Photo

လူငယ်များရဲ့ အင်ဂျင်နီယာ အိပ်မက်အတွက် ဘယ်ကျောင်းတွေကို လျှောက်ထားလို့ရသလဲ

By The Voice Weekly 6 July, 2017 - 20:45

တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး အင်ဂျင်နီယာ ဖြစ်ချင်သူတွေ အနေနဲ့ မြန်မာ့ အင်ဂျင်နီယာ ပညာရေး နယ်ပယ်အကြောင်း အနည်းငယ် ကြိုသိထားဖို့ လိုပါတယ်။ တက္ကသိုလ် ဝင်တန်းမှာ အမှတ်ကောင်းခဲ့သူတွေရော၊ ခြေချော်လက်ချော် အမှတ်နည်းသူတွေရော အင်ဂျင်နီယာဖြစ်ခွင့် လမ်းကြောင်းတွေ ရှိပါတယ်။

ဒါ့အပြင် မြန်မာ့ပညာရေး လောကမှာ တစ်မူထူးခြားစွာ ရှိနေတဲ့ နည်းပညာ တက္ကသိုလ်တွေရဲ့ ထူးခြားချက်က ဘာဖြစ်မလဲ။

အင်ဂျင်နီယာလမ်းကြောင်း

မြန်မာ့အင်ဂျင်နီယာ ပညာရေးလမ်းကြောင်းမှာ တက္ကသိုလ်ဝင်တန်း အောင်ပြီး နည်းပညာ တက္ကသိုလ် (TU)သို့ တိုက်ရိုက်တက်ခြင်း၊ အစိုးရ စက်မှုလက်မှုသိပ္ပံများ (GTI) များ တက်ရောက်ခြင်းနှင့် ထိုမှတစ်ဆင့် TU ကူးခြင်း၊ စက်မှုအထက်တန်းကျောင်း (THS) မှ GTI ၊ GTIမှ TU ကူးခြင်းစတဲ့ လမ်းကြောင်းတွေ ရှိပါတယ်။

နည်းပညာ တက္ကသိုလ်များ

ဒေသအလိုက် TU 28 ကျောင်းနဲ့ Centers of Excellence (COE) အဖြစ် သတ်မှတ်ထားခဲ့တဲ့ ရန်ကုန် နည်းပညာတက္ကသိုလ်၊ မန္တလေး နည်းပညာ တက္ကသိုလ်၊ ပြည်နည်းပညာ တက္ကသိုလ်နဲ့  ရတနာပုံ ဆိုင်ဘာစီးတီး နည်းပညာ တက္ကသိုလ်ကျောင်းတွေ ရှိပါတယ်။ ဒါ့အပြင် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအရ ဖွင့်လှစ်ထားတဲ့ မြန်မာသတင်း အချက်အလက် နည်းပညာ တက္ကသိုလ် (MIIT) လည်း ရှိပါတယ်။

ဝင်ခွင့်အမှတ်

တက္ကသိုလ်တွေ လျှောက်ထားတဲ့အခါ ပုံမှန်အားဖြင့်တော့ အမှတ်ကန့်သတ်ထားခြင်း မရှိပါဘူး။ သို့သော် ကျောင်းအလိုက် လက်ခံနိုင်တဲ့ ကျောင်းသားဦးရေ၊ လျှောက်ထားသူတွေရဲ့ အမှတ်အရ ဝင်ခွင့် ရနိုင်တဲ့ အနိမ့်ဆုံး အမှတ်တွေ ကွဲသွားပါတယ်။ လျှောက်ထားလိုတဲ့ ကျောင်းသားတွေအနေနဲ့ မိမိဝါသနာပါရာ ဘာသာရပ်ကို သင်ယူနိုင်ခွင့်ရဖို့အတွက် ယခင်နှစ်က ဝင်ခွင့်အမှတ် အခြေအနေပေါ် မူတည်ပြီး ဘယ်ကျောင်းကို လျှောက်သင့်လဲဆိုတာ စဉ်းစားဖို့ လိုပါတယ်။

ထူးခြားချက် အနေနဲ့ ရန်ကုန် နည်းပညာ တက္ကသိုလ်၊ မန္တလေး နည်းပညာ တက္ကသိုလ်များအတွက် ၂၀၁၈-၁၉ ပညာသင်နှစ်မှစပြီး ဝင်ခွင့်ဖြေရမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

မြန်မာ့သတင်းအချက်အလက် နည်းပညာ တက္ကသိုလ်

အဆိုပါ တက္ကသိုလ်ကို တက်ရောက်နိုင်ဖို့အတွက် ဝင်ခွင့်ဖြေဖို့ လိုပါတယ်။ ဝင်ခွင့် စာမေးပွဲ ရမှတ်နဲ့ တက္ကသိုလ်ဝင်တန်း ရမှတ် နှစ်ခုပေါင်းပြီး ကျောင်းဝင်ခွင့်အတွက်ပါ စဉ်းစားတာဖြစ်တဲ့အတွက် တက္ကသိုလ်ဝင်တန်း အမှတ်ကောင်းဖို့လိုပြီး ယခင်နှစ် အနေအထားအရ အမှတ် ၄၀ဝ ကျော် ရထားမှ ဝင်ခွင့်ရနိုင်ကြောင်း သိရပါတယ်။ ဝင်ခွင့်အနေနဲ့ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတု၊ ရူပဘာသာရပ်တွေကို ဖြေဆိုရပါမယ်။ မေးခွန်းဟောင်း နမူနာများကို www.miit.edu.mm မှာ လေ့လာနိုင်ပါတယ်။ ဝ၉-၇၈၅၅၅၇၇၀၉ ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

COE နဲ့ TU တွေ ဘာကွာလဲ

အမှန်တကယ်တော့ COE အဖြစ် သီးသန့် မသတ်မှတ်တော့ဘူးလို့ ပညာရေးဝန်ကြီးဌာနက ပြောဆိုပြီးဖြစ်ပါတယ်။ သို့သော် ကျောင်းတွေရဲ့ သမိုင်းသက်တမ်းအရသော်လည်းကောင်း၊ ပြင်ပထောက်ပံ့မှုအရသော်လည်းကောင်း အဆိုပါကျောင်းတွေဟာ လူကြိုက် များနေဦးမှာပါ။ ဘာကွာလဲဆိုရင် ထောက်ပံ့ကူညီနိုင်မှု ကွာပါလိမ့်မယ်။ သို့သော် ယနေ့ခေတ်မှာ ပညာရပ်တွေကို အင်တာနက် အသုံးပြု၍ဖြစ်စေ ပြင်ပတွင်ဖြစ်စေ အလွယ်တကူ လေ့လာနိုင်နေတာ ဖြစ်တဲ့အတွက် ဘယ်ကျောင်းမှာတက်တက် ပညာလိုလားသူတွေဟာ အရည်အချင်းပြည့် အင်ဂျင်နီယာတွေ ဖြစ်လာမှာပါ။ မိမိဝါသနာပါရာ ပညာရပ် (Civil, EP, EC စသည်) သင်ယူခွင့် ရရှိရေးဟာ မိမိတစ်ဘဝလုံးစာအတွက် အရေးပါတာ ဖြစ်တဲ့အတွက် တက္ကသိုလ် လျှောက်ထားတဲ့အခါ မိမိစိတ်ကြိုက် တက္ကသိုလ်တက်ခွင့်ရရေးထက် မိမိစိတ်ကြိုက် ဘာသာရပ် ရရှိရေး ဦးစားပေးသင့်ပါတယ်။

GTI ကျောင်းများ

အင်ဂျင်နီယာ အတတ်ပညာတွေကို သင်ယူချင်ပေမယ့် TU တွေမှာ ခြောက်နှစ်ကြာ တက်ရောက်ဖို့ အခက်အခဲရှိသူတွေအတွက် GTI ကျောင်းတွေဟာ ရွေးချယ်စရာတစ်ခု ဖြစ်ပါတယ်။ သုံးနှစ်တက်ရောက်ပြီးပါက Associateship of Government Technical Institute (AGTI) ဒီပလိုမာ လက်မှတ်ရရှိမှာဖြစ်ပြီး လုပ်ငန်းခွင်တွေမှာ အလုပ်ဝင်ရောက်နိုင်ပါတယ်။ ကျောင်းတက်ဆဲကာလမှာ နိုင်ငံတော်မှ ထောက်ပံ့ငွေ တစ်လ ကျပ်သုံးသောင်း ရရှိနိုင်တာလည်းဖြစ်တဲ့အတွက် ငွေကြေး အခက်အခဲရှိသူတွေ အထောက်အပံ့တစ်ခု ရနိုင်ပါတယ်။ GTI ကျောင်းများကို စက်မှုအထက်တန်းကျောင်း (THS) မှ အရည်အချင်းပြည့်သူတွေ တက်ရောက်နိုင်သလို တက္ကသိုလ်ဝင်တန်း အောင်မြင်သူတွေလည်း လျှောက်ထားနိုင်ပါတယ်။ သင်္ချာ၊ အင်္ဂလိပ် နှစ်ဘာသာပေါင်း ရမှတ်နဲ့ ဝင်ခွင့် ဆုံးဖြတ်ပါတယ်။ အဆိုပါ နှစ်ဘာသာ ပေါင်းရမှတ် သတ်မှတ်ချက်ဟာလည်း ကျောင်းအလိုက်၊ လျှောက်ထားသူများ အနေအထားပေါ် မူတည်ပါတယ်။ တက်ရောက်သူ နည်းတဲ့ နယ်ဘက်ကျောင်းတွေမှာ အမှတ် နည်းပါတယ်။

GTI ကျောင်းတွေမှာ ထူးချွန်စွာ အောင်မြင်သူတွေအနေနဲ့ TU တွေကို ပေါင်းကူးတက်ခွင့်ရှိပါတယ်။ TU တွေမှာ လေးနှစ်ဆက်တက်ပြီး အင်ဂျင်နီယာဘွဲ့ ရနိုင်ပါတယ်။ သို့သော် အရည်အချင်း ပြည့်မီသူများထဲက ၁၀ ရာခိုင်နှုန်းကိုသာ ခေါ်တာဖြစ်တဲ့အတွက် အတော်လေး ကြိုးစားရပါမယ်။

ယခုနှစ်အနေနဲ့ ထူးခြားချက်က မြန်မာအင်ဂျင်နီယာ လောကရဲ့ ဘိုးအေလို့ ဆိုနိုင်တဲ့ သက်တမ်းနှစ် ၁၀ဝ ကျော်ပြီဖြစ်တဲ့ အင်းစိန် GTI ပြန်လည် ဖွင့်လှစ်မှာပါ။ ဝင်ခွင့် ဖြေဆိုရမယ်လို့ သိရပါတယ်။

TU များရဲ့  ထူးခြားချက်

နိုင်ငံတကာ တက္ကသိုလ်တွေမှာ  အင်ဂျင်နီယာဘွဲ့ ရဖို့အတွက် လေးနှစ်သာ တက်ရောက်ရပါတယ်။ မြန်မာတက္ကသိုလ်တွေမှာ လက်ရှိစနစ်အရ ခြောက်နှစ် တက်ရပါတယ်။ အကြောင်းရင်းကတော့ စနစ်ဟောင်း မြန်မာ အခြခံပညာရေးစနစ်ဟာ KG + 10 (စုစုပေါင်း ၁၁ တန်း) ပညာရေးသာဖြစ်ပြီး နိုင်ငံတကာစံအရ အခြားနိုင်ငံတွေမှာ KG + 12 (၁၃ တန်း)  ပညာရေးဖြစ်တဲ့အတွက် နိုင်ငံတကာ အသိအမှတ်ပြု အင်ဂျင်နီယာဘွဲ့ ရတွေဖြစ်စေဖို့ ၂ နှစ်တိုးသင်ရကြောင်း သိရပါတယ်။  အဲ့ဒီအချက်ဟာ အခြားတက္ကသိုလ်တွေမှာ မရှိတဲ့ နည်းပညာ တက္ကသိုလ်တွေရဲ့ ထူးခြားချက်ပါ။

ပုံမှန်အားဖြင့် မြန်မာ တက္ကသိုလ်ဝင်တန်းအောင်တွေဟာ ပြည်ပ တက္ကသိုလ် အတော်များများမှာ တိုက်ရိုက် တက်လို့ မရပါဘူး။ သို့သော် အချို့ တက္ကသိုလ်တွေအနေနဲ့ ချွင်းချက်တွေ ရှိပါတယ်။ ဥပမာ - စင်ကာပူကျောင်းတွေမှာ ကျောင်းက သတ်မှတ်ထားတဲ့ SAT စာမေးပွဲအောင်ရင် တက်ခွင့်ရှိသလို ဂျပန်ကျောင်းတွေအနေနဲ့လည်း စတင် လက်ခံနေပြီလို့ သိရပါတယ်။ အဲ့ဒီအတွက် TU တက်နေသူတွေအနေနဲ့ ပထမနှစ်၊ ဒုတိယနှစ် တက်နေစဉ်အတွင်း ပြည်ပ တက္ကသိုလ်တွေမှာ တက်ရောက်ခွင့်ရဖို့ ကြိုးစားနိုင်ရင် ပြည်တွင်းမှာ ဘွဲ့ရမယ့်အချိန်နဲ့ မကွာဘဲ ပြည်ပက ဘွဲ့ကို  လေးနှစ်နဲ့ ရနိုင်ပါတယ်။

နိဂုံးချုပ်ဆိုရသော် မိမိဝါသနာပါရာ လမ်းကြောင်းကို ရွေးချယ်ပြီး မကြာခင် ထွက်ရှိမယ့် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်ပါ  ညွှန်ကြားချက်များအတိုင်း မှန်ကန်စွာ လျှောက်ထားနိုင်ပါစေရန် ဗဟုသုတ အနည်းငယ်ကို မျှဝေရေးသားလိုက်ရပါတယ်။

မေတ္တာဖြင့်
အုန်းဇင်လင်း(ပညာရေး)
http://thevoicemyanmar.com

Your rating: None Average: 5 (1 vote)