Photo

တောင်ကိုရီးယား Idols လူနေမှုဘဝ

By 8 Days Journal 19 June, 2015 - 14:19

Idol တစ်ယောက်ဖြစ်ဖို့ဆိုတာ အရင်ဆုံး ရုပ်ရည်လည်း အထိုက်အလျောက် ရှိမှဖြစ်ပါတယ်။  မျက်လုံးဟာ လှသင့်သလောက် မလှရင်ခွဲစိတ်ရမယ်။ နှာခေါင်းဟာ ချွန်သင့်သလောက် မချွန်ရင် ခွဲစိတ်ရပါမယ်။ ကိုရီးယားမှာ ဒီလို မျက်နှာပြုပြင် ခွဲစိတ်တာတွေဟာ ထမင်းစားရေသောက် သဘောမျိုးရှိတယ်။ သာမန်အရပ်သား အချင်းချင်း ခွဲစိတ်ထားတာ မြင်တဲ့အခါ နင်ခွဲစိတ်ထားတာလားလို့ မေးတာဟာ စော်ကားတဲ့ သဘောမျိုးနဲ့ မေးတာမျိုး မဟုတ်ပါဘူး၊ ဒါကြောင့် အနုပညာ အသိုင်းအဝိုင်းထဲမှာလည်း ဒီလိုမျိုး ခွဲစိတ်ပြုပြင်ရတာတွေ ရှိတယ်။ ဒါပေမဲ့ မခွဲမစိတ်ဘဲ ဒီအတိုင်းလှတဲ့ သူတွေလည်း ရှိတယ်လို့ သိရပါတယ်။ များသောအားဖြင့်  ခွဲစိတ်တဲ့အခါမှာ မျက်ရည်နဲ့ နှာခေါင်းတွေကို ခွဲစိတ်ကြတာများပါတယ်။

ဒါတွေ သင်ရတယ်

ကိုရီးယား Idols တွေဟာ လိင်ကိစ္စအကြောင်း မသီဆိုရပေမယ့် ခန္ဓာကိုယ်နေဟန်ထားကိုတော့ ညှို့ဓာတ်ကြွအောင် အသုံးပြုလို့ရတယ်လို့ အကြံပြုထားပါတယ်။ အမျိုးသမီး Idols တွေဟာ ဘယ်လိုရယ်ရမယ်၊ ဘယ်လိုပြုံးရမယ်၊ ဘယ်လိုထိုင်ရမယ်၊ အင်တာဗျူးမေးရင် သွက်သွက်လက်လက် တက်တက်ကြွကြွနဲ့ အန္တရာယ်ကင်းအောင် ဘယ်လိုပြန်ဖြေရမလဲဆိုတာ သင်ကြားကြရပါတယ်။ သဘာဝအရ ပြစ်ကင်းစင်တဲ့ ဟန်ပန်းလေးနဲ့ စွဲမက်ဖွယ်ရာ ပုံစံလေးဖြစ်နေအောင် သင်ကြားခြင်း ခံကြရတယ်။ ဥပမာအနေနဲ့ ၂၀၁၁ ခုနှစ်တုန်းက Girls' Generation က ယွန်းနာကို သူ့ရဲ့ စိတ်ကူးထဲက ချစ်သူလောင်းပုံစံကို မေးမြန်းရာမှာ သူ့ဆံပင်လေးတွေကို သပ်တဲ့ယောက်ျားမျိုးကို ကြိုက်တယ်တဲ့။ အဲဒီတော့ လီဆောင်ဂီက ယွန်းနာရဲ့ ဆံပင်တွေကို သပ်ရင် ချစ်စဖွယ်ဟန်းလေးနဲ့ မူတဲ့ဟန်လုပ်ပြတယ်။ ဒီလိုမျိုး ပုံစံလေးတွေဟာ ပရိသတ်ရင်ကို စွဲငြိစေတဲ့ ဟန်မူရာလေးတွေပဲဖြစ်ပါတယ်။

ယဉ်ကျေးမှု လွှမ်းမိုးခြင်း

ကိုရီးယားဟာ မိရိုးဖလာ ယဉ်ကျေးမှုနဲပ ဂလိုဘယ်ပေါ့ပ် ယဉ်ကျေးမှုတို့ ပေါင်းစပ်နေပေမယ့်လည်း ကိုရီးယားအများစုဟာ ကွန်ဖြူးရှပ်စ်ရဲ့ အတွေးအခေါ်တွေကို ခံယူကျင့်သုံးကြသူတွေ အများကြီးရှိနေဆဲဖြစ်ပါတယ်။ ကြီးသူကို ရိုသေ၊ အပြုအမှုကအစ ရိုသေလေးစားတဲ့ ဟန်ရှိရမယ် ဆိုတဲ့ စံသတ်မှတ်ချက်တွေ ရှိပါတယ်။ ဒါကြောင့် အနောက်တိုင်းမှာ ဘယ်လိုပဲ ပွင့်လင်းနေပေမယ့်လည်း ကိုရီးယား Idols တွေဟာ စံသတ်မှတ်ချက် တစ်ခုထဲမှာပဲ ရှိနေရတယ်။

စင်ပေါ်နဲ့ စင်အောက် ကွာခြားချက်

စင်ပေါ်မှာ ဘယ်လိုပဲ တွန့်လိမ်ကောက်ကွေး သီဆို ဖျော်ဖြေထားပေမယ့်လည်း စင်အောက်ရောက်တဲ့ အခါကျရင် လုံးဝ လူလေးစားဖွယ် innocent ပုံစံလေးဖြစ်အောင် ပြန်နေရပါတယ်။ အနောက်တိုင်းမှာတော့ အဆိုတော် ဂျက်စတင်ဘီဘာ၊ ရီဟားနားတို့ဟာ စင်ပေါ်နဲ့ စင်အောက် ပုံစံတွေဟာ အတူတူပဲဖြစ်ပါတယ်။ ကိုရီးယားမှာတော့ အဲဒီလိုမဟုတ်ပါဘူး။ စင်ပေါ်မှာလုပ်တဲ့ ဖျော်ဖြေမှုတွေအားလုံးဟာ ဖျော်ဖြေမှု သက်သက်နဲ့ပဲ ရှိရမယ်။ စင်အောက်မှာ အဲဒီလိုပုံစံမျိုး မရှိစေရဘူး။ ကိုယ့်ရဲ့ လက်ရှိလူနေမှုဘဝကို မထင်ဟပ်စေရဘူး။ အင်တာဗျူး လာမေးတဲ့အခါမှာလည်း လူတွေက ကိုယ့်ကို စင်ပေါ်က ပုံစံလိုထင်သွားအောင် မဖြေရဘူး။ မနေရဘူး။ ရိုကျိုးပြီး နှိမ့်ချတဲ့ပုံစံနဲ့ပဲ နေရမယ်။ ယဉ်ကျေးစဖွယ်အပြုအမှု ရှိရမယ်။ ဂျီနဂါးတောင်မှ အင်တာဗျူးဖြေတဲ့ အခါကျရင် ယဉ်ကျေးပြီး နှိမ်ချတဲ့ ဟန်ရှိတာကို မြင်တွေ့ရပါလိမ့်မယ်။

အရှေ့နဲ့အနောက် မတူညီမှု

ကိုရီးယားက Idols တွေမှာ မိန်းမတွေထက် ယောက်ျားတွေဟာ ပြည်ပက Idols တွေနဲ့ယှဉ်ရင် တစ်ပန်းရှုံးတဲ့ အချက်တစ်ခု ရှိပါတယ်။ အဲဒါကတော့ ရုပ်ပိုင်းဆိုင်ရာ အသားပေးပြီး ဖန်စီဖြစ်လွန်းနေတဲ့ အချက်ပါပဲ။ F4 မင်းသားတစ်ယောက်ဖြစ်တဲ့ ကင်ဟွန်ဂျောင်ဆိုရင် ပရိသတ်အများကြီး ပိုင်ဆိုင်ထားတဲ့ Idol တစ်ယောက်ပါ။ ဒါပေမဲ့ ဥရောပနဲ့ အမေရိကားမှာတော့ ဒီလိုမျိုးရုပ်ရည်ဟာ မိန်းမတအား ဆန်လွန်းတယ်လို့ သတ်မှတ်ခြင်း ခံထားရပါတယ်။ ဒါကြောင့် တချို့က Idols စံဟာ စံလွဲနေတယ်လို့ ဝေဖန်ကြတယ်။ ယောက်ျားတွေ အတွက် မိန်းမထုရဲ့ အသည်းနှလုံးကိုရဖို့ ယောက်ျားပီသမှုထက် ရုပ်ရည်ချောမောမှုကို ဦးစားပေးလွန်းနေတယ်လို့ ဝေဖန်ကြတယ်။ တချို့နိုင်ငံတွေကဆို မိန်းမလိုတောင် ထင်ကြတာတွေ ရှိကြပါတယ်။

သီဟပျံချီ

No votes yet