Photo

စာလည်း သင်ပါ... P.E လည်း လုပ်ပါ

By Net Guide Journal 12 July, 2017 - 21:09

ဒီနေ့ ကျွန်တော် ရဲစခန်းရောက်ခဲ့တယ်။ ရဲစခန်းဆိုလို့ ကြောက်လန့် သွားစရာမရှိသလို ကျွန်တော်လည်း ဘာမှမဖြစ်ပါဘူး။ ဒီနိုင်ငံမှာ ရဲကလူတွေကို ကူညီဖို့ အဓိကဖွဲ့စည်းထားတာပါ။

လူ့အဖွဲ့အစည်းအတွက် ဝန်းရံပေးတဲ့ အသိုက်အမြုံတံတိုင်း တစ်ခုဆိုရင် ပိုမှန်ပါလိမ့်မယ်။ ကျွန်တော် ပညာရေးအကြောင်းရေးရင် 'စွမ်း' က ဇာတ်လိုက်နေရာက ပါနေကျ။ အခုလည်း သူ့ရဲ့ကျောင်းသားလှုပ်ရှားမှု - Interact လုပ်အားပေးအဖွဲ့ရဲ့ အစည်းအဝေးတစ်ခုကိုတက်ဖို့ (28) မိနစ် မောင်းယူရတဲ့ မဲလ်ပိတပ်စ် - Milpitas မြို့ကို ရောက်နေတာပါ။ အဲဒီလူငယ် တွေ့ဆုံပွဲ - Open District Council Meeting ကို မဲလ်ပိတပ်စ်ရဲစခန်းရဲ့ခန်းမ - Community Room ထဲမှာလုပ်တာ ...ကဲ ... မဆန်းဘူးလား ...။

'စွမ်း' က ကျောင်းမှာ P.E - Physical Education ကို ဖိဖိစီးစီးလုပ်တယ်။ တစ်နှစ်မှာရာသီ - Season အရ အားကစား အမျိုးအစား ပြောင်းလဲမှုရှိပေမယ့် နှစ်စကနေ စာသင်နှစ်ကုန်ဆုံးတဲ့အထိ အမြဲပါဝင်ခဲ့တယ်။ လူကျန်းမာသလို သူငယ်ချင်းတွေနဲ့ တွေ့ဆုံချိန်ပိုများလို့ သူအင်မတန်နှစ်သက်တဲ့ ကျောင်းသင်ခန်းစာလို့တောင် ပြောလို့ရတယ်။ တစ်ခါတစ်ခါများဆို အပြေးလေ့ကျင့်ပြီး ပြန်လာလိုက်ရင် အိမ်ရောက်တော့ မဟန်နိုင်ဘဲ မောပန်းနေလိုက်တာ။

ကြက်တောင်ရိုက်ရာသီဆိုလည်း ဒီအတိုင်းပဲ။ ကျောင်းလွှတ်တော့ သူ့အမေသွားကြိုပြီး အိမ်ပြန်ခဏနား၊ အစားနည်းနည်းစား၊ ပြန်ပို့။ ကျွန်တော် အလုပ်ကပြန်လာမှ သူ့ကိုတစ်ခေါက်ပြန်သွားကြို။ အိမ်ပြန်ရောက်၊ ညစာစား၊ အိမ်စာလုပ်၊ ပရောဂျက်လုပ်နဲ့ နောက်တစ်ရက်မနက် စောစောအလုပ်သွားဖို့ ကျွန်တော်အိပ်သွားပေမယ့် သူမအိပ်ရသေးဘူး။

ဒါနဲ့ ကလေးပင်ပန်းတာကို မကြည့်ရက်တဲ့ အမေလုပ်တဲ့သူက အားကစားမလုပ်လို့ရရင်လည်း မလုပ်နဲ့လေ။ နားနားနေနေ အိမ်စာလုပ်ဆိုတာကို သူကမရဘူး။ ဒါက ကျောင်းသားတိုင်းလုပ်ရမှာ ကောလိပ်တက်တဲ့အခါ အင်မတန်အထောက်အကူရတယ်လို့ ပြန်ရှင်းပြတယ်လေ။ ဒီနေ့ သူ့ကိုလိုက်ပို့ရင်း ကားပေါ်မှာရှင်းပြသွားတာက နိုင်ငံခြားမှာ အလယ်တန်း၊ အထက်တန်းကျောင်းတက်မယ့် သားသမီးတွေပါလာမယ့် ပြောင်းရွှေ့မြန်မာမိဘတွေအတွက် အများကြီး အကျိုးရှိနိုင်လို့ ပြန်လည်မျှဝေ ပေးချင်ပါတယ်။

ကျွန်တော်နေတဲ့ ဒေသဝန်းကျင်မှာ အထက်တန်း အောင်တော့မယ့် ကျောင်းသားတွေက မိဘတွေရဲ့ တွန်းအားပေးမှုကြောင့် ပင်လယ်အော် ဒေသပတ်ပတ်လည်က နာမည်ကြီးကျောင်းတွေထဲက တစ်ခုခုကို မဖြစ်မနေ စဉ်းစားရလေ့ရှိတယ်။ ဝင်ခွင့်ရတဲ့ကျောင်းကို နောက်ထားဦး၊ သားသမီး အရည်အချင်း ဘယ်လောက်ရှိတယ်ဆိုတာကို ဘေးချိတ်ထားပြီး အကောင်းဆုံးကျောင်းတက်ဖို့ ဆော်သြကြတယ်။ ဒါထုံးစံပါပဲ။ အများကြားဖူးနေကျအတိုင်း ဘားကလေတက္ကသိုလ်တက်မလား၊ စတင်းဖို့ဒ် တက်မလား စသဖြင့်ပေါ့။

ဒီလို အမည်နာမ ဂုဏ်ဝင့်ကြွားတဲ့ ကျောင်းတွေရဲ့ ဝင်ခွင့်သတ်မှတ်ချက်တွေကမြင့်သလို တကယ်လျှောက်မယ့် ကျောင်း သားတွေက လန့်ကြတယ်။ အဓိက သူတို့စိုးရိမ်တာက အခုလောက် နာမည်ကြီးတဲ့ကျောင်းမှာ တစ်နိုင်ငံလုံးကလာမယ့် တော်ပေ့ဆိုတဲ့ကျောင်းသားတွေနဲ့ တွန်းတွန်းတိုက်တိုက် စာလိုက်နိုင်မလား ဆိုတာကိုပါပဲ။ အဲဒီနောက်ကမှ ကျောင်း ကတောင်းတဲ့ လိုအပ်ချက်တွေအရ အမှတ်သတ်မှတ် စည်းမျဉ်းအတိုင်း GPA – Grade Point Average ဘယ်လောက်ရှိမှ ဆိုတာတို့ SAT – Scholastic Assessment Tests က အမှတ်ဘယ်လောက်ရမှတို့ အပေါ်မှာ ခေါင်းထပ်ခဲရတာ။ အမှန်က SAT ကို အရင်က Scholastic Aptitude Tests လို့ စတင်သုံးစွဲခဲ့တာပါ။

GPA က သင်ယူတတ်မြောက်ထားတဲ့ ဘာသာရပ်တွေရဲ့ ပျမ်းမျှ အောင်မြင်မှုမှတ်တမ်းဆိုတာကို သူ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဖတ်ကြည့်ရင် ပိုရှင်းသွားပါလိမ့်မယ်။ (GPA stands for Grade Point Average. It is a standard way of measuring academic achieve-ment in the U.S. Basically, it goes as follows: Each course is given a certain number of 'units' or 'credits', depending on the content of the course.)

''ဒီနှစ် (၂ဝ၁၆) ခုနှစ်မှာ စတင်းဖို့ဒ်ကျောင်းကို ဝင်ခွင့်ရတဲ့သူဟာ ၄% သာသာပဲရှိတယ်။ လူတစ်ရာမှာ လေးယောက်ဆိုတာ နည်းလွန်းသလို လုပ်ရတာလည်း သိပ်ခက်တယ်။ တောင်းထားတဲ့ GPA က 4.2 ကနေ 4.6 ကြား ကိုယ်ယူလိုတဲ့ ဘာသာရပ်အပေါ်မှာ အနည်း အများကွာလိမ့်မယ်။ SAT ဆိုရင် 2200 မှတ်လောက်မှ ကပ်နိုင်တာလို့ 'စွမ်း' က ဘေးကနေ ပြောပြလာတယ်။ ''အမေရိကားက ကောလိပ်တွေက ဘယ်လူမျိုးမဆို လက်ခံတယ် မရွေးဘူးဆိုပေမယ့် တချို့က မသိမသာ ရွေးချယ်မှုတွေ ရှိကြတယ်။ ပြီးတော့ သူတို့ခံယူထားတာက လူမျိုးပေါင်းစုံ - Diversity ၊ ဒါပေမဲ့ လူမည်းတို့၊ လက်တင်အမေရိကသားတို့ လာလျှောက်ရင် အဲဒီကျောင်းသားတွေကို ပိုလိုချင်ကြတယ်။''

''ကျောင်းတွေမှာ အမှတ်ကောင်းတဲ့ အာရှတိုက်သားတွေ စုပြုံတိုး နေကြတယ်။ ဒါကို ကျောင်းကလည်း သိတယ်။ ဒါကြောင့် အေးရှမ်းတွေ သူတို့ကျောင်းကို ရောက်လာဖို့ လက်ယပ်ခေါ်စရာမလိုဘူး။ ဒီကြားထဲ တခြားနိုင်ငံသား (ပြည်ပကျောင်းသား)နဲ့ ဒီနိုင်ငံထဲက ဘိုမဟုတ်တဲ့ တခြားလူမျိုးတွေကို မသိမသာ အခွင့်အရေးပေးကြတယ်'' လို့ တစ်ဆက်တည်း ပြောပြပါတယ်။ ''ဒါကြောင့် ကျောင်းတွေမှာ GPA ၊ SAT အပြင် သားတို့ရဲ့ အပိုသင်ရိုး ညွှန်းတမ်း - Extra Curriculum တွေကို နောက်ပိုင်းမှာ ကြည့်လာတယ်။ အဲဒီထဲမှာ အားကစား - Sport ၊ လူငယ်စုပေါင်းလှုပ်ရှားမှု - Club တို့အပြင် တက်ကြွ ပူးပေါင်းမှု - Interact တွေက သိသိသာသာလုပ်ပြဖို့ လိုအပ်လာတယ်။''

''ဒီအချက်တွေက အထက်တန်းပြီးလို့ ကျောင်းကြီး လျှောက်တဲ့အခါမှာရေးရတဲ့ ကိုယ်ရေးကိုယ်တာ ထုတ်ပြန်ချက် - Personal Statement လို့ ခေါ်ခေါ်၊ စာစီစာကုံး - Essay လို့ခေါ်ခေါ် ဖောင်တင်တဲ့အခါမှာ အကျယ် တဝင့် ရေးပြစရာအဖြစ် အရေးကြီးတဲ့နေရာက ပါဝင်လာတယ်။ ဥပမာ - ကျွန်တော်သည် (6)တန်းမှ (11) တန်းအထိ အားကစား လုပ်ခဲ့သည်။ ဆိုရုံတစ်ကြောင်းတည်းနဲ့ မရတော့ဘူး။ အသေးစိတ် လုပ်ဆောင်ချက်တွေဟာ ဘယ်အတန်းမှာ ဘယ်အားကစားကို ဘယ်အဆင့်အထိ လုပ်ခဲ့တယ်ဆိုတာကို ကိုယ့်အကြောင်း ကိုယ်ပြန်ပြောဖို့ ကိရိယာတွေဖြစ်လာပါတယ်'' ဆိုပြီး ပြောလက်စစကားဆုံးတော့ ကျွန်တော်က ...

''ဒါဆိုသားက လုပ်အားပေး - Volunteering တွေလုပ်တာ၊ အင်တာနက်တွေလုပ်တာ ဘာကောင်းကျိုးရသလဲ၊ ပင်ပန်းရ ကျိုးနပ်ရဲ့လား'' လို့ မေးလိုက်ပါတယ်။ ''ရပါတယ်ဗျ။ အဲဒီလှုပ်ရှားမှုတွေလုပ်လို့ လူလူချင်း ဘယ်လိုဆက်ဆံရတယ်ဆိုတဲ့ Communication သိလာတယ်။ သက်တူ ရွယ်တူသူငယ်ချင်းတွေကြားမှာ ဘယ်လိုဦးဆောင်ရမယ်ဆိုတဲ့ ခေါင်းဆောင်မှု- Leadership တတ်လာတယ်။''

''ဒါ့အပြင် လူမျိုးစုံတဲ့ အမေရိကန်အခြေခံပညာသင်ကျောင်းမှာ မလိုလားအပ်တဲ့ အသားအရောင် ခွဲခြားမှု - Discrimination ကိုလူကြားထဲမှာ ဘယ်လိုစောင့်ထိန်း နေထိုင်ရမယ်ဆိုတာ အလိုလိုသိလာတယ်။ အကောင်း ဆုံးတစ်ခုကို ပြောပြပါဆိုရင် လူရှေ့ထွက်စကားပြောခြင်း - Public Speaking တတ်လာတာက ဘာနဲ့မှ မလဲနိုင်ပါဘူးခင်ဗျ'' ဆိုပြီး ရိုရိုသေသေ ပြန်ပြောပါတယ်။

ကားကမောင်းရင်းနဲ့ ခရီးဝေးကနေ မြို့ထဲချိုးဝင်လိုက်တော့ လက် ကိုင်ဖုန်းကပြတဲ့မြေပုံ - Google Map အရ ဂိတ်ဆုံးကို ရောက်တော့မယ်။ အချိန်သိပ်မကျန်တော့တာနဲ့ သူ့ကို ''ဒါဆိုရင် အခုအလယ်တန်းမှာ တက်နေတဲ့ ဒီနိုင်ငံရောက်ပြီး သားသားသမီးတွေ၊ အခုမှလာကြမယ့် အခြေခံ ပညာစတက်မယ့် ကလေးငယ်တွေရဲ့မိဘတွေကို သားက ဘယ်လိုအကြံ ပေးမလဲ?'' ဆိုတော့ ... ''အမေရိကားကျောင်းတွေမှာ ဘယ်အတန်းပဲဖြစ်ဖြစ် ငယ်ငယ်လေး ကတည်းက,စ အားကစား - P.E ကို တစ်ဘာသာ အနေနဲ့ ယူခိုင်းပါတယ်။ အဲဒါဟာ အလကားမဟုတ်ပါဘူး။ ကျန်းမာရေး ကောင်းစေတယ်။ ကိုယ်ခံအား တောင့်တင်း စေတယ်။ လူမှုဆက်ဆံရေးကို တိုးတက်စေတယ်။ စားဝင် အိပ်ပျော် ခန္ဓာကိုယ် ရွှင်လန်းစေတယ်။ ရေရှည်လုပ်လာတဲ့အခါ ကျန်းမာသန်စွမ်းတဲ့အပြင် အစားအသောက်တွေကြောင့် အဝမလွန်တော့ဘူး။''

''နောက်ကောလိပ်ကျောင်း တက်တဲ့အခါတွေမှာ သူများလို စာတော်အောင် ကိုယ်က လိုက်ကြိုးစားလို့ရတယ်။ ဒါပေမဲ့ စာတော်တဲ့သူက Extra Curriculum သမိုင်းကြောင်းကောင်းအောင် ကိုယ့်လိုလိုက်လုပ်ရင် မမှီတော့ဘူး ကိုယ်က သူ့ထက်သာနေပြီ။ ဒါကြောင့် ကျောင်းနေတုန်း အားကစားကို သူများထက်သာအောင် လုပ်ထားဖို့ ပြောပေးပါ'' လို့ ကျွန်တော့်ရဲ့ အင်တာဗျူးကို အဆုံးသတ်ရင်း ကားပေါ်ကနေ ဆင်းသွားပါတယ်။

သူ့ကိုချပြီး ကျွန်တော် 'စွမ်း' အပါအဝင် 'ကျောင်းသားခေါင်းဆောင် အယောက် (60)လောက် စုဝေးနှီးနှော တိုင်ပင်တွေ့ဆုံမယ့် ရဲစခန်းရဲ့ လူမှုရေးခန်းမအပေါက်ဝ' ကနေ ကားလေးကို ဆက်မောင်းထွက်ခဲ့တယ်။ အသက်ငယ်ငယ် ကျွန်တော့အိပ်မက်ထဲက အမည်နာမပီပီပြင်ပြင်မသိတဲ့ အမေရိကန်တက္ကသိုလ်တစ်ခုဆီကို ကျောင်းပိတ်တဲ့ တနင်္ဂနွေနေ့ ကြီးမှာပေါ့။ ဖြောင့်တန်းနေတဲ့လမ်းတိုလေးပေါ် မောင်းရင်း မူလတန်းတုန်းက ကာယအချိန်မှာ အမှိုက်ကောက်ခိုင်းတဲ့ ဆရာကြီးကိုမျက်စိထဲမှာ မြင်ယောင်လာတယ်။

အကွေ့လမ်းလေးရောက်တော့ အရှိန်လျှော့ရင်း အလယ်တန်းမှာ ရှေ့ဆောင်လူငယ်သင်တန်းက ညာညှိ-တန်းညှိသင်နေတုန်း ဘေးကသူငယ်ချင်းကို လက်ဆန့်တန်းပြီး သာသာလေးထိုးခဲ့၊ စခဲ့တာကို သတိရလာ မိတယ်။ ဖရီးဝေးကို ထွက်မယ်အလုပ်မှာ အထက်တန်းကျောင်းတုန်းက အားကစား အကုန်ရပါလျက်နဲ့ စာစီစာကုံး (1) မှတ်လိုလို့ လူရည်ချွန်ဝင် ဖြေခွင့်မရခဲ့တာတဲ့ အခက်အခဲအချိန်လေးကို အမှတ်ရနေမိတယ်။ အော် ... ကျွန်တော်ကြီးခဲ့တဲ့ မြန်မာနိုင်ငံမှာ ဖရီးဝေးမှ မရှိခဲ့တာပဲ။

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

Your rating: None Average: 5 (2 votes)