Photo

ညာနေတာတွေကို ပြင်လိုက်မှ ပညာရေး တိုးတက်လာမယ်

By The Voice Weekly 9 October, 2017 - 20:48

ဪ ... ဒါနဲ့စကားမစပ်။ မြန်မာပြက္ခဒိန်အရ သီတင်းကျွတ် လဆန်းထဲကို ရောက်ခဲ့ပေမယ့် အရှေ့ဘက်က ဝင်လာတဲ့ မုန်တိုင်း အရှိန်ကြောင့် ဒီနှစ်ရန်ကုန်မှာ မိုးက လွှတ်ကောင်းနေတော့ ဘယ်အချိန်ပဲ ကြည့်လိုက် ကြည့်လိုက် ကောင်းကင်မှာ မိုးသားတွေက အုပ်အုပ်ခဲခဲနဲ့ မှိုင်းမှိုင်းညို့ညို့။


စနေတစ်ရက်သားမတော့ ညနေ ၄ နာရီလောက်မှာ မိုးခိုရင်း အင်းစိန် လမ်းမပေါ်က ဆုံနေကျ “အိုင်တီ” လက်ဖက်ရည်ဆိုင်ရဲ့ဝင်ပေါက် ဘယ်ဘက်ထောင့်စားပွဲမှာ အသက် ၆၀ စွန်းစွန်းအရွယ် အငြိမ်းစားကျောင်းဆရာ သူငယ်ချင်းလေးယောက် ထိုင်ဖြစ်ကြတယ်။

အငြိမ်းစား ကျောင်းဆရာကြီး ဦးသောင်းက လူတစ်မျိုး။ ပညာရေး ဝန်ထမ်း ကျောင်းဆရာဘဝကို အောက်ခြေ မူလတန်းပြ ဆရာကစလို့ အထက်ပညာရေး အရာထမ်း ဖြစ်တဲ့အထိ အနှစ် ၄၀ လောက် လုပ်လာတဲ့ သူဆိုတော့ အခြေခံပညာရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာဆိုရင် အခုထိ နင့်နင့်သီးသီး ရူးသွပ်နေတုန်းပဲ။ ကျန်တဲ့သုံးယောက်ကလည်း ဘာထူးလို့လဲ။ ပညာရေးနဲ့ ပတ်သက်လာရင် ဘယ်လို အကြောင်းမျိုး ပြောရမလဲ။ ကြိုက်တာ လာထားဆိုတဲ့ လက်တွေ့သမားတွေ...။

လက်ဖက်ရည် သောက်ကြရင်း လက်ရှိ ပြုပြင်နေတဲ့ ပညာရေး ပြောင်းလဲမှု အခင်းအကျင်းနဲ့ ပတ်သက်လို့ “အခြေခံပညာရေးစနစ် ပြောင်းလဲရေး”ဆိုတဲ့ ကဏ္ဍအပေါ် သူ့အမြင် ကိုယ့်အမြင်နဲ့ ဆက်စပ်တဲ့ စကားတွေ ဖလှယ်ဖြစ်ကြတယ်။

ဆေးလိပ် ကြိုက်တတ်တဲ့ ဦးသန်းနိုင်က ရူဘီစီးကရက် တစ်လိပ်ကို ကောက်ယူပြီး သူ့နှုတ်ခမ်းမှာ တေ့လိုက်တယ်။ ပြီးတော့ ဂက်စ်မီးခြစ်ကိုယူပြီး “ဖျောက်” ခနဲ ခြစ်လိုက်ကာ မီးညှိပြီး တရှိုက်မက်မက် ဖွာလိုက်တာကိုကြည့်ရင်း ဦးခင်မောင်ဌေးက -

“အမြစ်တွယ်နေတဲ့ အလေ့အကျင့် တစ်ခုဟာ မကောင်းမှန်း သိနေရက်သားနဲ့ ဖြတ်ဖို့ခက်သလို အရိုးစွဲနေတဲ့ အခြေခံပညာကဏ္ဍ ပြောင်းလဲဖို့ ဆိုတာကလည်း ခက်ခဲနေတော့မှာပဲ”လို့ ပြောလိုက်တယ်။

“ဒီမိုကရေစီစနစ်ကို စတင် ပြောင်းလဲလာကတည်းက ပညာရေးစနစ် ပြောင်းလဲဖို့ စီမံနေကြတာပဲ မဟုတ်လား၊ ဘာပဲဖြစ်ဖြစ် ပြောင်းလဲခြင်းကို စတင်တဲ့ခြေလှမ်းဟာ စနစ်ဟောင်းထဲကနေ တစ်စတစ်စ ကင်းဝေးစေတာပဲ၊ အခုပဲကြည့်လေ မူလတန်းအောက်ဆင့်ဖြစ်တဲ့ သူငယ်တန်းနဲ့ ပထမတန်းကို တစ်နှစ်ချင်း တစ်နှစ်ချင်း အချိန်ယူလို့ သင်ရိုးတွေ၊ သင်နည်းတွေကအစ ပြောင်းလဲနေတာကို တွေ့နေရတယ်”လို့ ဦးမြဟန်က ထောက်ပြတယ်။

ဒီအခါမှာတော့ ဦးသောင်းက “အခု ပြောင်းမယ်ဆိုတဲ့ CAPs (Con- tinuous Assessment Programmes) စနစ် (ကျောင်းသား တစ်ဦးချင်း စဉ်ဆက်မပြတ် အကဲဖြတ် အတန်းတင်ပေးရေးစနစ်) ဟာ ၁၉၉၄ ခုနှစ်လောက်ကစလို့ လုပ်ခဲ့တာပဲ။ ဘယ်မှာလာပြီး မိမိရရ အကောင်အထည် ပေါ်လာလို့လဲ။ ဟုတ်နိုးနိုးနဲ့ဖြစ်ခဲ့ပြီး ရေပွက်သလို စွပ်ခနဲ ပျောက်သွားတာပဲလေ။ အခုခေတ် ဆရာ၊ ဆရာမ အငယ်လေးတွေ ကြားဖူးမယ်တောင် မထင်ဘူးဗျာ”လို့ ဝင်ပြောတော့ CAPs ဆိုတာဟာ ကျွန်တော်တို့ ပညာရေးစနစ်နဲ့ ကိုက်ညီလား၊ မကိုက်ညီဘူးလား၊ သုံးသင့်လား၊ မသုံးသင့်ဘူးလား၊ အကျိုးရှိလား၊ မရှိဘူးလား ဆိုတာကို ဆွေးနွေးပွဲလို ဖြစ်သွားပြီး စကားဝိုင်းက ပိုလို့ အသက်ဝင်လာပါလေရောလား။

“CAPs စနစ်ကို သုံးမယ်ဆိုရင်တော့ CPR ( Comprehensive Personal Record) လို့ခေါ်တဲ့ ကျောင်းသားတစ်ဦးချင်းရဲ့ အရည်းအချင်း မှတ်တမ်းချုပ်ကို ပီပြင်အောင် လုပ်ရလိမ့်မယ်။ ကျောင်းသား တစ်ဦးချင်းရဲ့ အရည်အချင်း မှတ်တမ်းချုပ် မှန်မှန်ကန်ကန် ဖြစ်ဖို့ကတော့ သင်ကြားနေတဲ့ ဆရာ၊ ဆရာမတွေရဲ့ ဘက်မလိုက်တဲ့ အကဲဖြတ်မှုအပေါ်မှာ မူတည်နေတယ်”လို့ အငြိမ်းစား ကျောင်းဆရာ ဦးသန်းနိုင်က ဆိုပြန်တာပေါ့။

“ဒါပေါ့ဗျာ သင်ကြားနေတဲ့ ဆရာ၊ ဆရာမ ကိုယ်တိုင်က ကိုယ်သင်ကြားနေတဲ့ ဘာသာရပ်အပေါ်မှာ ကလေးတစ်ယောက်ရဲ့ စိတ်ဝင်စားမှု၊ နားလည်တတ်ကျွမ်းမှု၊ တွေးခေါ်နိုင်မှုတွေကို အကဲဖြတ်တဲ့နေရာမှာ ယိမ်းယိုင်သွားလို့ကတော့ မဖြစ်ဘူး၊ အကဲဖြတ်တာ မှားသွားရင် ကလေးအတွက် နစ်နာစရာတွေ ဖြစ်သွားနိုင်တယ်”လို့ ဦးခင်မောင်ဌေးက ဆက်ပြောတယ်။

အပြန်အလှန် ပြောနေရင်းက CPR ကနေ CCA အကြောင်း ရောက်သွားပြန်လေရော။

ဦးသန်းနိုင်က “ခင်ဗျားတို့ CPR မလုပ်ခင် CCA (Child Centre Approach) (ကလေးဗဟိုပြု ချဉ်းကပ်သင်ကြားနည်း) ကို အရင်ပီပြင်အောင် အကောင်းအထည်ဖော်ရမှာ မဟုတ်လား၊ CCA  လုပ်တယ်လို့သာ ပြောနေကြတာ၊ ခိုင်ခိုင်မာမာ အကောင်အထည်ပေါ်ရဲ့လား ဆိုတာလည်း စဉ်းစားကြည့်ကြဦး၊ တစ်ခါလာလည်း CCA ၊ ပြောမယ့်သာပြောရတာ ဒီ CCA က မူလတန်းအဆင့်ကနေကို မတက်နိုင်ဘူး ဖြစ်နေတယ်၊ စာသင်ကျောင်းတွေမှာ တကယ်ဖြစ်နေတာက TCA (Teacher Centre Approach) (ဆရာဗဟိုပြု ချဉ်းကပ်သင်ကြားနည်း)ထဲက ရုန်းမထွက်နိုင်သေးပါဘူးဗျာ”လို့ ပြောလာပြန်တော့ ဒီနေရာမှာ CCA လည်း ယောင်ဝါးဝါးနဲ့ ညာနေတာပဲလို့ ဆိုရပေဦးတော့မပေါ့။

ဒီစကားကိုလည်း အားလုံးက ခေါင်းတညိတ်ညိတ်နဲ့ ထောက်ခံကြပြန်တယ်။

“CCA ကို တကယ်လက်တွေ့သုံးကြည့်မှ အခြေခံပညာရေးစနစ် က ပြောင်းလဲခြင်းဘက်ကို အလေးသာတယ်လို့ ပြောရမှာပဲ၊ ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ၊ ကလေးတစ်ယောက်ရဲ့ ကိုယ်ပိုင်တွေးခေါ်မှု (Critical Thinking)၊ ကိုယ်တိုင်ပြဿနာ ဖြေရှင်းနိုင်မှု (Problem Solving) နဲ့ ကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်မှု (Decision Making) စတဲ့ အလေ့အကျင့်ကောင်းတွေ ရမှာ မဟုတ်လား၊ ဒီလိုမှ မလုပ်နိုင်ရင် အရင်လိုပဲ ဒါသင်၊ ဒါကျက်၊ ဒါဖြေဆိုတဲ့ ပုံစံခွက်ထဲက မထွက်နိုင်ဘဲ နေတော့မှာပေါ့”လို့ ဦးမြဟန်က ပြောပြန်တယ်။

“ဟုတ်တယ် ခင်ဗျား ပြောတာ မှန်တယ်လို့ ဆိုရမှာပဲ၊ CCA ရဲ့ တန်ဖိုးရှိပုံကို ပြောရဦးမယ်၊ CCA နဲ့သင်မှ ကလေးတွေက ပြောရဲ၊ ဆိုရဲ၊ မေးရဲ၊ လက်တွေ့ လုပ်ကိုင်ရဲ၊ တီထွင်ဖန်တီးနိုင်စွမ်း ရှိလာမှာကတော့ အသေအချာပါပဲ”လို့ ဦးခင်မောင်ဌေးက ထောက်ခံတယ်။

“CCA ကို အပ်ကျမပ်ကျ သုံးတော့မယ်ဆိုရင် ဆရာ၊ ဆရာမတွေလည်း ဆရာအတတ်ပညာကို တတ်ကျွမ်းဖို့လိုသလို ကိုယ်သင်နေတဲ့ ဘာသာရပ်ကိုလည်း ပိုင်နိုင်ထားဖို့ လိုတယ်၊ ဒါမှ ကလေးတွေ မေးလာမယ့် မေးခွန်းတွေ၊ ပြဿနာတွေကို ဖြေနိုင်မှာ မဟုတ်လား၊ မဖြေနိုင်ရင်တောင် အဲဒီအဖြေဟာ ဘယ်စာအုပ်ထဲမှာ ရှိနိုင်တယ် ဆိုတာကိုတော့ ညွှန်ပြနိုင်ရလိမ့်မယ်”လို့ ဦးသန်းနိုင်က ပြောပြန်တယ်။

“ဒါဆိုရင် ဆရာ၊ ဆရာမတွေ ကိုယ်တိုင် စာများများ ဖတ်ဖို့လိုလာသလို ကလေးတွေ စာဖတ်နိုင်အောင်လည်း ကျောင်းတွေမှာ စာကြည့်တိုက်တွေကို အသုံးချနိုင်ဖို့ အချိန်ပြည့် ဖွင့်ပေးထားရမယ်၊ စာကြည့်တိုက်တွေကို ဟန်ဆောင် ပန်ဆောင်ပြထားပြီး ညာနေလို့ မရတော့ဘူး၊ ကျောင်းအုပ်ကြီးတွေက အလေးအနက်ထား ကြီးကြပ်ရတော့မယ်”လို့ ဦးသောင်းက ဖြည့်စွက်လိုက်တယ်။

“ဒါတင် ဘယ်ကပါ့မလဲ၊ သင်ထောက်ကူ ပစ္စည်းတွေ (Teaching Aids)၊ ဓာတ်ခွဲခန်းတွေကိုလည်း လက်တွေ့ကျကျ အသုံးပြုခွင့် ပေးရလိမ့်မယ်၊ ကျွန်တော်ကိုယ်တိုင် ဓာတုဗေဒ ဘာသာရပ်ကို သင်ကြားပေးခဲ့ပေမယ့် ဓာတ်ခွဲခန်းထဲမှာ လက်တွေ့လုပ်ပြီး သင်ကြားပေးခဲ့တာ မရှိသလောက်ဘဲ၊ ကျောင်းတွေမှာ ဓာတ်ခွဲခန်းတွေကို ခတ်ထားတဲ့ သော့တွေတောင် သံချေးတက်နေပြီး ဖွင့်လို့မရအောင်ကို ဖြစ်နေတယ်”လို့ ဦးသန်းနိုင်က ဝင်ပြောလိုက်တယ်။

“စစ်အစိုးရခေတ်က ငွေကုန်ကြေးကျခံပြီး ဖော်ရှိုး (for show)ဖွင့်ခဲ့တဲ့ မာလ်တီမီဒီယာ စာသင်ခန်းတွေလည်း ဘာထူးလို့လဲ၊ လျှပ်စစ်မီး မလာတာရယ်၊ မီးစက်မောင်းဖို့ ဆီဖိုး မရှိတာရယ်ကြောင့် ကလေးတွေ ကိုယ်တိုင် ကွန်ပျူတာ ကိုင်ခွင့်မရဘဲ သော့ပိတ်ထားခဲ့တာပဲ၊ အဲဒီက ကွန်ပျူတာတွေက ရုံးစာရိုက်ဖို့လောက်နဲ့ တီဗီတွေက ဆရာ၊ ဆရာမတွေ ကြည့်ဖို့လောက်ပဲ ဖြစ်နေတာမဟုတ်လား”ဟု ဦးမြဟန်က ဝင်ပြောတယ်။

“ဟုတ်ပါတယ်၊ ဒါ့ထက် အရေးကြီးတာက CPR မှာပါတဲ့ ဖြစ်စဉ် ၆ ရပ်တို့၊ ဖြစ်စဉ် ၉ ရပ်တို့ကို အဆင့် သတ်မှတ်ပေးတဲ့အခါ တကယ့်အမှန်အတိုင်း မဟုတ်ဘဲ ရမ်းသန်းပြီး ထည့်နေကြတာ ရုပ်အပျက်ဆုံးပဲ၊ သူတို့ ပြောတဲ့ရသတို့၊ ပန်းချီတို့၊ ဂီတို့ဆိုတဲ့ ရမှတ်တွေက အညာအဖြီးတွေပဲလေ၊ ဘယ်ဆရာ၊ ဆရာမတွေက ပန်းချီတို့၊ ဂီတတို့၊ အကတို့ကို ထိထိရောက်ရောက် သင်ပေးနေလို့တုံး”လို့ ဦးခင်မောင်ဌေးက ဆက်ပြောပြန်တယ်။

ဦးသောင်းက သူ့အမြင်ကို ဝင်ပြီးပြောတာက “ကျောင်းတွေမှာ ခန့်ထားတဲ့ ကာယဆရာ၊ ဆရာမတွေကရော၊ ကလေးတွေ ကိုယ်ကာယ ကျန်းမာလာအောင်၊ ဦးနှောက်တွေ ဖွံ့ဖြိုးလာအောင် ကာယပညာရပ်ကို ဘယ်အတိုင်းအတာထိ သင်ပေးနေသလဲ ဆိုတာကိုလည်း သုံးသပ်ရမယ်၊ အဲဒီကာယဆရာတွေ ကိုယ်တိုင်ကရော အားကစားနဲ့ ပတ်သက်လို့ ဘယ်လောက်တတ်ကျွမ်းသလဲ ဆိုတာကိုရောပေါ့၊ ကိုယ်ကာယ လေ့ကျင့်ခန်း အတွဲ(၁)၊ အတွဲ(၂) သင်ပေးရုံလောက်နဲ့ ကလေးတွေအတွက် မလုံလောက်ဘူးလို့ ယူဆမိတာပဲ”

“ဟုတ်တယ်ဗျ၊ အဲဒီ ကာယဆရာ၊ ဆရာမတွေက သူတို့ကိုယ်တိုင် ကလေးတွေကို ထဲထဲဝင်ဝင် စာသင်ပေးဖူးကြတာ မဟုတ်ဘူး။ ဒါပေမဲ့ အထက်တန်းပြ ကာယဆရာကနေ ရာထူးတိုးလို့ အလယ်တန်းကျောင်းအုပ်တို့၊ အထက်တန်းကျောင်းအုပ်တို့ဖြစ်ပြီး ကျောင်းတွေမှာ သင်ကြားရေးတို့၊ အုပ်ချုပ်ရေးတို့ကို ဦးဆောင်စီမံနေကြတာတော့ သဟဇာတ မဖြစ်ဘူး ထင်တာပဲ”လို့ ဦးမြဟန်က ထောက်ပြတယ်။

“အထက်တန်း ကျောင်းအုပ်လောက်ဆို တော်သေးတာပေါ့ဗျာ၊ အဲဒီကာယဆရာတွေက ဦးစီးဌာနတွေမှာ ညွှန်ကြားရေးမှူးအဆင့်လောက် ဖြစ်ပြီး ပညာရေးကဏ္ဍတွေမှာ ဦးဆောင်ဦးရွက် လုပ်နေတာတောင် ရှိနေသေးတာဆိုတော့ ပေးချင်တဲ့တာဝန်ပေး မြန်မာ့ပညာရေး ဖြစ်နေတော့တာပေါ့”လို့ ဦးသန်းနိုင်က ဖြည့်ပြီးပြောလိုက်တယ်။

“ကာယဆရာက ပညာရေးဌာနမှာ အစကတည်းက ခန့်ထားတဲ့ ဆရာဖြစ်နေလို့ တော်ပါသေးတယ်ဗျာ၊ ပညာရေးဌာနကလည်း မဟုတ်ဘဲ စာလည်း တစ်လုံးမှမသင်ဖူးဘဲ ပညာရေးဌာနမှာလာပြီး အထက်ပိုင်းက ရာထူးတွေကို အရှင်မွေး၊ နေ့ချင်းကြီးသူတွေက ယူထားတာ ရှိနေပြန်သေးတာဆိုတော့ ...၊ ဒီကြားထဲ ပညာရေးစနစ်ကြီး တိုးတက်အောင် သူတို့က စီမံကိန်းတွေရေးဆွဲ၊ စာတမ်းတွေတင်၊ ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလား၊ အကြံဉာဏ်တွေပေး၊ ဆရာ၊ ဆရာမတွေရဲ့ ခန့်ထား၊ ပြောင်းရွှေ့၊ ရာထူးတို့ စတာတွေကို သူတို့ခြေ၊ သူတို့လက် လုပ်နေကြမှတော့ ပြောင်းလဲနေတဲ့ ပညာရေးစနစ်ကြီး ဘယ်အတိုင်းအတာထိ အောင်မြင်မလဲဆိုတာ စောင့်ကြည့်ရဦးမှာပေါ့”လို့ ဦးသောင်းက ဝေဖန်လိုက်တယ်။

ကလိုနဲ့ အခြေခံ ပညာရေးစနစ် ပြောင်းလဲခြင်းဆိုတဲ့ စကားလုံးရဲ့ နောက်ကွယ်က ဆက်နွှယ်နေတဲ့ ပြောင်းလဲရမယ့် အစီအမံ အခင်းအကျင်းတွေကို တစ်ဦးချင်း၊ တစ်ယောက်ချင်းရဲ့ တတ်သလောက် မှတ်သလောက် အတွေ့အကြုံ၊ အတွေးအမြင်တွေနဲ့ ရှုထောင့် အမျိုးမျိုးကနေ ဖလှယ်ကြရင်း အချိန်တွေ ကုန်မှန်းမသိ ကုန်သွားတယ်။ နိဂုံးချုပ်လိုက်တော့ “အခြေခံပညာရေးစနစ် ပြောင်းလဲခြင်း”ဆိုတဲ့ စကားလုံးဟာ ကျမ်းတစ်စောင် ပေတစ်ထုပ် ဖြစ်လာတာ မဟုတ်ပေမယ့် အဖြစ်နိုင်ဆုံးအဖြေ တစ်ခု ရနိုင်လိမ့်မယ်ဆိုတာ သုံးသပ်လို့ရတယ်။  အချိန်ကလည်း နေစောင်းသွားပြီဖြစ်လို့ လက်ဖက်ရည်ဆိုင်ထဲမှာ မှောင်သလိုလို ဖြစ်လာတယ်။

ဦးသောင်းက သူ့လက်မှာပတ်ထားတဲ့ စီတီဇင်နာရီကို ကြည့်လိုက်တော့ ည ၆ နာရီခွဲတောင် ရှိနေပြီဆိုတော့ကာ ပြန်ကြဖို့ သတိပေးရင်း ထိုင်ရာကနေ ထလိုက်ကြတယ်။ ဒီအချိန်မှာပဲ လက်ဖက်ရည်ဆိုင်ထဲမှာ အလင်းရောင်ရဖို့ လျှပ်စစ်မီးထွန်းမယ့် ခလုတ်တွေကို စာပွဲထိုးလေးက တဖျောက်ဖျောက်နဲ့ ဖွင့်လိုက်တယ်၊ ဒီအခါမတော့ တစ်ဆိုင်လုံးမှာရှိတဲ့ လျှပ်စစ်မီးချောင်းတွေ “ဖျတ်”ခနဲ လင်းလက်သွားပြီး အမှောင်တွေ ပျောက်သွားတယ်။

လေးယောက်သား လင်းလင်းထင်းထင်း ရှိတဲ့ မီးရောင်အောက်မှာ လျှောက်ကြရင်း ဆိုင်အပြင်ဘက်ကို ထွက်လာခဲ့ကြတယ်။ အပြင်ဘက်ကို ရောက်လာတော့ ပညာရေးနဲ့ပတ်သက်ပြီး ရူးသွပ်နေရတာတွေကို ပြောလိုက်ရလို့ သူတို့ လေးယောက်စလုံးရဲ့ ရင်ထဲမှာ အရင်ကထက်စာရင် မွန်းကျပ်နေတာတွေ ပြေလျော့ကာ ပိုပြီး ပေါ့ပါးလွတ်လပ်သွားသလို ခံစားလိုက်ရတယ်။ အပြင်ဘက်မှာတော့ မိုးစက်ကလေးတွေက တဖွဲဖွဲ ကျနေပေမယ့် လောကကြီးတစ်ခုလုံး အေးငြိမ်းသလိုတော့ ဖြစ်နေသား...။

ဤသို့ဖြင့် တစ်ယောက်နဲ့တစ်ယောက် ဖွင့်ဟလို့ မပြောပေမယ့် သူတို့ လေးယောက်စလုံးရဲ့ ရင်တွင်းမှာ တူညီတဲ့အတွေးတစ်ခုက လင်းကနဲ လက်ကနဲ ဝင်ရောက် ပူးကပ်လို့ နေပါတော့တယ်။ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ။ အဲဒီအတွေးက “ပညာရေးဌာနမှာ အထက်က ညွှန်ကြားနေတဲ့ ပုဂ္ဂိုလ်တွေရော၊ အောက်ခြေက သင်ကြားနေတဲ့ ဆရာ၊ ဆရာမတွေရော ညာနေတာတွေကို ပြင်လိုက်မှ ပညာရေး တိုးတက်လာမယ်”ဆိုတာပါပဲ။

ကိုင်း ... ပြောနေကြာတယ်။ အခုပဲ ဝိုင်းဝန်းပြီး ပြင်လိုက်ကြပါစို့ လား။ နောက်မကျသေးပါဘူး ...။

ကိုသောင်း (ပညာရေး)
http://thevoicemyanmar.com

Your rating: None Average: 5 (1 vote)

Top Rated News

Microsoft ၏ ပညာရေးအစီအစဉ်သစ် Minecraft
ဘင်္ဂလားဒေ့ရှ် နယ်စပ်ထိ မြန်မာ သတင်းထောက်တွေ ဘာကြောင့် မသွားသလဲ
ဒေါ်နယ်ထရမ့်ရဲ့ ၁၂ ရက်ကြာ အာရှခရီး ရည်ရွယ်ချက်
Mobile User Guide
ဖုန်းဘက်ထရီ အသုံးခံစေဖို့
ဒစ်ဂျစ်တယ် ဆေးပြားများကို အမေရိကတွင် FDA က ပထမဆုံး အသိအမှတ်ပြု
နိုဝင်ဘာ နောက်ဆုံးပတ်အတွင်း မုန်တိုင်းငယ် ဖြစ်လာနိုင် ဒေသအနှံ့ မြူထူထပ်စွာ ကျဆင်းမည်
ပြင်ဦးလွင် ပန်းပွဲတော်ကို ဒီဇင်ဘာ ၁၆ ရက်တွင် စတင်ကျင်းပမည်
မောင်တောရှိ ဘင်္ဂါလီနှစ်ဦးထံမှ စိတ်ကြွဆေးပြား တစ်သန်းခန့်ဖမ်းမိ
MIC ခွင့်ပြုသည့် ကုမ္ပဏီများတွင် နိုင်ငံခြားသား ခန့်ခြင်းကို အသိမပေးပါက အမည်ပျက် စာရင်းသွင်းသည်အထိ အရေးယူမည်