတ်မှတ်နိုင်ပါသည်။ အင်တာနက် ချိတ်ဆက် အသုံးပြုခြင်းမှတပါး ကျန်အလုပ်များအတွက် display time မှာ 2min လောက်ဆိုလျှင် သင့်တော်ပါသည်။ စာဖတ်နေရင်း screen အလိုအလျောက် ပိတ်သွားမည် သို့မဟုတ် screen မှိန်သွားမည် စသည်တို့အတွက် စိတ်ကသိကအောက်ဖြစ် စရာရှိသည်။ ထို့ကြောင့် screen မှိန်လာလျှင် လက်ဖြင့် screen ကို ထောက်ပေးခြင်း သို့မဟုတ် ဖတ်လက်စ စာမျက်နှာကို အနည်းငယ် ပွတ်ဆွဲပြီး ရွှေ့ခြင်း ပြုလုပ်ရပါမည်။
 
iPhone သုံးသူဖြစ်က Display & brightness screen တွင် Auto-lock ကိုရွေးချယ်ပြီး ပြုလုပ်သည်။ ဘက်ထရီကို အချွေတာဆုံးဖြစ်လိုလျှင် screen display time ကို30 sec ထားသင့်ပါသည်။ Android တွင်ဆိုပါက setting>display>sleep မှတစ်ဆင့် သွားရပါမည်။ Sleep time ကို 15 sec သတ်မှတ်ပေးသင့်သည်ဟု ဆိုသော်လည်း ကျွန်မ၏ လက်တွေ့ အတွေ့အကြုံအရမူ 1min အနည်းဆုံး ထားသင့်ပါသည်။ ဘက်ထရီအစား သက်သာလိုလျှင်screen wallpaper ကိုအရောင်များများ မရွေးသင့်ပါ။ တတ်နိုင်သမျှ အနက်ရောင်ဖြစ်လေ (သို့မဟုတ်) အနက်ရောင်များလေ ကောင်းလေ ဖြစ်ပါသည်။ စာဖတ်သော စာမျက်နှာများတွင်လည်း setting ချိန်ခွင့်ပြုမည်ဆိုပါက အဖြူရောင်ပေါ်တွင် အနက်ရောင်စာလုံးဖြင့် ဖတ်မည့် အစား အနက်ရောင်ပေါ်တွင် အဖြူရောင်စာလုံးများဖြင့် ဖတ်ခြင်းက ဘက်ထရီအစား သက်သာပါသည်။ AMOLED screen များတွင် ထိုအာနိသင် မှာပို၍ သိသာပါသည်။

ဘက်ထရီနှင့် ပတ်သက်ပြီး မှားယွင်းနေသော အယူအဆ နှစ်ရပ်ကိုလည်း ပြုပြင်ဖို့လိုပါသည်။ background app များက ဘက်ထရီစားသည့်အတွက် ထို app များကို ပိတ်ရန် သို့မဟုတ် အလိုအလျောက်ပိတ်စေရန် ဆောင်ရွက် သင့်သည်ဟူသော အချက်မှာ ပထမအမှား ဖြစ်သည်။ သို့သော် background app များထဲမှ မလိုသည်တို့ကိုသာ ပိတ်ပြီး လိုသည်တို့ကို ချန်သင့်ပါသည်။ အမှန်တကယ်လိုသော app များကိုbackground မှခေါ်ယူမည် ဆိုလျှင် အသစ်ပွင့်သည်ထက် ဘက်ထရီအစား သက်သာမည်ဟု google ကဆိုပါ သည်။ ဒုတိယအမှားမှာ ဘက်ထရီအားသွင်းသည့်နေရာ ဖြစ်သည်။ ၂၀ ရာခိုင်နှုန်းရောက်အောင် မကြာခဏ သုံးပြီးမှ အားသွင်းလျှင် ဘက်ထရီနာပါသည်။ နောင်တွင် ၁၀၀ ရာခိုင်နှုန်းပြည့်အောင် အားသွင်းနိုင်တော့မည် မဟုတ်ပါ။ဘက်ထရီ ကျန်းမာရေးအတွက် တစ်လလျှင် တစ်ကြိမ်ရာနှုန်းပြည့် အားသွင်းသင့်သည်ဖြစ်ရာ ရာနှုန်းပြည့် အားမသွင်းနိုင်ခြင်းသည် အားနည်းချက် တစ်ရပ်ဖြစ်ပါသည်။

ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

Your rating: None Average: 5 (1 vote)