Photo

ဂန္ထဝင်တစ်ယောက်ရဲ့ အိမ်အပြန်

By 7Day News 12 July, 2017 - 20:20

သူ့အသက် (၁၃)နှစ်မှာ ကတည်းက အဲဗာတန်အသင်း တံဆိပ်နဲ့ အိပ်ရာဝင်ဝတ်စုံ ပဂျားမားစ်တွေကို ဝတ်ပြီး အိပ်ရာဝင်ခဲ့တယ်လို့ ပြောပါတယ်။ အခုတော့ ဝိန်းရွန်း နေဟာ ၁၃ နှစ်ကြာ ဝေးကွာနေခဲ့ တဲ့ ငယ်မွေးခြံပေါက် ကလပ်အသင်းဆီ အမှန်တကယ် ပြန်ရောက် လာခဲ့ပါပြီ။


မန်ချက်စတာ ယူနိုက်တက်နဲ့ အတူ မရဖူးတဲ့ ဆုဖလား မရှိလောက်အောင် လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပြီးတဲ့နောက် အင်္ဂလန်နဲ့ မန်ယူရဲ့ အသင်းခေါင်းဆောင်ကြီးဟာ ဒီနွေရာသီမှာတော့ အိုးလ်ထရက်ဖို့ဒ်ကွင်းကြီးကို လက်ပြနှုတ်ဆက်ခဲ့ပြီ ဖြစ်ပါတယ်။ မန်ယူမဟုတ်ရင် တခြား အင်္ဂလိပ်ကလပ် တစ်ခုအနေနဲ့ အဲဗာတန်မှာသာ ကစားချင်တယ်လို့ ပြောခဲ့ဖူးတဲ့အတိုင်း ရွန်းနေဟာ ၂၀၀၄ က စွန့်ခွာလာတဲ့ အသင်းဟောင်းကိုပဲ ပြန်လည် ကူးပြောင်းလာခဲ့တာပါ။

တကယ်တော့ ပြီးခဲ့တဲ့ ဘောလုံးရာသီ နှစ်ခုအတွင်း ရွန်းနေရဲ့ အနေအထားက ကျရိပ်သမ်းစ ပြုလာတာကို ငြင်းဆန်လို့ မရပါဘူး။ လူးဝစ်ဗန်ဟားလ်နဲ့ ဟိုဆေးမော်ရင်ဟို မန်နေဂျာနှစ်ဆက် ပြောင်းလဲချိန်မှာ ဆက်တိုက် ရုန်းကန်ခဲ့ရတယ်။ အသင်းရဲ့ လိုအပ်ချက်အရ နေရာစုံ ပြောင်းကစားနေရတာကလည်း ရွန်းနေအတွက် အခက်အခဲတွေ အများကြီး ကြုံစေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာ သူဟာ အရန်ခုံထိ ရောက်သွားခဲ့တဲ့နောက် အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေပြီဆိုတဲ့ သတင်းတွေ စထွက်လာတယ်။ အခုတော့ ကြိုတင် မှန်းဆ ထားတဲ့အတိုင်း ဖြစ်လာပါပြီ။ ဒါပေမဲ့ မန်ယူ ပရိသတ်တွေအပေါ် ကြီးမားတဲ့ သက်ရောက်ရိုက်ခတ်မှုတွေကတော့ ရှိလာတာပါပဲ။

မန်နေဂျာ မော်ရင်ဟို အနေနဲ့လည်း အသင်းကို တော်လှန် ပြောင်းလဲပြီး တည်ဆောက်ဖို့ ကြိုးစားချိန်မှာ အကုန်လုံးကို အသစ်ကစဖို့ ဆုံးဖြတ်ခဲ့ဟန်ရှိတယ်။ ဒါကြောင့်လည်း မန်ယူအတွက် ၅၅၉ ပွဲမှာ ၂၅၃ ဂိုးသွင်းယူပြီး ကလပ်အသင်းရဲ့ ထာဝရ ဂိုးသွင်း အများဆုံး စံချိန်ရှင်ဖြစ်ခဲ့တဲ့ ရွန်းနေကို လက်လွှတ်ပေးဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။ ရွန်းနေ ထွက်ခွာမှုကို မလိုလားခဲ့ကြောင်း၊ ဒါပေမဲ့ ပုံမှန်နေရာမပေးနိုင်တဲ့ အခြေအနေမှာ ရွန်းနေရဲ့ အသင်းဟောင်းဆီ ပြန်လိုတဲ့ဆန္ဒကို မတားရက်ခဲ့ကြောင်း မော်ရင်ဟိုက ပြောပါတယ်။

အဲဗာတန်ကတော့ ဒီရာသီမှာ ရည်မှန်းချက်ကြီးကြီးနဲ့ ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး ဒေဗီကလာဆန်၊ ယော်ဒန်ပစ်ဖို့ဒ်၊ မိုက်ကယ်ကိန်း၊ ဆန်ဒရို ရိုဒရီဂွတ်ဇ် တို့လို ခြေစွမ်းကောင်းတဲ့ ကစားသမားသစ်တွေကို စုစည်း ဝယ်ယူထားတယ်။ ဒါ့အပြင်လူငယ်အများစု ပါဝင်ဖွဲ့စည်းထားတဲ့ အသင်းကို ဦးဆောင်ဖို့ ရွန်နေးလို အတွေ့အကြုံရင့် ကစားသမားတစ်ယောက်ကိုပါ ခေါ်ယူနိုင်ခဲ့တာကလည်း အားတက်စရာပါပဲ။ ရွန်းနေရဲ့ အပြောင်းအရွှေ့ဟာ မန်ယူတိုက်စစ်မှူးသစ်ဖြစ်လာတဲ့ ရိုမီလူ လူကာကူနဲ့လည်း ဆက်စပ်နေပါတယ်။

ယူနိုက်တက်ဟာ အဲဗာတန် ကစားသမား လူကာကူကို စတာ လင်ပေါင် ၇၅ သန်းနဲ့ ခေါ်ယူပြီး နောက်တစ်နေ့မှာ ရွန်းနေကို အသင်းပြောင်းခွင့် ပြုပေးခဲ့တာ ဖြစ်ပါတယ်။ ရွန်းနေရဲ့ ပြောင်းရွှေ့ကြေးကိုတော့ မထုတ်ပြန်ပါဘူး။ ကလပ်အသင်း နှစ်ခုကြား နားလည်မှုရှိရှိ ညှိနှိုင်းခဲ့ပေမယ့် ဒီအပြောင်းအရွှေ့တွေဟာ လုံးဝဆက်စပ်မှု မရှိဘူးလို့လည်း ကြေညာပါတယ်။ ဒါဟာ ဘောလုံးလောကရဲ့ ဂန္ထဝင်အဆင့် ကစားသမား တစ်ယောက်ကို လူသစ်ဝယ်ယူမှုမှာ အလိုက်ပေးခဲ့တယ်ဆိုတဲ့ သဘောမျိုးမဖြစ်စေဘဲ ဂုဏ်ရှိရှိ ထွက်ခွာနိုင်အောင် လေးစားမှုထား စီစဉ်ပေးခဲ့တဲ့ သဘောပါပဲ။

အခုအခါမှာတော့ ရွန်းနေဟာ သူချစ်မြတ်နိုးခဲ့တဲ့ အသင်းဟောင်းရဲ့ အပြာရောင် ဂျာစီကို ဝတ်ဆင်ပြီး အနာဂတ်ကို ရှေ့ဆက်ပါတော့မယ်။ တရားဝင် ပြောင်းရွှေ့မှုအပြီးမှာ သူကမန်ယူကို ထာဝရ ကျေးဇူးတင်နေမှာဖြစ်ကြောင်းနဲ့ အဲဗာတန်ရဲ့ စီမံကိန်း အသစ်တွေမှာ ပါဝင်ကူညီသွားလိုကြောင်း လူမှုကွန်ရက် မီဒီယာတွေကနေတစ်ဆင့် မျှဝေပြော ကြားခဲ့ပါတယ်။

အသက်အရွယ်အရ အကျ ပိုင်းဘက် ဦးတည်နေပြီဖြစ်တဲ့တိုင် မန်ယူထက် ဖိအားပိုနည်းတဲ့ အခြေအနေကြောင့် အဲဗာတန်မှာ ရွန်းနေခြေစွမ်း ပြန်ပြလာနိုင်မယ်လို့တော့ သူ့ပရိသတ်တွေက ယုံ ကြည်မျှော်လင့်နေကြပါတယ်။ ပြီးတော့ အဲဗာတန် မန်နေဂျာ ရော်နယ်လ်ကိုးမန်းက ရွန်းနေဆီက လက်ကျန် အရည်အသွေးတွေကို အကောင်းဆုံး ညှစ်ထုတ်နိုင်မလားဆိုတာကလည်း စိတ်ဝင်စားစရာပါ။ နောက်ထပ်မေးခွန်း တစ်ခုက ရွန်နေးဟာ အဲဗာတန်ရဲ့ ဘယ်အစိတ်အပိုင်းက ပါဝင်လာမလဲ ဆိုတာပါပဲ။ မန်ယူမှာတော့ သူဟာ တိုက်စစ်မှူး၊ ကွင်းလယ် တိုက်စစ်နဲ့ ကွင်းလယ်ဗဟိုနေရာတွေမှာ ကစားခဲ့ဖူးပါတယ်။

တရုတ်စူပါလိဂ်လို ငွေသုံး ကြမ်းလွန်းတဲ့ ဘောလုံးရပ်ဝန်း သစ်တွေဆီက အလေးအနက် စိတ်ဝင်စားမှုတွေကိုတောင် မျက်ကွယ် ပြုပြီး သူချစ်တဲ့ အသင်းဟောင်းဆီ ပြန်ခဲ့တဲ့ ရွန်းနေရဲ့ ဆုံးဖြတ်ချက်က ဂုဏ်ငယ်စရာ မရှိပါဘူး။ သူ့ကို ချစ်တဲ့ ပရိသတ်တွေက စောင့်ကြို နေသလို မန်ယူကို ပြိုင်ဘက်အ သွင် ပြန်ဆုံတဲ့အခါတိုင်းမှာလည်း အိုးလ်ထရက်ဖို့ဒ် ကွင်းကြီးထဲမှာ လက်ခုပ်သံတွေ သောသောညံနေ ဦးမှာပါ။ လာမယ့် ရာသီဂွတ်ဒီဆင် ပါ့ခ်ကွင်းကြီးထဲမှာ ရွန်းနေတစ်ယောက် အဲဗာတန်အတွက် ဘယ်လို အားထုတ်ကြိုးစားကစားပြီး အသင်းရဲ့ ရည်မှန်းချက်သစ်တွေကို ကူညီဖြည့်ဆည်းမလဲ ဆိုတာက ပရီးမီးယားလိဂ် မြင်ကွင်းကျယ် ပိတ်ကားမှာ နောက်ထပ်စောင့်ကြည့်ရမယ့် ဇာတ်ဝင်ခန်းအသစ်တစ်ခု ဖြစ်လာတော့မှာ သေချာပါတယ်။

ဇွဲရဲဝင့်
Issue No. အတွဲ (၁၆)၊ အမှတ် (၁၈)
http://www.7daydaily.com

Your rating: None Average: 5 (1 vote)