Photo

လာမည့် ၂၅ နှစ်တွင် ပညာရေး ဘာတွေ ပြောင်းလဲသွားနိုင်သနည်း

By The Voice Weekly 6 July, 2017 - 21:14

လာမည့် ၂၀၄၂ ခုနှစ်တွင် ပညာရေးလောက ဘာတွေ ပြောင်းလဲသွားနိုင်သနည်း။ ပညာရှင်များ လေ့လာ သုံးသပ်နေကြပြီဖြစ်သည်။


ယခုလည်း တက္ကသိုလ်ကျောင်းဝင်းများထဲတွင် မောင်းသူမဲ့ ဘတ်စ်ကားများကို စမ်းသပ်ပြီး ပြေးဆွဲပေးနေသည်။ လာမည့် ၂၅ နှစ်အတွင်း တက္ကသိုလ် ကျောင်းဝင်းများထဲတွင် အလွန်စွမ်းအားမြင့်သည့် GPS စနစ်များဖြင့် ဂြိုဟ်တုကတစ်ဆင့် ထိန်းချုပ်မောင်းနှင်မည့်ကားများမှာ တစ်စင်းနှင့်တစ်စင်း တိုက်မိစရာလုံးဝအကြောင်း မရှိ၊ အန္တရာယ်ကင်းစွာ ပို့ဆောင်နိုင်ပေလိမ့်မည်။

ကျောင်းဝင်းထဲရှိ မည်သည့် စတိုးဆိုင်ကိုမဆို ဝင်လိုက်ပါ။ ကောင်တာတွင် ထိုင်နေသည့် ငွေသိမ်းမရှိ။ စောင့်ကြည့်နေမည့်သူမရှိ။ ဖုန်းလေးထုတ်ပြီး ငွေပေးချေကာ ကိုယ်လိုအပ်သည့် ပစ္စည်းကို ယူထွက်သွားရန်သာ ဖြစ်သည်။ သို့မဟုတ်လည်း စက်ထဲကို ကတ်လေးထိုးထည့်ပြီး ကျသင့်ငွေ ပမာဏကို ရိုက်ထည့်ပေးခဲ့ရုံသာ ဖြစ်သည်။

ကျောင်းစာသင်ခန်းထဲတွင် ထားပေးထားသည့် မျက်မှန်ကြီးတွေက သင်ကြားလိုသည့် အကြောင်းအရာများကို ပကတိ နယ်ပယ်ထဲသို့ရောက် နေသလို ခံစားစေနိုင်ပါသည်။ ဆက်သွယ်ရေး စနစ်ကိုလည်း ယခင်ကထက် ပိုကောင်းနေပြီဖြစ်သောကြောင့် အသံပြောသက်သက်ထက်၊ ရုပ်မြင်သံကြားစနစ်များဖြင့် ပြောဆိုနိုင်ခြင်းမှာ ပိုပြီး ခေတ်စားလာမည်။ ကျောင်းသုံးဖတ်စာဆိုသည်မှာ မိမိရှေ့မြင်ကွင်းတွင် အချိန်မရွေး ခေါ်ကြည့်နိုင်သည့် ဒစ်ဂျစ်တယ် စာလုံးများ ဖြစ်လာပေလိမ့်မည်။ အင်တာနက် ရှိနေသဖြင့် ကျောင်းသုံးဖတ်စာအုပ် အထူကြီးတွေကို ကျောင်းသို့ ယူလာရန် မလိုတော့ပေ။

စီးပွားရေးအရ ဖွံ့ဖြိုးအားကောင်းလာသဖြင့် တက္ကသိုလ်အဆင့် ထူထောင်ထားသည့် ကျောင်းတိုင်းတွင် လေးနှစ် သင်တန်းများ လိုချင်မှ လိုပေလိမ့်မည်။ ၂ နှစ် သင်တန်းလောက်နှင့် ဘွဲ့တစ်ခုယူရန် ကောင်းမွန်သည့် အစီအစဉ်များ ချထားပေးပြီးဖြစ်သည်။ ကျောင်းတစ်ကျောင်းတွင် ၂ နှစ်သာ အချိန်ဖြုန်းခိုင်းပြီး လုပ်ငန်းခွင်နှင့် ချိတ်ဆက်ပေးထားမည့် သဘောဖြစ်သည်။ ဘဝတစ်သက်တာ ပညာရှာရေးသည် နည်းပညာ အထောက်အပံ့များကြောင့် ပိုပြီး ပီပြင်လာရသည်။

ကျောင်းသားတိုင်းသည် STEM (Science, Technology, Engineering, Maths) ဆိုသည့် ဘာသာရပ်များကို မဖြစ်မနေ သင်ကြားပြီးချိန်တွင် Arts ဆိုသည့် ဝိဇ္ဇာဘာသာရပ်များကိုလည်း စိတ်ကြိုက် ဘာသာရပ်များအဖြစ် သင်ကြားခွင့်ရှိလာပေလိမ့်မည်။ STEM ဘာသာရပ်များ သင်ကြားသင်ယူမှုသည် ကမ္ဘာတွင် ပိုပြီး ပြိုင်ဆိုင်အားတွေ ကောင်းလာနိုင်သည်။

တက္ကသိုလ်ဆိုသည်မှာ လူတော်လူကောင်း မွေးထုတ်ရန် နေရာသက်သက်မဟုတ်။ ထုတ်ကုန် (Product) နှင့် စိတ်ကူး (Idea) တို့ကိုပါ မွေးထုတ်နိုင်သည့် အကောင်းဆုံး နေရာများဖြစ်လာမှ ရပ်တည်နိုင်ကြမည်ဖြစ်သည်။ ဥပမာ - MIT တက္ကသိုလ်ရပ်တည် နေနိုင်သည့် အနေအထားမျိုး တက္ကသိုလ် မဟုတ်လျှင် ဖွင့်၍မရနိုင်သည့် အဆင့်ကို ရောက်လာမည်သာဖြစ်သည်။ Google နှင့် Amazon တို့က ယခုခေတ်တွင် တက္ကသိုလ်တိုင်းကိုလိုက်ပြီး ပညာရှင်တွေကို စုဆောင်းနေသည့်နည်းတူ၊ မိမိတို့လိုအပ်သည့် ပညာရှင်များကိုသာ မွေးထုတ်ပေးမည့် တက္ကသိုလ်များလည်း ပေါ်ထွန်းလာနိုင်ပေသည်။

နိုင်ငံရေးအရ ပညာရေးကို မထောက်ပံ့ပေးနိုင်သည့် နိုင်ငံများသည် ကျရှုံးရမည်သာ ဖြစ်သည်။ ဥပမာ - ပညာရေးတွင် အခမဲ့ ပညာရေးစနစ်များနှင့် အထောက်အပံ့များ အထွန်းကားဆုံး နိုင်ငံများသည် အတိုးတက်ဆုံး နိုင်ငံများဖြစ်ရန် အလားအလာ ရှိနေသည်။ ပညာရေးကို ပြန်မရနိုင်သည့် ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနှင့် သဘောမထားဘဲ တိုင်းပြည် အနာဂတ်အဖြစ် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံများသည် ဖွံ့ဖြိုး အတိုးတက်ဆုံး ဖြစ်ပေလိမ့်မည်။

ပညာရေးကို အခမဲ့ပညာရေးစနစ်သို့ ပြောင်းလိုက်လျှင် တက္ကသိုလ်၊ ကောလိပ်တက်လိုသည့် ကျောင်းသား အရေအတွက်လည်း ပိုများလာသလို၊ ပညာတတ်များလည်း ပိုထွက်လာပေလိမ့်မည်ဟု ထင်ကြသည်။ ဩစတြေးလျနိုင်ငံတွင် ကောလိပ်တက်သူများကို အခမဲ့စနစ်အဖြစ် လုပ်ပေးနေသော်လည်း ထင်သလောက် မတိုးတက်လာခြင်းနှင့် နှိုင်းယှဉ်ကြည့်သင့်သည်။

ကောလိပ်ဆိုသည်မှာ မဖြစ်မနေ တက်ရမည့် နေရာတစ်ခုမဟုတ်။ လုပ်ငန်းခွင်ဝင်ပြီး တက်ချင်မှ ပြန်တက်နိုင်သည့် အချိန်မရွေး တက်ရောက်သင်ယူနိုင်ရန် ဖန်တီးပေးထားနိုင်သော နေရာတစ်ရာလည်း ဖြစ်သင့်ကြောင်း သဘောပေါက်ထားသင့်သည်။ အစောပိုင်း ပညာရေးတွင် ပညာ အခြေခံလိုက်ရန် အရေးကြီးသည်။ ဝင်ငွေနည်းနေသည့် မိသားစုဝင်တစ်ဦးကို တက္ကသိုလ်ကောလိပ်တက်ရန် ဖိတ်ခေါ်နေ၍မရ။ အလုပ်နှင့် ပညာရေး ပေါင်းစပ်ပေးခြင်းကလည်း အဖြေတစ်ခုဖြစ်နိုင်ကြောင်း လေ့လာသုံးသပ်နေကြပြီဖြစ်သည်။

ယနေ့ခေတ်ထက် လာမည့် ၂၅ နှစ်တွင် ပိုပြီး လေ့လာသင်ယူနိုင်မည့် အခွင့်အလမ်းတွေ ပိုများလာနိုင်ပါသည်။ စာသင်ခန်းတိုင်းတွင် ပါမောက္ခ၊ ကထိကများ ဝင်သင်မှဖြစ်မည်ဆိုသော အယူအဆတွေလည်း ပျောက်သွားကောင်း ပျောက်သွားနိုင်ပါသည်။ လာမည့် ၂၅ နှစ်ကာလတွင် စာသင်ခန်းများ အားလုံးအတွင်း ပရိုဂရမ်ဖြင့် ထိန်းချုပ်ထားသည့် စက်ရုပ်များက ဆရာများအဖြစ် ဝင်ရောက်နေရာမယူဟု ပြောနိုင်သည့် အနေအထားတွင် မရှိ။

လာမည့် ၂၅ နှစ်တွင် ကျောင်းသားနောက်တွင် ကျန်ခဲ့သည့် ဆရာတွေ အလိုရှိချင်မှ ရှိတော့မည်။ ခေတ်နှင့် စနစ်နှင့်အညီ စက်ရုပ်တွေကို အဆင့်မြှင့်ပေးပြီး၊ ထိုစက်ရုပ်ဆရာ၊ စက်ရုပ် အုပ်ချုပ်ရေးတို့ဖြင့် ထိန်းချုပ်ထားသည့် ပညာရေးစနစ်သည် ဖြစ်ကောင်း ဖြစ်လာပေလိမ့်မည်။

ခေတ်ကြီးက အမြန်ဆုံးနှုန်းဖြင့် ရွေ့လျားနေသည်။ မလိုက်ပါနိုင်သူများ ကျန်ခဲ့ပေလိမ့်မည်။

(Ref: Newsweek, Quora Opinion)
http://thevoicemyanmar.com

Your rating: None Average: 5 (1 vote)